``သူငယ်ပြန်သူများနှင့် နိုင်ငံတော် အနာဂတ်....´´
လူကြီးတွေအတော်များများ သူငယ်ပြန်ရောဂါဖြစ်တတ်ကြပါတယ်...၊ သူငယ်ပြန်တယ်ဆိုတာကို ဆေးပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် ရှင်းပြရတာ တော်တော်လေးခက်ပါတယ်၊
ဒါပေမယ့် သူငယ်ပြန်တယ်ဆိုတာကိုတော့ လူတော်တော်များများ ကောင်းကောင်း နားလည်ကြပါတယ်...။
ဆိုလိုတာက သူငယ်ပြန်သူဟာ ကလေးတစ်ယောက်လို လုပ်မိလုပ်ရာတွေကို လုပ်တတ်ကြတယ် ဆိုတာပါပဲ။
ဘာကြောင့် လုပ်မိလုပ်ရာ လုပ်ကြသလဲဆိုတော့ အာရုံကြောတွေက ထိမှု၊ သိမှုတွေကို စနစ်တကျ ပိုင်းခြားပေးနိုင်စွမ်း လျော့နည်း သွားလို့ပါ။ တစ်နေ့တာရဲ့ အချိန်နာရီ တော်တော်များများမှာ အသိစိတ်တွေ ကင်းလွတ်သွားကြလို့ပါ။
အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားက သူငယ်မပြန်အောင် နေထိုင်လုပ်ဆောင်ရမယ့် နည်းလေးတစ်ခု သင်ပေးခဲ့ပါတယ်။
`` အပ္ပမာဒေန သမ္မာဒေထ´´တဲ့၊ အဓိပ္ပါယ်က ရုပ်၊ နာမ် ဓမ္မ သင်္ခါရတို့ရဲ့ ဖြစ်မှု ပျက်မှုကို ``မမေ့မလျော့ မပေါ့မဆ လုံ့လ ပြုကြပါ´´တဲ့ဗျာ။
အဲဒီတော့.....
မြန်မာပြည်ရဲ့ ပျမ်းမျှသက်တမ်းက ၇၀ အောက် ရောက်နေပြီ၊ ဆိုလိုတာက ၆၀ ကျော်ရင် တော်တော်များများ အာရုံကြောတွေ တုံ့ဆိုင်းလာပြီ ဆိုတဲ့ သဘောပေါ့....။
ဒီတော့ ဒီ ၆၀ ကျော် သက်တမ်းတွေဟာ အချိန်မရွေး သူငယ်ပြန်သွားနိုင်တယ်၊ အထူးသဖြင့် ဗုဒ္ဓဘုရားရှင်ရဲ့ ဒေသနာတွေနဲ့ ကင်းဝေးတဲ့သူ၊ ရုပ်၊ နာမ် ဓမ္မ သင်္ခါရတို့ရဲ့ ဖြစ်မှု ပျက်မှုတွေကို အလေးဂရု မပြုသူ၊ အမိမြေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ ကင်းဝေးတဲ့သူ၊ သတိနဲ့ မေတ္တာကို လျစ်လျူရှုသူတွေဆိုရင်၊ ပိုပြီးတော့ သူငယ်ပြန်နိုင်တယ် ဆိုတာကို တွေ့ရှိရပါတယ်။
ဒီတော့ တစ်ဦးတစ်ယောက်ချင်း သူငယ်ပြန်တဲ့အခါ သူ့ မိသားစုက ထိန်းသိမ်း စောင့်လျှောက်ပေးလို့ ရပါတယ်။
ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကလေးကလည်း တကယ်တမ်းမှာတော့ လွယ်ကူတာတော့ မဟုတ်ပါဘူး၊
အဘိုး/အဘွားတွေရဲ့ သူငယ်ပြန်မှုက ပြုစုပေးနေရတဲ့ သားသမီးတွေနဲ့ မြေးတွေကြားမှာ အဆင်မပြေမှုတွေကို မဖြစ်မနေ ရင်ဆိုင်ကြရပါတယ်။
သို့သော် မြန်မာတွေမှာတော့ မိဘ ဘိုး/ဘွားတို့ရဲ့ ဂုဏ်ကျေးဇူးကို နားလည်လက်ခံကြတဲ့အတွက် ကြီးကြီးမာမား ဆိုးရွားလှတဲ့ အခြေအနေတွေတော့ မဖြစ်ခဲ့ကြပါဘူး။
နောက်တစ်ခု ပြောချင်တာကတော့...
