၁၉၉၅ ခုနှစ်အတွက် စာပေနိုဗယ်ဆုရှင် ၊ နှစ်ဆယ်ရာစုရဲ့အကြီးအကျယ်ဆုံး အိုင်းရစ်ကဗျာဆရာကြီး ရှေးမတ်စ်ဟေနီ
Thiha Nwe January 12, 2014 at 7:24pm
နိုဗယ်ဆုရ အိုင်းရစ်ကဗျာဆရာကြီးရှေးမတ်စ်ဟေနီကို ၁၃ ၊ ဧပြီ ၁၉၃၉ မှာမွေးပါတယ် ။ ဟေနီ ဟာ ကဗျာဆရာ ၊ အက်ဆေးဆရာ ၊ ပြဇတ်ဆရာ ၊ ဘာသာပြန်ဆရာ ၊ တက္ကသိုလ်ဆရာတစ်ဦးလည်းဖြစ် ပါတယ် ။ သူ့ ကို မြောက်အိုင်ယာလန်မှာကောင်တီဒါရီနယ်က မော့စ်ဘွန်း Mossbawn မှာမွေးပါတယ်။
မွေးချင်းကိုးယောက်မှာ ဟေနီဟာ သားဦးပါပဲ ။ ဟေနီဟာနိုဗယ်ဆုအပြင် Geofffrey Faber Menmorial Prize(1968) ,E.M.Forster Award(1975) .The Pen Translation Prize (1985) , Golden Wreath of Poetry (2001) , T.S.Eliot Prize(2006) ဆုတို့ အပြင် Whitebread Prize (1996 and1999 ) ဆုများ ကိုလည်း ရရှိထားပါတယ် ။ ဟေနီဟာ ဟားဗတ်နဲ့ အောက်စ်ဖို့ ဒ်တက္ကသိုလ်များမှာလည်း ကဗျာ ပါမောက္ခအဖြစ်လုပ်ကိုင်ဖူးပြီး ပညာရှင်ကဗျာဆရာတစ်ဦးအဖြစ်လည်း ရပ်တည်သူလို့ ပြောလို့ ရပါတယ် ။ ဒီ ၂၀၁၂ မှာတော့ ဟေနီ့ ကို Griffin Trust for Excellence In Poetry အဖွဲ့ က ဘဝတစ်သက်တာအောင်မြင်ခြင်းဆု The Lifetime Recognition
Award ဆုကို ဇွန်လ ၆ ရက်နေ့ မှာချီးမြှင့်ပေးခဲ့တယ် ။ အမေရိကန်ကဗျာဆရာကြီး ရောဘတ်လိုဝဲကတော့ ဟေနီကို ယိတ်စ်
W.B.Yeates ပြီးနောက် အရေးအပါဆုံးအိုင်းရစ်ကဗျာဆရာအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့တယ် ။
ဟေနီ့ ကဗျာဟာ ကျွန်တော်တို့ ဆီမှာတော့ ပရိသတ်နဲ့ မစိမ်းလှပါဘူး ။ ဆရာကြီးများရဲ့ ဘာသာပြန်များ အသင့်အ
တင့်ရှိတာမို့  ဖတ်ဖူးသူတွေများပါတယ် ။ ဒါပေမဲ့ သူ့ အကြောင်း သူ့ စာပေကို မိတ်ဆက်အနေနဲ့ ရော ၊ နိုဗယ်ဆုရ ကဗျာဆ
ရာကြီးတစ်ဦးအနေနဲ့ ပါ လေ့လာအပ်တာမို့  ဒီနေရာမှာနည်းနည်းမကျယ်မကျဉ်း တင်ပြအပ်ပါတယ် ။ သူ့ ကဗျာအကြောင်း
ကိုလည်း ပညာရှင်တို့ အမြင်ကို အခြေခံလို့ တင်ပြသွားပါမယ် ။ ဒါ့ကြောင့်အရင်ဆုံး သူ့ အကြောင်း ……။
ဟေနီ့ ဘဝအကျဉ်း
ရှေးမတ်စ်ဟေနီ ရဲ့ ဘဝဟာ လယ်တောမှာပဲအချိန်ကုန်ခဲ့ရတာများတယ် ။ သူတို့ နေခဲ့တဲ့နေရာက ပြောရရင် မြောက်အိုင်ယာ
လန် အူစတာ Ulster နဲ့ တောင်အိုင်ယာလန်ဘက်က Eire တို့ ကြားမှာ ခြားနားထားတဲ့နယ်စပ်နေရာလေးပဲ ။ ကျောင်းသား
ဘ၀မှာ စာတော်တဲ့ဟေနီဟာ ပညာသင်ဆု စကောလားရှစ်ပ်တွေရခဲ့တယ် ။ ပထမဆုံးရတာကတော့ ဆယ့်တစ်နှစ်သားအ
