လူထိန်းရတဲ့ ယာဉ်ထိန်း ခင်မောင်ညို (ဘောဂဗေဒ)
ရန်ကုန်ကလမ်းတွေပေါ်မှာ ပုံမှန်သွားလာနေသူတစ်ယောက်အနေနဲ့တော့ လမ်းသွားရတာကို သိပ်သဘောမကျလှပါဘူး။ဖြစ်နိုင်ရင်တော့ မသွားရတာကိုဘဲ ပိုသဘောကျပါတယ်။ အထူးသဖြင့်တော့ ညဘက်သွားတဲ့အခါမျိုးဆိုရင်လမ်းတွေရှင်းတတ်ပေမဲ့ သွားရလာရတာကို ဝန်လေးတတ်ပါတယ်။ တစ်လောတုန်းကတော့ “ရန်ကုန်ကလမ်းတွေမှာယာဉ်ထိန်းရဲတွေ မတွေ့ဘူး ယာဉ်ထိန်းရဲတွေရှိဖို့လိုတယ်၊ စည်းကမ်းချိုးဖောက်တာတွေကိုထိန်းသိမ်းဖို့လိုတယ်” ဆိုတဲ့အကြောင်း မိတ်ဆွေတစ်ယောက်ကိုပြောပြဖူးပါတယ်။ အဲဒီအခါကျရန်ကုန်မှာ ယာဉ်ထိန်းရဲ ဒီလောက်များများစားစား မရှိတဲ့အကြောင်း စည်းကမ်းချိုး ဖောက်တာတွေကိုမထိန်းနိုင် မသိမ်းနိုင်တဲ့အကြောင်း သူက တဆင့်ပြန်ပြောတာကို ကြားဖူးပါတယ်။ တစ်ခါတစ်ခါမှာတော့ယာဉ်ထိန်းရဲတွေ အလုပ်လုပ်နေတာ ကို တွေ့ရသလို၊ ယာဉ်ထိန်းရဲမရှိနေရာတွေ တွေ့တဲ့အခါမှာစောစောက မိတ်ဆွေပြောတဲ့ ရန်ကုန်မှာရှိတဲ့ ယာဉ်ထိန်းရဲက အရေအတွက် နည်းနေတယ်ဆိုတဲ့ စကားကိုပဲပြန်ကြားမိပါတယ်။
ကိုယ်တိုင်တော့ယာဉ်ထိန်းရဲတွေနဲ့ ထိတွေ့မှုက နည်းပါတယ်။ ကိုယ်ကိုတိုင်ကလည်း ကားမမောင်းတတ်တော့ ပြဿနာဆိုတာမရှိပါဘူး။ တစ်ခါတစ်လေမှာ မီးပွိုင့်တွေ၊ လမ်းဆုံလမ်းခွတွေမှာ လမ်းပြောင်းပြန်မောင်းလာတတ်တဲ့ယာဉ်တွေကိုတွေ့တဲ့ အခါမှာ အတော် အသည်းယားပါတယ်။ အဲဒီလို လမ်းပြောင်းပြန် မောင်းလာတဲ့သူကစည်းမဲ့၊ ကမ်းမဲ့ လုပ်လာတာ မှန်ပေမယ့် ကိုယ်ကပဲ ရှောင်တိမ်းပေးလိုက်ရတာ များပါတယ်။တစ်ခါတစ်လေကျတော့ အဲဒီလို လမ်းပြောင်းပြန်မောင်းလာတာဟာ တစ်စီးတည်းမကဘဲနဲ့ တစ်တွဲလိုက်ကြီးဖြစ်နေတဲ့အခြေအနေမျိုးမှာ ယာဉ်ထိန်းတွေ ဘယ်လိုထိန်းမလဲဆိုတာ တော်တော် စဉ်းစားကြည့်ရဖူးပါတယ်။တစ်ခါတစ်လေကျတော့ ဘယ်နားမှာ စည်းမဲ့၊ ကမ်းမဲ့ ရပ်ထားတဲ့ကားကို ကရိန်းနဲ့ လာပြီးတော့ဆွဲသွားတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ ဒါကလည်း တစ်ခါတစ်လေလောက်ဖြစ်နိုင်ပြီးတော့ ကိုယ့်မျက်စိရှေ့မှာလည်းတစ်ခါမှ ကရိန်းနဲ့ ဆွဲသွားတာ မတွေ့ရဖူးပါဘူး။ တကယ်တမ်းကျတော့ ဆွဲတဲ့သူလည်း နိုင်အောင်မဆွဲနိုင်ဘူးနဲ့တူပါတယ်။အဲဒီလိုဖြစ်တဲ့ကြားထဲမှာ ဆွဲသွားတဲ့ကားထဲမှာလဲ လေးစီးမှာ တစ်စီးလောက်က လိုင်စင်မဲ့ကားတွေဖြစ်နေတာကိုတစ်ခါကြားရပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတော့မိတ်ဆွေ တစ်ယောက်က ရန်ကုန်မှာအင်အားတိုးချဲ့ဖို့ တပ်ဖွဲ့အသီးသီးက စံချိန်တစ်ခုသတ်မှတ်ပြီးယာဉ်ထိန်းရဲတွေအဖြစ် တာဝန်ပေးဖို့ ရဲ (၁၅၀) လောက် ခေါ်ထားတယ်။ အဲဒီရဲတွေကို နှစ်သုတ်ခွဲပြီးတော့ဆရာက သင်တန်းပေး ပေးပါဆိုပြီးတော့ ဖိတ်ကြားပါတယ်။ နေမကောင်းတော့ ပြောရဆိုရမှာ ဝန်လေးနေပေမယ့်၊ပြည်သူ့ဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ပြည်သူ့ ဝန်ထမ်းတွေရဲ့ အရည်အသွေးမြင့်မားရေးအတွက်တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့ လက်ခံလိုက်ပါတယ်။
ဒီကြားထဲမှာ ယာဉ်ထိန်းရဲနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊နိုင်ငံတကာမှာ လုပ်နေတဲ့ လုပ်ငန်းတွေကို လိုက်ပြီးတော့ ဖတ်တယ်၊ လေ့လာတယ်။ နောက်ပြီးတော့မြန်မာနိုင်ငံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များကိုလည်း အခုယာဉ်ထိန်းရဲတွေကို ဘယ်လိုစည်းကမ်းတွေချမှတ်ထားသလဲ၊ ဘယ်လိုလုပ်ငန်းတွေ တာဝန်ပေးထားသလဲဆိုတာ သိချင်ပါတယ် လာပြောပြရင်လည်းပြောပြပါ၊ ဒါမှမဟုတ်ရင်လည်း ထုတ်ဝေတဲ့ စာအုပ်စာတမ်းရှိရင်လည်း ပေးပါဆိုတော့ သူတို့ကထုတ်ထားတဲ့ လက်စွဲစာအုပ်လေး တွေကို လာပြီးတော့ပေးပါတယ်။
အဲဒါနဲ့တင်ကိုယ့်ရဲ့အတွေ့အကြုံကမပြည့်စုံ သေးဘူးလို့ ထင်ပါတယ်။ ဒါနဲ့ အင်တာနက်ကိုသုံးနေကျဆိုတော့ အင်တာနက်ကို အားကိုး၊Facebook ကို အားကိုးပြီးတော့ ယာဉ်ထိန်းရဲတွေကို ဘယ်လိုအကြံပြုမလဲဆိုတဲ့ မေးခွန်းတွေFacebook ပေါ်မှာ တင်ပေးလိုက်ပါတယ်။ ရလာတဲ့ ရလဒ်ကလေးကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း မတူကြတာ၊ ရှုထောင့်အမျိုးမျိုး ပြောကြတာတွေ တွေ့ရပါတယ်။
အဲဒီအထဲမှာလမ်းစည်းကမ်းတွေ ဆင့်ကဲပညာပေးတာကို အများပြည်သူတွေစိတ်ဝင်စားတဲ့ မီဒီယာအစီအစဉ်ကနေတဆင့်ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးပါဆိုတဲ့ အဆိုပြုချက်ပါတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေကျ လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းတွေ မသိတဲ့အတွက် စည်းကမ်း ချိုးဖောက်တာတွေရှိသလိုပဲ၊ သိရဲ့နဲ့ချိုးဖောက်တာတွေလည်းရှိတတ်ပါတယ်။ နောက်တစ်ခုကတော့ လမ်း ကြောင်းရှင်းပေးရုံလောက်နှင့် မလုံလောက်ပါဘူးတဲ့အချို့နေရာထဲမှာ ရပ်ထားတဲ့ ယာဉ်တွေကိုလည်း ဆွဲသင့်ပါတယ်။ အဲဒီတော့ ဟိုနေရာတစ်မျိုး၊ဒီနေရာတစ်မျိုးမလုပ်ပါနဲ့လို့ ဝေဖန်ချက်ကိုလည်းတွေ့ရပါတယ်။ ဒါကလည်း နိုင်အောင်မဆွဲနိုင်ဘူးထင်ပါရဲ့။လမ်းပေါ်မှာရှိတဲ့ လမ်းအမှတ်အသားတွေ၊ ဆိုင်းပုဒ်ကိုတွေကို အမြဲထင်ထင်ရှားရှားဖြစ်နေအောင်၊အလွယ်တကူ ရှင်းလင်းပေးဖို့ မြင်နိုင်အောင် ထိန်းသိမ်းပေးပါလို့ အကြံပြုချက်လည်းတွေ့ရပါတယ်။ကျွန်တော်ဆိုရင် ကားသိပ်မောင်းလို့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်ကိုယ့်လမ်းကြောင်းကို ဘယ်မီးပွိုင့်ကိုကြည့်ရမလဲဆိုတာ၊မသိပါဘူး။ တစ်ခါတစ်လေကျတော့ မီးပွိုင့်တွေကို ဖုံးကွယ်နေတဲ့ သစ်ပင်တွေ၊ သစ်ကိုင်းတွေကြော်ငြာဘုတ် တွေ၊ ဒါမျိုးတွေ ရှင်းပေးပါဆိုတဲ့ အကြုံပြုတာတွေ့ရပါတယ်။ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေကို မလိုက်နာတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ၊ လမ်းအသုံးပြုသူတွေကိုကျောသား၊ ရင်သားမခွဲခြားဘဲ ပစ်ဒဏ်တိုးမြင့်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ပေးပါလို့အကြုံပြုတာလည်း ရှိပါတယ်။ တခြားဆရာတစ်ယောက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုထိထိရောက်ရောက် အကောင်အထည်ဖော်ပေးစေချင်တယ်။ ကိုယ့်တာဝန်ကို တိတိကျကျ တာဝန် ယူစေချင်တယ်။ယာဉ်ထိန်းတပ်ဖွဲ့ စွမ်းအားနဲ့ ပြည်သူတွေ ဘေးကင်းပါစေလို့ စေတနာရင်မှာထားပြီးတော့ တာဝန်ထမ်း ဆောင်ပါလို့ ပြောတာတွေ့ရတယ်။
နောက်တစ်ယောက်ကတော့မီးပွိုင့်ကြီးတွေမှာ တခြမ်းစီကို အကြာကြီး စိမ်းပြီးတော့ နောက်တစ်ခြမ်းက အရမ်းကြပ်တယ်ဆိုတဲ့အခက်အခဲကို တင်ပြတာကိုလည်း တွေ့ရပါတယ်။ နောက်တစ်ယောက်ကတော့ ယာဉ်ထိန်းတွေ ကို ယာဉ်မောင်းတွေနဲ့နေရာလဲပေးစေချင်ပါသတဲ့။ ဒါကတော့ လက်တွေ့သိပ်မကျပါဘူး။ နောက် သတင်းထောက်တစ်ယောက်၊ အယ်ဒီတာတစ်ယောက်ကတော့ဘတ်စကားတွေက ပိုက်ဆံ ပစ်ပေးတာကို လက်မခံပါနဲ့၊ ပွိုင့်လွတ်ဖို့ သူတို့လက်ထဲမှာရှိတဲ့အတွက်အများပြည်သူ အတွက် ဝန်ဆောင်မှု ကောင်းကောင်းပေးပါလို့ ပြောတာတွေ့ရပါတယ်။ ယာဉ်ထိန်းများကိုညွှန်ကြားထားတဲ့အထဲ မှာလည်း စီးကရက်တွေ၊ ကွမ်းယာတွေ တောင်းမစားပါနဲ့။ သူတို့ မီးပွိုင့်ပတ်ဝန်းကျင်မှာ ဈေးရောင်းတဲ့သူတွေ ရှင်းအောင် လုပ်ထားပါဆိုတဲ့ သတ်မှတ်ချက်တွေပါတာကိုလည်းတွေ့ရပါတယ်။
ဒီအပြင်“ဆရာကဘာသွားပြောမှာမို့လိုလဲ၊ ဆရာပြောတော့ကော နားထောင်မှာမို့လို့လား၊ ပြောတော့လည်းမထူးပါဘူး။တကယ် အကြံပေးရင် ကော တကယ်ယူမှာလား” ဆိုတဲ့ ဆွေးနွေးချက်တွေ သံသယ စကားတွေလည်း တွေ့ရပါတယ်။ဒါတွေကလည်း တကယ်တမ်းတော့ သဘာဝကျပါတယ်။
အဲဒီအကြံပြုချက်တွေကိုယူသွားပြီးတော့ ဟိုမှာ ယာဉ်ထိန်းတွေနဲ့ ပြောတဲ့အခါ၊ သူတို့ကို ဘယ်လိုမြင်ကြတယ်၊ သူတို့ကိုအကောင်းမြင်တဲ့ သူတွေရှိတယ်၊ သံသယနဲ့ မြင်တဲ့သူလည်းရှိတယ်။ ဘာပြောပြောမထူးဘူးလို့ မြင်တဲ့သူလည်းရှိတယ်ဆိုတာအများပြည်သူရဲ့ အသံတွေ သူတို့ မြင်တွေ့ရအောင် ပြောခဲ့ပါတယ်။ နှစ်နေရာခွဲပြီးတော့ ပြောတဲ့အခါမှာအများ အားဖြင့် အသက် (၂၀) ကျော်ကနေပြီးတော့ (၃၀) ကျော်အထိ ပါပြီး သာမန်ရဲကနေ ယာဉ်ထိန်းနယ်ပယ်ထဲကိုဝင်ကြမယ့်သူများ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေဟာ အများအားဖြင့် ပြည်သူကို ကြီးကြပ်တာ၊ထိန်းသိမ်းတာတွေ လုပ်ဖို့ထက် ပြည်သူတွေ လုပ်ငန်းကိုင်ငန်း သွားလာလို့ လွယ်ကူအောင်၊ချောမွေ့အောင်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းအောင်၊ ယာဉ်ကြောပိတ်ဆို့တာတွေကိုလျော့ပေါ့စေဖို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သင်ပေးပါတယ်။
သူတို့နဲ့ဆွေးနွေးတဲ့အခါမှာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေအပြင် အများပြည်သူတွေအပေါ်မှာ စေတနာထားဖို့၊ မေတ္တာထားဖို့တွေလည်းလိုအပ်တဲ့အကြောင်းပြောပြပါတယ်။ အများပြည်သူကို စေတနာထားရင်၊ အများပြည်သူရဲ့ စေတနာထားတာ၊မေတ္တာထားတာ ခံရမယ်ဆိုတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကိုယ့်တွေကြုံနေရတဲ့ အခက်အခဲတွေကိုလည်းဆွေးနွေးပါတယ်။ ဝိုင်းပြီးတော့ အကြံပြုတဲ့အထဲမှာ တချို့က ပြစ်ဒဏ် များများပေးသင့်တယ်လို့ယူဆတယ်၊ တချို့က နည်းနည်းပဲ ပေးပါလို့ဆိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူပါဘူး။
ဒါကိုလည်းသူတို့ပြန်ဆွေးနွေးပါတယ်။ ပစ်ဒဏ် မကြာခဏ ကျူးလွန်တဲ့သူတွေ၊ ပြစ်ဒဏ် ကျူးလွန်တဲ့ စည်းကမ်းဖောက်ဖျက်မှုဒဏ်ကိုခံရတဲ့သူတွေက ပစ်ဒဏ်ကြီးကြီးမားမား ပေးစေချင်ကြပါတယ်။ တဖက်ကတော့ လည်း စည်းကမ်း မကြာခဏဖောက်ဖျက်တဲ့သူတွေက ပစ်ဒဏ်လျော့ပေါ့ စေချင်သလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ လူငယ်တွေဖြစ်တဲ့အတွက်ဆွေးနွေးလို့လည်း ကောင်းပါတယ်။ သူတို့နဲ့ဓာတ်ပုံရိုက်ချင်ကြ၊ ပြုချင်ကြဆိုတော့ ရိုက်ကြတာပေါ့ဆိုပြီးတော့ဒီလို ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါးပါပဲ ဓာတ်ပုံတွေရိုက်ကြတယ်၊ ကျွန်တော်လည်းရိုက်တယ်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေး သင်တန်းကပြန်လာတယ်ဆိုတဲ့အကြောင်းကို Facebook အပေါ်မှာပဲတင်လိုက်ပါတယ်။ အဲလို တင်လိုက်တဲ့အခါမှာ နှစ်ရက်စလုံးမှာပဲ ဝေဖန်ချက်တွေ၊ အမျိုးမျိုးပေါ်လာတာတွေ့ရပါတယ်။အများအားဖြင့် ကတော့ မယုံမကြည်ရှိတဲ့ ဝေဖန်ချက်တွေ အများဆုံးတွေ့ရတယ်။ ဒီလို မယုံမကြည်ရှိကြမယ်ဆိုတာကိုလည်းမျှော်လင့်ထား ပြီးသားပါ။ ပြည်သူ့ဝန်ထမ်းကောင်းတစ်ယောက်အနေနဲ့ စေတနာထားဖို့၊ မေတ္တာထားဖို့သွား ပြီးတော့ သင်ကြား၊ ဟောပြောခဲ့တာဖြစ်ပါတယ်။ အဲဒါကိုပဲ “လောဘသမားတွေကို ဘောဂဗေဒသမားကသွားသင်တယ်။ သခိုး ဓားရိုးကမ်းတယ်” စသဖြင့် တော်တော် အဆိုးမြင်တဲ့ရှုထောင့်ကနေပြီးတော့ဝေဖန်ကြတာတွေလည်း တွေ့ရပါတယ်။ အဲဒီလို ဝေဖန်မှုကြောင့် အများပြည်သူရဲ့ ယုံကြည်မှုလိုအပ်နေတဲ့အကြောင်း၊အများပြည်သူတွေရဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုတဲ့အကြောင်းကိုလည်း ကျွန်တော်သူတို့ကိုပြန်ပြီးတော့ပြောဖြစ်ပါတယ်။ ပြည်သူနဲ့ အစိုရအကြား၊ ပြည်သူနဲ့ ပြည်သူ့ဝန်ထမ်းတွေ အကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေတယ်၊ ဒီလိုယုံကြည်မှုကလည်း ရေရှည် တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့်ကျွန်တော်က ဒီရက်ပိုင်းမှာပဲ “ပြည်သူ့ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေ၊ စွမ်းအင်တွေမြင့်မားအောင်ဆောင်ရွက်ပေးနိုင်ရင၊် ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျင့်စရိတ္တ တွေကောင်းမွန်အောင်၊ ဆောင်ရွက်မပေးနိုင်ရင်ပြည်သူ့ဝန်ထမ်းတွေရဲ့ စေတနာ၊ မေတ္တာတွေတိုးပွားလာအောင် မဆောင်ရွက် ပေးရင်ဆိုပြီးတော့………..” ဘာဖြစ်မလဲဆိုတဲ့ စဉ်းစားစရာကို ဖြတ်ထားပြီးတော့ ဒီလိုမျိုး Facebookပေါ်မှာပဲတင်ပေးလိုက်ပါတယ်။ တချို့လည်းပြန်ပြီးတော့ ဝေဖန်ကြပါတယ်။
အဲဒီတော့ ကျွန်တော်တို့က ပြည်သူ့ဝန်ထမ်းတွေကို ဝေဖန်ရုံ၊အပြစ်တင်ရုံနဲ့မပြီးပါဘူး။ ဝေဖန်တာတွေ၊ အပြစ်တင်တာတွေလည်း မှားတယ်လို့ပြောဖို့ခက်ပါတယ်။အလွန်အကျွံပြောဆိုတာတွေလည်း ကြုံပါတယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ မူလအဓိပ္ပါယ်က ပါတဲ့အတိုင်းပဲပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်ဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားကို လုပ်ဆောင်ဖို့မဟုတ်ပါဘူး။ပြည်သူ့ဝန်ထမ်းထဲမှာ ကောင်းတဲ့ပြည်သူ့ဝန်ထမ်း၊ မကောင်းတဲ့ ပြည်သူ့ဝန်ထမ်း၊ တာဝန်ကျေတဲ့ပြည်သူ့ဝန်ထမ်း၊ တာဝန်မကျေတဲ့ ပြည်သူ့ဝန်ထမ်းတွေလည်း ရှိမှာအမှန်ပါပဲ။