သဘာဝက ချီးမြှင့်ထားတဲ့ ခန္ဓာကိုယ်မှာတောင် အသက်အရွယ်အရ အနားယူဖို့ လိုလာတဲ့ အခါမှာ သွားတွေလည်း ကျိုးကြပါတယ်၊ ဒီတော့ အမာတွေ မစားနိုင်တော့ဘူးပေါ့။
ပြီးတော့ သန်မာမှုတွေလည်း ကျဆင်းလာကြပါတယ်၊ ဒီတော့ ပြေးပြေးလွှားလွှား မဆောင်ရွက်နိုင်တော့ဘူးပေါ့။
နောက်ပြီး သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ ရောဂါတွေလည်း အစီအရီဝင်ရောက် လာတတ်ကြပါတယ်၊ ဒီတော့ အစားအသောက်အနေအထိုင် အားလုံးကို ဆင်ခြင် ဂရုစိုက်နေထိုင်ကြရပါတယ်၊ စိတ်ဆင်းရဲစရာတွေနဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ရှောင်ရှားကြရပါတယ်။
တကယ်လို့ အခြေအနေနဲ့ အချိန်အခါ ကိုက်ညီမှုမရှိတဲ့ လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ချင်လာသူဟာ သူငယ်ပြန်နေသူသာ ဖြစ်ပါတယ်။ ပေါ်ပေါ်ထင်ထင် သူငယ်ပြန်တာနဲ့ မသိမသာ သူငယ်ပြန်တာလေးတော့ ကွာခြားတတ်ပါတယ်။
မီးစာကုန်ဆီခမ်းနေတဲ့ လူကြီးတွေ၊ တစ်နည်းအားဖြင့် သူငယ်ပြန်နိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ လူကြီးတွေရဲ့ လက်ထဲကို တိုင်းပြည်ရဲ့ အနာဂတ်ကြီး တစ်ခုလုံးကို ထိုးထည့်ဖို့ ဆိုတာကတော့ မတွေးဝံ့စရာပေါ့။
ကလေးလက်ထဲကို မီးခြစ်နဲ့ ဂက်စ်ဗူး ထည့်ပေးသလိုလည်း ဖြစ်သွားနိုင်လို့ပါ။
ဒီတော့ဗျာ....
ဖြစ်နိုင်ရင် လူကြီးတွေဆီက အကြံဥာဏ်တွေ ရယူပါ။
အသက် ၆၀ ကျော် ၇၀ လောက်ရှိတဲ့ လူကြီးတွေကို နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ အတင်းအဓမ္မမြှောက်ပေးတာမျိုး မလုပ်ကြပါနဲ့လို့ တိုက်တွန်းလိုပါတယ်။
အထူးသတိထားဖို့ လိုအပ်တာကတော့ လူကြီးတွေအနေနဲ့ ခန္ဓာကိုယ် ဆုတ်ယုတ်ကျဆင်းလာတဲ့ အရွယ်မှာ စိတ်ထောင်းရင် ကိုယ်ကျေတတ်ပါတယ်။ သေတတ်ပါတယ် ဆိုတာလေး ပြောချင်တာပါ။
ဒီထက်ဆိုးနိုင်တာကတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ကင်းဝေးပြီး နေရာတကာ စိတ်လိုက်မာန်ပါ ဆောင်ရွက်တတ်သူ လူကြီးများဟာ သူငယ်ပြန်ရောဂါ ဖြစ်နိုင်ချေ အလွန်များပြားနေတယ်ဆိုတာလေး သတိပေးပါရစေ....။
လူကြီး သူမများ တရားဓမ္မနဲ့ မွေ့လျော်နိုင်အောင် ၀ိုင်းဝန်းစောင့်ရှောက်ကြရင်းနဲ့ သေခြင်းတရားကို စိန်ခေါ်မှုမပြုပဲ သံသရာအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့် အချိန်လေးပေးရင်း နားချိန်မှာ နားနိုင်ကြစေဖို့ ဆောင်ရွက်ပေးစေချင်ပါတယ်။...
မှတ်ချက်။ မိခင်/ဖခင်ကျေးဇူးရှင်များအနေဖြင့် ဘာသာ/သာသနာကို မစောင့်ရှောက်နိုင်သည့်တိုင် ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများဖြစ်ခြင်းကြောင့် ကျောင်းကန် ဘုရား တစ်ခုခု တည်ဆောက်လှူဒါန်းပေးရင်း သာဓုခေါ်နိုင်စေရေး ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပေးပါရစေဗျာ..... ကုသိုလ်ရအောင်လို့ပါ... ဟဲဟဲဟဲ။
(ကွန်ဆူးမား)(၃-၂-၂၀၁၄)
0 comments:
Post a Comment