ရွယ်မှာဖြစ်ပြီး St.Colomb ကောလိပ်မှာဖြစ်တယ် ။ ဒီနောက့်ဘဲလ်ဖတ်စ်က Queen’s တက္ကသိုလ်တက်ရတယ် ။ အဲဒီကနေ
အင်္ဂလိပ်စာဂုဏ်ထူးနဲ့ ဘွဲ့ ရပါတယ် ။ အဲဒီမှာ တက္ကသိုလ်မှာ စာရေးဆရာတွေရဲ့ ညွှန်ကြားမှုတွေနဲ့  အလုပ်လုပ်နေတဲ့ လူငယ်
ကဗျာဆရာများနဲ့ တွဲလုပ်တယ် ။ ဒီလိုနဲ့  သူ့ ရဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် တက်ရောက်ခဲ့တဲ့ ဆရာဖြစ်သင်တန်းပြီး
နောက် ဟေနီဟာ အခြေခံပညာကျောင်းတစ်ခုမှာ အင်္ဂလိပ်စာ ဆရာအဖြစ်အလုပ်လုပ်ပါတယ် ။ လုပ်ရင်းနဲ့  ကွင်းစ်တက္က
သိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာလည်း နည်းပြအဖြစ် ၁၉၆၆ မှာဝင်လုပ်တယ် ။ သူလက်ထပ်တာတော့ အဲဒီမတိုင်ခင်တစ်နှစ်
၁၉၆၅ မှာ ဖြစ်ကာ မာရီဒပ်ဘလင်နဲ့ အိမ်ထောင်ပြုတာဖြစ်တယ် ။ သူတို့ အိမ်ထောင်ကနေ သားနှစ်ဦး ၊သမီးတစ်ဦးထွန်းကား
တယ် ။ ၁၉၆၉ မှာ အူစတာမှာ လူမှုမငြိမ်သက်မှုတွေဖြစ်တော့ အဲဒီမှာ မာရှယ်လောထုတ်တယ် ။ ဒီလိုအခြေအနေမှာ ရှားရှား
ပါးပါးကတ်သလစ်တစ်ဦးဖြစ်နေတဲ့ ဟေနီလည်း စိတ်မသက်မသာဖြစ်လာရပြီး ၁၉၇၂ မှာတော့ Eire ကျေးလက်နယ်ပိုင်းက
အိမ်ကြီးတစ်လုံးကို ပြောင်းတယ် ။ အချိန်ပြည့်စာရေးဖို့ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်ပိုင်းမှာပဲ သူဟာ ကွင်းစ်တက္ကသိုလ်
မှာလည်း အချိန်ပြည့်ဝန်ထမ်းတစ်ဦးဖြစ်လို့ လာနေပါပြီ ။ ၁၉၇၉ ကစလို့ ပဲ ဟေနီဟာ အမေရိကန်တက္ကသိုလ်တွေက အလုပ်
ခန့် တာတွေ ရှိလာတာမို့  အမေရိကန်မှာစာသင်လိုက် ၊ ကျန်အချိန်တွေကို ဒပ်ဘလင်မှာနေလိုက် လုပ်လာပါတယ် ။ ၁၉၈၆
မှာတော့ သူ့ ကို ဟားဗတ်တက္ကသိုလ်က ပါမောက္ခရာထူးခန့် တယ် ။ Boylston Professor of Rhetoric and Oratory ဆို
တဲ့ရာထူးဖြစ်ပါတယ် ။ ဒီနောက် ၁၉၈၉ မှာ အောက်စ်ဖို့ ဒ်တက္ကသိုလ်မှာ ကဗျာပါမောက္ခဖြစ်လာတယ် ။ ဒါ့ကြောင့်ဟေနီဟာ
သူ့ ပညာရေးအလုပ်တွေကို အိုင်ယာလန်မှာတလှည့် ၊ ဘော်စတွန် မှာတလှည့်နေရင်း တာဝန်ထမ်းရတယ် ။ ပြီးခဲ့တဲ့ ၂၀၀၆
ခုနှစ်မှာတော့ သူလေဖြတ်လိုက်သေးတယ် ။ ဒါပေမဲ့ သူ ပြန်ကောင်းခဲ့ပြီး ၊ ဒီ ၂၀၁၃ ထဲမှာတော့ သူကွယ်လွန်သွားခဲ့တယ် ။
ကွယ်လွန်ချိန်မှာတော့ ဟေနီဟာ ၇၇ နှစ်ရှိခဲ့ပြီဖြစ်ပါတယ် ။
ဟေနီ့ ကဗျာစာအုပ်များ
ဟေနီ့ စာအုပ်တွေမှာ ကဗျာစာအုပ်တွေက အဓိကဖြစ်တာကိုတော့ ပြောစရာလိုမယ် မထင်ပါဘူး ။ ပထမဆုံးထွက်တဲ့စာအုပ်
က စလို့ ၂၀၁၀ ခုနှစ်အထိဆိုရင် အုပ်ရေ ၂၁ အုပ်ရှိတာတွေ့ ရပါမယ်။ စာရင်းအရ ဖေါ်ပြရရင်တော့ …….
