Wednesday, June 15, 2011

ပုဂံမှ . . . မျှော်လင့်ချက် တိမ်တိုက်လေးများ

မြတိမ်လိပ်က အပြိုင်ပြိုင် ညာလယ်ရစ်သန်း လျှပ်ပန်းကအဆိုင်ဆိုင်---။   အနောက်ဘက် တန့်ကြည်တောင်တန်းတစ်လျှောက် ကောင်းကင်ယံတွင် တိမ်စိုင်တိမ်လိပ်များသည် မထင်မှတ်ဘဲ ရောက်ရှိလာကာ သူတို့ အချင်းချင်း ပခုံးချင်းဆက်၊ လက်ချင်းယှက် မိတ်ဖွဲ့သွားကြသည်---။ အချိန်ခဏ အတွင်း၌ပင် တန့်ကြည် တောင်တန်းကြီးထက် သာသော တိမ်တောင်၊ တိမ်တိုက်ကြီးတစ်ခု အပြိုင် ပေါ်ထွန်းလာသည်။ မာန်စွယ်ကျိုးစ နေ၀န်းညိုသည် တန့်ကြည်တောင်စွယ် မရောက်မီ လမ်းခုလပ်၌ပင် တိမ်သလ္လာ ကွန်ရက်၏ ဖုံးအုပ်လွှမ်းခြုံမှုကို ခံလိုက်ရ၏။ ကျွန်တော်တို့ မျှော်လင့်ထားသော ပုဂံနေ၀င်ချိန် အလှလေး ရနိုင်တော့မည် မဟုတ်။ မိတ်ဆွေ ဓာတ်ပုံသမားထံမှ အလိုမကျသည့် သက်ပြင်းချသံ တိုးတိုးကို ကြားလိုက်ရသော်လည်း မိုးသက်လေ အေးအေး၏ အရသာကိုမူ သူရော ကျွန်တော်ပါ နှစ်ခြိုက်စွာ ခံစားမိကြသည်။  


ကျွန်တော်နှင့် မိတ်ဆွေတို့သည် ပုဂံနေ၀င်ချိန် အလှရိုက်ရန် ရွှေဆံတော် ဘုရားပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ကျွန်တော်မှာ ဒေသခံ ဖြစ်ပြီး မိတ်ဆွေမှာ ဧည့်သည် ဖြစ်သည်။ ကျွန်တော်တို့နှင့်အတူ ဘုရားပေါ်တွင် ဥရောပသား ဟိုတစ်စု ဒီတစ်စုနှင့် ထိုင်းခရီးသွားတစ်ဖွဲ့ ရှိသည်။ တချို့မှာ ဘုရားအောက်သို့ ပြန်ဆင်းကြကုန်၏။ ရွှေဆံတော်ဘုရားသည် အနော်ရထာမင်း၏ ကောင်းမှုတော် ဖြစ်သည်။ ပစ္စယာ အဆင့်ဆင့် လှေကားထစ်များမှာ မတ်စောက်လှသဖြင့် ခရီးသွားများ အတက်ရော အဆင်းပါ ဂရုတစိုက် ဆင်းကြရသည်။ ဧည့်လမ်းညွှန်သူတစ်ဦး၏ ဧည့်သည် ဥရောပသူ အမျိုးသမီးကြီးကို ဆင်းရခက်နေလျှင် လက်ရမ်းကို ကိုင်ပြီး နောက်ပြန်ဆင်းရန် အကြံပြုနေသည်။ ရံဖန်ရံခါ လေက ခပ်ထန်ထန်လေး တိုက်လိုက်သေးသည်။   'သူငယ်ချင်းရာ ကြည့်ပါဦး----' မိတ်ဆွေဖြစ်သူ၏ အသံကို ကင်မရာမောင်းခလုတ် နှိပ်သံနှင့်အတူ ကြားလိုက်ရသည်။ သူချိန်ရွယ် ရိုက်လိုက်သော နေရာသို့ ကြည့်လိုက်မိ၏။ ကျွန်တော်တို့ တည်ရှိရာ ဘုရား၏ ခြေတော်ရင်း၊ လှေကားအဆင်းနေရာ ဖြစ်သည်။ ပုဂံနေ၀င်ချိန် အလှ ကြည့်ရှုခွင့် မရလိုက်၍ စိတ်ပျက်လက်ပျက် ဆင်းသွားကြသော ပြည်ပ ဧည့်သည်များအား