ကျွန်တော့်အနေနဲ့တော့ တတပ်တအားနဲ့ ကိုယ်သိထားတဲ့၊ ဖတ်ရှုထားတဲ့ နိုင်ငံတကာစာပေတွေ၊ နိုင်ငံတကာအတွေ့အကြုံတွေကနေပြီးတော့ယာဉ်ထိန်းရဲ ဝန်ထမ်းလောင်းများကို စေတနာ၊ မေတ္တာတွေ တိုးပွားလာအောင် တတ်နိုင်သမျှ အားပေးတိုက်တွန်းတယ်။သူတို့လည်း အန္တရာယ်ကင်းကင်း၊ ခရီးသွားတွေလည်း အန္တရာယ်ကင်းကင်း၊ မော်တော်ယာဉ်တွေလည်းအန္တရာယ်ကင်းကင်း ဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနိုင်ခဲ့တယ်၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ပဲ ယူ ဆပါတယ်။
မိတ်ဆွေတစ်ယောက်ကမှတ်ချက်ပေးတဲ့အခါမှာ “ယာဉ်တွေကိုထိန်းတာ၊ ယာဉ်ကိုထိန်းတာဟုတ်ရဲ့လားလို့ ယာဉ်တွေကထိန်းတာကိုခံနေရပြီမဟုတ်လား” လို့ မှတ်ချက်ပေးတာကလည်း မှန်ပါတယ်။ တကယ်တော့ ယာဉ်ထိန်းဆိုတာကလည်းယာဉ်တွေကို ထိန်းရတာမဟုတ်ဘဲနဲ့ ယာဉ်တွေကိုမောင်းနေတဲ့ သွားလာနေတဲ့ လူတွေကို ထိန်းရတာဆိုတော့တကယ်တမ်းက ယာဉ်ထိန်းဆိုတဲ့ အဓိပ္ပါယ်တောင်မှ သိပ်မပြည့်စုံပါဘူး။ တကယ်တမ်းကတော့ လူတွေကိုထိန်း ရတာပါ။
လူတွေထိန်းရတယ်ဆိုတာစိတ်ပညာရှုထောင့်ကပဲကြည့်ကြည့်၊စီမံခန့်ခွဲမှု ရှုထောင့်ကပဲကြည့်ကြည့်၊ လုံခြုံရေးရှုထောင့်ကပဲကြည့်ကြည့် အလွန်ခက်ခဲတဲ့ကိစ္စပါ။ သူတို့လည်း အရွယ်ငယ်ငယ် ရွယ်ရွယ်လေးတွေ။ အဲဒီအချိန်မှာ တတ်နိုင်သမျှ ပြည်သူ့ဝန်ထမ်းကောင်းတစ်ယောက်ပီသစေချင်တယ်။ပြည်သူတွေ အပေါ်မှာ ဂရုစိုက်တဲ့၊ အာရုံစိုက်တဲ့သူတွေ ဖြစ်စေချင်တယ်၊ အမြင်မကြည်လင်တဲ့၊အယုံအကြည်မခံရတဲ့၊ ကူညီမှာကိုစိုးရိမ်နေတဲ့ ပြည်သူတွေကို ကူညီစေချင်တယ်။ ကူညီပေးတတ်တဲ့ယုံကြည်စိတ်ချ အားကိုးရတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်လာအောင် ကျွန်တော်တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ဒီထက်တော့ မပိုပါဘူး။ အတိုင်းအတာတစ်ခုအထိတော့ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့် ချက်၊ယုံကြည်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
0 comments:
Post a Comment