1. Death of a Naturalist .1996
2. door Into the Dark,1969
3.Wintering Out ,1972 .
4.North , 1975 .
5. Stations ,1975 .
6. Fields Works , 1979 .
7. Poems :1965-75 ,1980(pub: in England as Selected Poems)
8.Sweeney Astray : A Version from the Irish,1983(revised as Sweeney’s Flight,1992)
9.Stations Island ,1984
10. The Haw Lantern,1987
11.The Cure at Troy:A Version of Sophocles’ “ Philoctetes ” 1990 (verse play)
12.New Selected Poems :1966-1987, 1990.
13. Seeing Things .1991.
14.The Spirit Level,1996.
15. Audenesque,1998 .
16.Open Ground:Selected Poems (1966-1996),1998.
17.The Light of the Leaves ,1999 .
18.Electric Light,2001 .
19.The Burial at Thebes:A Version of Sophocles’ Antigone,2004 (verse play)
20.District and Circles,2006.
21.Human Chain,2010.
ဒီစာရင်းကိုကြည့်ရင် ၆၀ ”နှစ်များကစလို့ ဆယ်စုနှစ်ငါးခုမှာ သူ့ ကဗျာစာအုပ်တွေထွက်ရှိခဲ့ပုံ အနည်းအများကိုပါ ရိပ်စား
တွက်ချက်နိုင်မယ်ထင်ပါတယ် ။ ဥပမာ -ကိုးဆယ်နှစ်များကတော့ စာအုပ်ခုနှစ်အုပ်ထွက်ခဲ့ပေမဲ့ စာအုပ်အသစ်က ငါးအုပ်ပဲ ရှိ
တယ် ။ ကျန်နှစ်အုပ်ကတော့ အဟောင်းတွေပြန်ထုတ်တဲ့ လက်ရွေးစင်စာအုပ်တွေမျှသာဖြစ်တယ်ဆိုတာတွေ့ ရပါမယ် ။ ဟေ
နီ့ စာအုပ်တွေဟာ ယူကေခေါ် ယူနိုက်တက်ကင်းဒမ်း(ဗြိတိန် ၊ မြောက်အိုင်ယာလန် ၊ စကော့တလန် ၊ ဝေးလ်စ်တို့ )မှာတော့
သက်ရှိထင်ရှားရှိနေသမျှ ကဗျာဆရာတွေရဲ့ ရောင်းချရသမျှစာအုပ်တွေမှာ သုံးပုံနှစ်ပုံက သူ့ စာအုပ်တွေဖြစ်တဲ့အထိ အောင်
မြင်မှုရတယ်လို့ ဆိုကြပါတယ် ။
ဟေနီ့ ကဗျာကောက်ကြောင်း
ဟေနီ့ ကဗျာအကြောင်းဆန်းစစ်လေ့လာခဲ့တဲ့ ပညာရှင်ဂျိမ်းစ်လစ်ဗင်စတန်နဲ့ ဆာရာ ဟီးလ်ဘတ်တို့ ကတော့ ဟေနီဟာ
ကဗျာဘဝအစမှာကတည်းက မြောက်အိုင်ယာလန်ဒေသအငွေ့ အသက်မှာ အခြေစိုက်ပြီး ရစ်သမ်နဲ့ စကားလုံးတွေဖွဲ့ နွဲ့ ပုံ
