ကျေးဇူးဥပကာရ တင်ရှိပါကြောင်း
ကျွန်တော်တို့အိမ်နောက်ဖေးလမ်းကြားတွင်
နေထိုင်ကျက်စားသော ခွေးမကလေးမိနီသည် (၁၁.၁.၂၀၁၄)၊ မနက်၊ ညီအစ်မ
မသိတသိအချိန်တွင် လမ်းထိပ်၌ ဆိုင်ကယ်တိုက်ခံရပါကြောင်း အကြောင်းကြားပေးသူ
စည်ပင်သာယာဝန်ထမ်းတံမြက်စည်းလှည်းသူ ဒေါ်တုတ်တို၊
ကျန်းမာရေးလိုက်စား၍ လမ်းလျှောက်သူ ဦးဗိုက်ပူ၊ ဦးဂွတို၊ ဦးချက်ဖောင်း၊ အလုပ်သိမ်းလာသော ညဥ့်ငှက်မလေးများအား အကြိုအပိုတာဝန်ယူ ထားသူ ကိုနှာပွ၊ မိနီကလေး၏အလောင်းအား အခြားကား၊ဆိုင်ကယ်များထပ်မံမနင်းမိစေရန် လမ်းဘေး သို့ ပေါက်ပြားဖြင့်ဆွဲချထားပေးသော'မထွားနှင့်ညီအစ်မများ အဖုတ်မျိုးစုံရောင်းဝယ်ရေး(ပြောင်းဖူးဖုတ်၊ ဆိတ်သားခြောက်ဖုတ်၊ အာလူးဖုတ်၊ ထန်းမြစ်ဖုတ်၊ ပိန္နဲစေ့ဖုတ်၊ ငါးခြောက်ဖုတ်)' တို့အားလည်းကောင်း၊ မိနီ၏ ကျန်ရစ်သည့် သားသမီးများအနက်မှ နှာနီအထီးကလေးအား တာဝန်ယူစောင့်ရှောက်ပေး မည်ဖြစ်သော ဒေါ်ချိုချိုအောင်(နို့နှင့်နို့ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ အမြှီးတိုအထီးကလေးအား တာဝန် ယူစောင့်ရှောက်ပေးမည်ဖြစ်သော ရပ်ကွက်လူကြီး၏ ဥပဒေအကြံပေး ဦးဖားကြီး (ဆောင်ကြာမြိုင် တည်းခို ခန်းပိုင်ရှင်)နှင့် မိသားစုအားလည်းကောင်း၊ အညိုကွက်အမကလေးအား တာဝန်ယူစောင့်ရှောက်ပေး မည်ဖြစ်သော ကိုဘောကြီး'ရိုက်စား'ကွန်ပြူတာမိတ္တူ (မောင်းစာရွက်များအထူးအမြန်)နှင့် မိသားစုအား လည်းကောင်း၊ လက်ဖြူဂုတ်ကျားအထီးကလေးအား တာဝန်ယူစောင့်ရှောက်ပေးမည်ဖြစ်သော မဘီဘီ ကာလီမား (မူလလက်ဟောင်းပူစီနံအုပ်စမူဆာသုပ်) အား လည်းကောင်း၊ မိနီကလေး၏ အလောင်းမြေ ကျရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီပေးပါသော ရပ်ကွက်ဘီအီးဆိုင်မှ ကူလုပ်ကပ်သောက် ကိုပဲကြီး၊ လှပသပ်ရပ်သော အနေတော်ကျင်းလေးတစ်ကျင်းကို မေတ္တာဖြင့်ကူညီတူးဖော်ပေးပါသော ရပ်ကွက်အမှိုက်သိမ်းလှည်းပိုင်ရှင် ကိုမြတ်၊ ကွယ်လွန်သောရပ်ကွက်လမ်းထိပ်မှ မြုပ်နှံမည့် ရပ်ကွက် အစွန်အထိ အလောင်းအားဆွဲယူသယ်ဆောင်ရာတွင် ပီနံအိတ်တစ်လုံးကူညီပေးခဲ့သော ဂိုးလ်ဒင်းဝေါ ဆန်စက်ပိုင်ရှင် ဦးဟုတ်စွမ်နှင့်မိသားစုအားလည်းကောင်း၊ မိနီသေဆုံးချိန်တွင် ၀ိုင်းဝန်း၍ တညီတညာ တည်း အူပေးကြကုန်သော ရပ်ကွက်အတွင်းမှ ၀ဲစား၊၀ဲမစား ခွေးအပေါင်းတို့နှင့် ထိုသို့အူခြင်းအား ခွင့်ပြုပေးပါသော သူတို့၏သခင်များအားလည်းကောင်း၊ မိနီ၏ နာရေးသတင်းကို မေးမြန်းပြောဆိုကြ ကုန်သော ရပ်ကွက်သူရပ်ကွက်သားအပေါင်းတို့အားလည်းကောင်း၊ မိနီ၏ကျန်ရှိသော ကလေး တစ်ကောင်စီအား ဆွယ်တာအကျီ ၂ ထည်စီ လှူဒါန်းပေးသော စေတနာရှင်များနှင့် မိနီ၏နာရေးအခမ်း အနားဖြစ်မြောက်ရေးအတွက် ၀မ်းနည်းစွာစီတန်းလှည့်လည်ခွင့်အား ခွင့်ပြုပေးခဲ့သော ရပ်ကွက် အာဏာပိုင်များ အားလုံးကို အထူးလှိုက်လှဲစွာ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ကျန်ရစ်သူခွေးကလေးများနှင့် ထပ်တူကျစွာဖြင့်
ကိုခွေးမျိုးချစ်
(မိနီ၏ နေ့စဉ်ထမင်းရှင်)

0 comments:
Post a Comment