ဈေးသည်များ ၀ိုင်းနေသည်ကို တွေ့ရသည်။ အထည်ရောင်းသူ၊ ပန်းချီကားရောင်းသူ၊ ယွန်းရောင်းသူ၊ ပို့စကတ်၊ လက်ကောက် စသည်ဖြင့် ရောင်းချသူ ကျားမအရွယ်စုံ တွေ့ရသည်။ တချို့က ခြင်းလေးတွေ ဆွဲလျက်၊ တချို့က လွယ်အိတ်ကလေးတွေ လွယ်လျက်၊ ကိုယ့်ပစ္စည်းလေးများကို ဧည့်သည် ဂရုစိုက်မိအောင် မျက်နှာရှေ့ မြှောက်ကာဝဲကာဖြင့် ဈေးခေါ်ဈေးစပ် လုပ်နေကြသည်။ ဧည့်သည် ဆန္ဒရှိသည် မရှိသည်ကို သူတို့ ဂရုထားမိဟန်လည်း မပေါ်--။ ပုဂံနေ၀င်ချိန် အလှရိုက်ချင်လှသော မိတ်ဆွေ၏ အာရုံပြောင်းသွားသည်။ အမှတ်တရပစ္စည်း ရောင်းချသော ဈေးသည်များ အ၀ိုင်းခံနေရသည့် ဧည့်သည်များထံ ရောက်သွားသည်။ ယခုလို မြင်တွေ့ရသည့် အခြေအနေမျိုးတွေသည် ရေရှည်တွင် ခရီးသွား လုပ်ငန်းကို ထိခိုက်လာနိုင်ကြောင်း၊ ဧည့်သည်များ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ ကိုယ့်နိုင်ငံလည်း သိက္ခာကျဆင်းကြောင်း၊ တားမြစ် အရေးယူသင့်ကြောင်း၊ စည်းကမ်းတကျ ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း မိတ်ဆွေက ကျွန်တော့်ကို ပြောသည်။ ပြောရင်းမှ မြင်ကွင်းအစုံစုံကို ဓာတ်ပုံရိုက်ယူနေရာ မောင်းခလုတ် နှိပ်သံသည် သူ့စကားသံများကို ပုဒ်ထီးပုဒ်မ ဖြတ်တောက်ပေးသည်နှင့်ပင် တူသေး၏။ တကယ်တော့ မြင်ကွင်းများသည် လည်းကောင်း၊ မိတ်ဆွေပြောသော စကားများသည် လည်းကောင်း ဒေသခံ ကျွန်တော့်အဖို့တော့ မစိမ်းတော့ပါ။ ဈေး၊ သင်္ဘောဆိပ်၊ ဘုရားစေတီများတွင် ခုလို မြင်ကွင်းများ မြင်တွေ့နေကြ ဖြစ်သည်။ မြင်ကွင်းများအပေါ် အခြားဒေသမှ လာသော ဧည့်သည်များ၏ ဝေဖန်သံများလည်း အမြဲ ကြားခဲ့ရဖူးပြီ။ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ် ကလေးငယ် သုံးလေးဦး စက်ဘီးတွန်း ထွက်ခွာစပြုသော နိုင်ငံခြားသား ဧည့်သည်နောက် ပို့စကတ်တွဲလေး ဖြန့်ကာ ကပ်လိုက်နေသည်။ ဈေးစပ်နေကြသည်။ ဒေသခေါ် ဘိဇိနက်မန်းလေးတွေပေါ့။   ဧည့်သည်က ၀ယ်ရန် ဆန္ဒမရှိကြောင်း ငြင်းဆိုနေသည်။ မိတ်ဆွေက ကင်မရာ အမိအရ ချိန်ပြီး မောင်းခလုတ် နှိပ်လိုက်သည်။ သူလည်း ဂျာနယ်လစ်ပေကိုး။ ကျွန်တော့်မှာတော့ ခုလိုမြင်ကွင်းမျိုး မြင်တိုင်း ဓာတ်ပုံရိုက်ဖို့ နေနေသာသာ ကျောင်းဆရာ/ဆရာမနောက် လိုက်နေရမည့် အချိန်မှာ ဘာကြောင့်များ နိုင်ငံခြားသား ဧည့်သည်နောက် အငြိုငြင်ခံ လိုက်နေကြပါလိမ့်လို့ အစချီပြီး တွေးလိုက်တဲ့ အတွေးဟာ မြစ်ကို အလျားလိုက် ကူးမိသလိုပါပဲ။   'အရင်းက တစ်ပုံမှ သုံးဆယ့် ငါးကျပ်၊ တစ်တွဲကို သုံးရာ့ငါးဆယ် နိုင်ငံခြားသားကို တစ်ဒေါ်လာနဲ့ ရောင်းရင် ခြောက်ရာခုနစ်ရာတော့ ကျန်တယ် ဦးရဲ့၊ တစ်နေ့ သုံးလေးယောက် ရောင်းရရင် အိုကေပဲ' ဆယ့်သုံးနှစ်အရွယ် ဘိဇိနက်မန်းလေးတစ်ဦး ရင်လေးကော့ကာ ရှင်းပြဖူးသည်ကို ပြန်မြင်ယောင်မိသည်။ မနက်ပိုင်း ကျောင်းပျက်ခံပြီး အဆိုပါ ကလေးမှာ ဈေးရောင်းရရှာသည်။ 'ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ဒီဒေသက ဈေးရောင်းတဲ့ ကလေးငယ်တွေ လိင်အလွဲသုံးစားမှု ဖြစ်ကြတယ်ဆိုတာ အမှန်ပဲလား' ဈေးသည်ကလေးမ တစ်သိုက်နှင့် ဧည့်သည်တို့ထံမှ ဘာအတွက်ကြောင့်မသိ ၀ါးကနဲ ပွဲကျ ရယ်မောသံ ထွက်လာပြီးနောက် မိတ်ဆွေက မေးလိုက်ခြင်း ဖြစ်သည်။ သူမေးမှ ကျွန်တော်ဖတ်ဖူးသည့် ဆရာဝင်းနိုင်ထွန်း ရေးသည့် 'ရေနစ်သူဝါးကူထိုးသူများ'စာအုပ်မှ ဗီယက်နမ် နိုင်ငံအကြောင်း သတိရမိသည်။ ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း လက်ရှိ အခြေအနေတွင် ကျွန်တော်တို့ နိုင်ငံထက် အဆများစွာသာသည်။ သို့ရာတွင် အခြား တစ်ဖက် ခရီးသွားလုပ်ငန်း၏ Side affect အနေဖြင့် ကလေးများနှင့် ပျော်ပါးလိုသည့် ခရီးသွားလုပ်ငန်း၏ ဦးတည်ရာ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေသည်။ အဆိုပါ နိုင်ငံ၏ လူကုန်ကူးမှု အမျိုးအစားများကို ခွဲခြား စိစစ်ရာတွင် မွေးကင်းစ ကလေးငယ်များ၊ သန္ဓေသားများနှင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကုန်ကူးခြင်း၊ ကလေးများ အရောင်းအ၀ယ် ပြုလုပ်ရာတွင် အသုံးပြုရန် အတွက် ကလေးမွေးစားမှု ဆိုင်ရာ စားတမ်း အတု ပြုလုပ်ခြင်းများ တွေ့ရှိနေရသည်ဟု ဆို၏။ ဗီယက်နမ်နိုင်ငံသည် အဓမ္မ အလုပ်ခိုင်းစေရန်၊ လိင်အမြတ်ထုတ်ရန်နှင့် လက်ထပ်ထိမ်းမြားရန်တို့ အတွက် ရည်ရွယ်ပြီး လူကုန်ကူးခံရကြောင်း သိရသည်။ 'မနှစ်က ရှားရှားပါးပါး အမေရိကန် နိုင်ငံခြားသား တစ်ဦးနဲ့ ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး Homosexual case တစ်ခု ရှိခဲ့ပါတယ်။ ဒါလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူပြီးပါပြီ။ တခြား ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ကလေးသူငယ် လိင်အလွဲသုံးစား ဖြစ်ပွားတဲ့ အမှုမျိုး မရှိသေးပါဘူး။' မြို့နယ် ကလေးသူငယ် အခွင့်ရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ TCRC မှ တာဝန်ရှိသူတစ်ဦး ပြောဖူးပါသည်။ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ ဒေသသည် ဗီယက်နမ် နိုင်ငံလောက် ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးသေး သကဲ့သို့ သူတို့နိုင်ငံ ကြုံတွေ့နေရသည့် ပြဿနာမျိုးနှင့်လည်း ကွာဝေးနေပါသေးသည်။ ကျွန်တော်က မိတ်ဆွေကို အထက်က အကြောင်းအရာတွေ ပြောပြသောအခါ'မှ တရားဝင် အမှုဖွင့် အရေးယူတာမျိုး မရှိပေမယ့် ကျူးလွန်နေတဲ့ သူတွေ၊ ပြုကျင့် ခံရတဲ့သူတွေ ရှိနိုင်တယ်'ဟု ပြောပါသည်။   ကျွန်တော်တို့ နိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် တစ်နှစ်ထက်တစ်နှစ် သိသာစွာ ဖွံ့ဖြိုးတိုးတက်လာပါသည်။ အလားတူ ကျွန်တော်တို့၏ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့လည်း နှစ်စဉ် ခရီးသွား ၀င်ရောက်မှု သိသာစွာ များပြားလာပါသည်။ ရှေ့နှစ် ရာသီများတွင် ပိုမို ကောင်းမွန်မည်ဟုလည်း သိရသည်။ ခရီးသွားလုပ်ငန်း မြင့်တက်လာခြင်းနှင့်အတူ ဒေသခံများ၏ လူနေမှုဘ၀ မြင့်မား တိုးတက်လာရေးသည် များစွာ အရေးပါလှသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရာ ကျွန်တော်တို့ ဒေသ၏ ဈေးများ၊ သင်္ဘောဆိပ်များ၊ စေတီ ပုထိုးဝန်းကျင်များရှိ တစ်နေ့ဝမ်းစာ၊ တစ်နေ့ ရှာဖွေစားသောက်နေရသော ပညာဖြောင့်တန်းစွာ သင်ယူနိုင်စွမ်း မရှိသည့် ဈေးသည်ကလေးငယ်များ၏ ဘ၀ရှေ့ရေးသည် အရေးကြီးလှပါသည်။   ခရီးသွားလုပ်ငန်း မည်မျှ ဖွံ့ဖြိုးတိုးတက်သည် ဖြစ်စေ သူတို့ကလေးတွေ၏ လူ့စွမ်းအား အရင်းအမြစ် မဖွံ့ဖြိုးသေးသ၍ ဒေသဖွံ့ဖြိုးမှု ပြည့်စုံလိမ့်မည် မထင်ပါ။ ကလေးငယ်များ ခရီးသွားလုပ်ငန်းအပေါ် ဖြစ်သလို၊ ကြုံသလို မှီခိုရှင်သန်နေရသည်ကို ကြည့်၍ ''အမှားထောက်ပြ နေရုံဖြင့်လည်း အမှန်ရောက်လိမ့်မည် မထင်ပါ'' တတ်အားသရွေ့ ကူညီရိုင်းပင်းကြစေချင်ပါသည်။
  Written by ကိုနော် (ပုဂံ)

No comments:

Post a Comment