ကောင်းတာကြောင့် အများအသိအမှတ်ပြုခြင်းကို ခံယူရရှိလာခဲ့တာဖြစ်တယ်လို့ ဆိုရဲ့  ။ သူ့ ကဗျာတွေက ရိုမန်တစ်ကဗျာ
တွေရဲ့ အခြေခံတွေမှာပါသလိုပဲ သဘာဝတရားကို ခံစားတာ ၊ ပြီးတော့စကားလုံး ၊ စိတ်ခံစားမှုနဲ့  စိတ်ကူးဥာဏ်တို့ အကြား
သုံးပွင့်ဆိုင်ဆက်ဆံရေးကို ရှာဖွေတာတွေလည်းဖြစ်ပါတယ် ။ ကဗျာဆရာတစ်ယောက်အနေနဲ့ သူ့ ထူုးခြားတဲ့အရည်အသွေး
ကတော့ တစ်ချိန်ထဲမှာ ဒေသဆန်နေသလို ၊ ဘောင်ကျဉ်းသလို ရှိနေပေမဲ့ ကဗျာဟာ ယူနီဗာဆယ်ဆန်နေတာ၊ အားလုံးနဲ့ 
လွှမ်းခြုံမိနေတာဖြစ်ပါတယ် ။ ဒါ့ကြောင့်သူ့ ကဗျာဟာ သီးခြားပုဂ္ဂလအကြောင်းကို ဖွဲ့ နေပေမဲ့ အများခံစားလို့ ရနေ ၊ ယူနီဗာ
ဆယ်ဖြစ်နေကာ ဝီလီယံဘလိတ်ခ်ရဲ့ စကားလို “ သဲလေးတစ်ဆုပ်ထဲမှာပဲ စကြာဝဠာကို မြင်ရတဲ့သဘော ” ဖြစ်နေပါတယ်
တဲ့ ။ ပထမဆုံးကဗျာစာအုပ်ထွက်ကထဲက အောင်မြင်ပြီးနောက် ဟေနီ့ ကို ယိတ်စ်ပြီးနောက် အကြီးကျယ်ဆုံးအိုင်းရစ်ကဗျာ
ဆရာရယ်လို့ တံဆိပ်ကပ်ကြတယ် ။ သူဟာ ယိတ်စ်လိုမျိုးမဟုတ်ပေမဲ့ ရိုမန်တစ်လက်သစ်( neo –romantic) ဖြစ်တယ် ။
ယိတ်စ်ထက်စာရင်တော့ အပျက်မြင်စိတ်နည်းတယ် ။ မစ်သ် မဆန်လှဘူး ။ ထူးခြားဆန်းကျယ်နည်းတယ် ။ ( less mythic,
less apocalyptic , less mystical ) လို့ ဆိုကြတယ် ။ ဒါပေမဲ့ သူကပိုပြီးလက်တွေ့ ရုပ်ပိုင်းဆန်တယ် ။ အခြေခံကျတယ်ဆို
ကြပါတယ် ။ ဟေနီ့ ကဗျာဟာ တက်ကနစ် tehnic အရတော့ ရှေးရိုးစွဲ ကွန်ဆားဗတစ်ဆန်တယ် ။ နှစ်ဆယ်ရာစုတစ်ဝက်
လောက်ရဲ့ ဦးဆောင်ကဗျာဆရာတွေဖြစ်ကြတဲ့ အဲလိယတ် ၊ ပေါင်း ၊ ဝေါလေ့စ် စတီဗင် ၊ ဝီလျံကားလော့စ် ဝီလျံစ်တို့ ရဲ့ 
ကဗျာပုံစံတွေနဲ့ ယှဉ်ရင် သူ့ ပုံစံက မတူဘူး ။ သူ့ ကဗျာရဲ့ မီတာစနစ်တွေ ၊ သူ့ ကဗျာရဲ့ မီတာစနစ်တွေ ၊ စကားလုံးရွေးချယ်
သုံးနှုန်းပုံတွေ ၊ အသံအဆင်အကွက်တွေဟာဖြင့် လှပကောင်းမွန်လှတယ် ။ သူဟာ စကားလုံးကထွက်တဲ့ဂီတသံကို ကဗျာ
ထဲကို ထည့်ထားနိုင်တယ် ။ ကဗျာထဲက အရပ်သုံးစကားအဆင်အကွက်တွေကပဲ အစဉ်အလာဗြိတိသျှလင်္ကာမှုရဲ့ ကေးဒန့် စ်
Cadences တွေ ဖြစ်နေတော့တယ် ။ ဟေနီဟာ အိုင်းရစ်ဒေသအငွေ့ အသက်ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး အိုင်းရစ်
ဝိညဉ်ကို အသစ်ပြန်ဖေါ်ပြသူပါပဲတဲ့ ။ ကျွန်တော်တို့ ရဲ့ ဒီအက်ဆေးမှာတော့ ဟေနီ့ ကဗျာစာအုပ်များသုံးသပ်ချက်ကိုလည်း
အကျဉ်းမျှ ဖေါ်ပြသွားပါမယ် ။
ဟေနီ့ ကဗျာစာအုပ်များ
Death of a Naturalist,1966
ဒီစာအုပ်ဟာ ဟေနီရဲ့ ပထမဆုံးစာအုပ်ဖြစ်သလို စာအုပ်ခေါင်းစဉ်တပ်ထားတဲ့ကဗျာ Death of a Naturalist ကဗျာကိုယ်
တိုင်ကလည်း သူ့ ကို လူသိအများစေဆုံးကဗျာတွေထဲ ပါမယ်ထင်ပါတယ် ။ ဒီစာအုပ်ပါကဗျာတွေဟာ သူ့ မျိုးရိုးဖြစ်တဲ့ အိုင်း
ရစ်လယ်သမား ၊ ယာသမားမျိုးဆက်ရဲ့ အမွေအနှစ်တွေကို သူကျွမ်းကျင်တဲ့ နိုင်ငံခြားအစဉ်အလာ (အင်္ဂလိပ်စာပေ)နဲ့ ပေါင်း
စပ်ထားသမို့ ရလဒ်ကတော့ သိပ်ကြွယ်ဝတဲ့ကဗျာတွေဖြစ်လာတော့တာပါပဲ ။ သူ့ ကဗျာမှာ အိုင်းရစ်ဒေသယဉ်ကျေးမှုဓလေ့
တွေကို အခြေတည်ပေမဲ့ သူ့ ဒေသအတွက် သူမျှော်လင့်ခဲ့သလိုပဲ ကဗျာတွေမှာ အိုင်းရစ်နဲ့ အင်္ဂလိပ်အစဉ်အလာတွေဟာ
သမမျှတပေါင်းစပ်ပြီး နှစ်ခုစလုံးကို ကျော်လွန်သွားနေတော့တယ် ။ မျိုးဆက်အစဉ်အလာနဲ့ ပတ်သက်လို့ “ တူးဆွခြင်း” ကဗျာကို ကြည့်ရင် သူပြောတာကို ခံစားနိုင်ပါလိမ့်မယ် ။ ဒီကဗျာမှာ သူက သူ့ အဖေ ၊အဖိုးတို့ က အသက်မွေးဖို့ တူရွင်းပြားသုံးပေမဲ့ သူကတော့ လက်ထဲမှာ ကလောင်ပဲရှိတယ်ဆိုပြီးနှိုင်းယှဉ်ပြလိုက်တယ် ။ I’ve no spade to follow men like them “သူတို့ လိုလူတွေနောက်လိုက်ဖို့ တော့ ကျွန်တော့မှာဖြင့်ဘာတူရွင်းမှ မရှိ ” လို့ ဆိုလိုက်တယ် ။ ဒါပေမဲ့ ဒီကိရိယာနဲ့ ပဲ သူဟာ သူ့ အဖေ ၊အဖိုးတို့ ရဲ့ လုပ်အားကို အနုပညာအဖြစ်ပြောင်းလဲမယ် လို့  ဆိုလိုက်တာပါပဲ ။ ဒါကို between my finger and my thumb/ the squat pen rests./ I’ll dig withIt ငါ့လက်ချောင်းနဲ့ ငါ့လက်မကြား ပုကွကွ ကလောင်နားလို့ ၊ ဒါနဲ့ ပဲ ငါတူးတော့မယ် ” လို့ ရေးတယ် ။ ဒီစာအုပ်ပါ နောက်တစ်ပုဒ်ဖြစ်တဲ့ “ Follower ” “နောက်လိုက် ” ကဗျာမှာလည်း သူ့ အဖေရဲ့ လုပ်အားနဲ့ သူ့ လုပ်အားတို့ ကိုနှိုင်းယှဉ်ထားတယ် ။ကဗျာမှာ သူ့ အဖေရဲ့ ယာလုပ်ငန်းကျွမ်းကျင်ပုံကို တိကျတဲ့ စာစုတွေ ၊ ရုပ်ပုံတွေနဲ့  ဖေါ်ပြထားတယ် ။ ဒါဟာဖြင့်ဟေနီတို့ ဘိုးဘေးတွေရဲ့ ဘိုးစဉ်ဘောင်ဆက်အသက်မွေးဝမ်းကျောင်းပါပဲ ။ သူ့ ဖခင်ကြီးဖြစ်နေရတဲ့ ဘဝပါပဲ ။ ရလဒ်အနေနဲ့ သူလည်းပဲကြီးလာရင် ဒါကိုဆက်ခံရမယ်ထင်တယ် ။ ဒါပေမဲ့ အဲဒီအစားသူဟာ စာသင်ကျောင်းအပို့ ခံရပြီး ဖခင်လို ယာသမားမဖြစ်တော့ပဲ ပညာတတ်လေးသာဖြစ်လာတယ် ။ ဒါ့ကြောင့် သူ့ အဖေနိုးလာစဉ်မှာလည်း သူဟာ တုံ့ ဆိုင်းဆိုင်းဖြစ်နေရတာကလွဲလို့ ဘာမှမတတ်နိုင်တော့တာကို ပြနေတော့တယ် ။ သူ့ ကဗျာရဲ့ အဆုံးသတ်ဟာ ဒီလို ရှုပ်ထွေး ၊ စိတ်အနှောင့်အယှက်ဖြစ်နေရပုံနဲ့ ရေးထားတယ် ။
But today
It is my father who keep stumbling
Behind me and will not go away.
“ဒါပေမဲ့ ဒီနေ့ တော့ဖြင့်
ကျွန်တော့်အနောက်မှာ တုံ့ နှေးနေသူဟာဖြင့်
အဖေရယ်ပေါ့ ၊ ထွက်သွားတော့မယ် မဟုတ်တော့ ။ ”
အဓိပ္ပာယ်က ရှင်းလင်းပြီး အမျိုးမျိုးယူလို့ ရနေပါတော့တယ် ။ သူ့ အဖေဟာ ပညာရေးအရ တုံ့ နှေးနေပြီ ။အကြောင်းက သူ
ဟာ ပညာတတ်သားကို မကျော်နိုင်တော့ဘူး ။ အဲဒီလိုအဆင့်မျိုးလည်း ဘယ်တော့မှ မရောက်တော့ဘူး ။ သူဟာ ကိုယ့်ကို
ကိုယ် ဂရမစိုက်နိုင်တော့တဲ့အခါမယ် သားရဲ့ ဂရစိုက်မှုကိုပဲ ခံယူရတော့မယ် ။ နောက်ဆုံးတော့အဖေဟာ သားရဲ့ ခြေလှမ်း
တွေမှာ အတားအဆီးလို ဖြစ်နေတော့ပြီး ကဗျာဆရာဟာလည်း ဖခင်ရဲ့ သြဇာကို ချဲ့ ထွင်နိုင်စွမ်းမရှိတော့တာကို တွေ့ ရပါ
တော့တယ် ။
Door into the Dark,1969
ဒီစာအုပ်က ပထမစာအုပ်နဲ့ သုံးနှစ်အကွာမှာ ထွက်တာဖြစ်ပါတယ် ။ ကဗျာအများစုက အိုင်ယာလန်နဲ့ ဥရောပမှာ ခရီးထွက်
သမျှ အပေါ်ချယ်မှုန်းရေးသားထားတာ ပါဝင်ပါတယ် ။ ဒီကဗျာတွေကို ကြည့်ရင် ပထမတော့ရိုးရှင်းပြီး ဇတ်လမ်းမဆန်လှ
သလို ရှိတာတွေ့ ရပေမဲ့ ဒီလိုအာရုံစူးစိုက်ရေးသားချက်တွေဟာ ဟေနီ့ ကဗျာရဲ့ ကဗျာ့ဗေဒဖြစ်ထွန်းတိုးတက်မှုမှာ ထူးထူးခြား
ခြား အရေးပါနေတယ်လို့ ဆိုတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီကဗျာတွေဟာ နေရာဒေသကို အာရုံခံစားမှုရဲ့  ပြဌာန်းခံအဖြစ်
မှတ်တမ်းတင်တတ်တဲ့ သူ့ ဟန်ကို စတင်မြင်တွေ့ လာရလို့ ပါပဲ ။ ဟေနီ့ အတွက်ကတော့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင် ၊
အထူးသဖြင့်သူမွေးဖွားရာဒေသဟာ တန်ဖိုးထားဖို့ အတွက် ၊ အတွေ့ အကြုံသစ်တွေကို ညွှန်းဆိုတဲ့ အဆက်အစပ်ဖြစ်လာ
တယ် ။ The Penisular ကဗျာမှာဆို ကဗျာကို ပြောနေသူဟာ တစ်နေ့ တာအတွင်း သူ့ ငယ်ဘဝရှုမျှော်ခင်းတွေကို လျှောက်
လည်ကြည့်ရင်းကနေ အပြန်မှာတော့ သူ့ မှာဘာမှပြောစရာမရှိပေမဲ့လည်း သိနားလည်လာတာလေးရှိလာတာကို “ဒီအဖြစ်နဲ့ 
ပဲ ရှုမျှော်ခင်းအားလုံးကို အဓိပ္ပာယ်ဖေါ်တော့မယ် ” ရယ်လို့ ဖွင့်ဟလာတယ် ။ နောက်ကဗျာတစ်ပုဒ် “ ညဘက်ကားမောင်း
ခြင်း ” Night Drive မှာလည်း ကဗျာထဲက ပြောနေသူဟာ ပြင်သစ်ပြည်တလျှောက် ကားမောင်းသွားရင်းက အီတီလီမှာရှိတဲ့
သူ့ အချစ်အကြောင်း စဉ်းစားမိတာ ၊ ပြီးတော့ ဆိုင်းဘုတ်တွေလို ရိုးရိုးရှင်းရှင်းအရာတွေကိုကြည့်ရင်းနဲ့ ကနေ ကိုယ့်ရဲ့ အများ
သူငါလို လူသာမန်အဖြစ်ကို အသစ်ပြန်ရှာတွေ့ မိတာ ၊ သူ့ ချစ်သူကလည်း ဒီလို ကြုံတွေ့ မိရတာကို သဘောပေါက်သွားတာ
ပြောထားတယ် ။ ဟေနီ့ အတွက်ကတော့ သဘာဝပတ်ဝန်းကျင်ဟာ သိစိတ်ကို ပုံဖေါ်ပေးတာ ၊ ဘောင်ကွပ်ပေးတာပါပဲ ။
Wintering Out
ဟေနီ့ ရဲ့ဒီတတိယစာအုပ်ကတော့ ပထမနှစ်အုပ်လိုပဲ သူ့ ဇာတိမြေကို အခြေစိုက်တဲ့ကဗျာတွေသာမက ခွဲထွက်လာတဲ့ကဗျာ
တွေလည်း ပါတယ် ။ Gifts of Rain ကဗျာဟာ အိုင်းရစ်ရာသီဥတုကို ဖေါ်ပြခြင်းသာမက ၊ မိုးကို အရာရာမှာစီးဆင်းနေတဲ့ စီး
ကြောင်းတစ်ခုသဖွယ် ဖန်တီးထားတယ် ။ “ လူသေတို့ ရဲ့  အသံတွေ ကမ်းခြေနားမှာ တီးတိုးပြောနေကြ ” ဆိုတာ အိုင်းရစ်
ဆန်တဲ့ ဘဝအတွေ့ အကြုံရဲ့  ရလဒ်ဖြစ်လာတယ် ။ ဒီလိုမျိုး ဘဝရဲ့ အစိတ်အပိုင်းအားလုံးကို ပွင့်လင်းစွာကြည့်ရှုတာ ၊ သတိ
ပြုမိတာ ၊ အထူးသဖြင့် အမှောင်ထုနဲ့ အကြမ်းဖက်မှုတို့ ကို မြင်တတ်တာတို့ ဟာ ဟေနီ့ ကို အရင်စာအုပ်တွေထဲက ကဗျာ
တွေနဲ့ မတူတဲ့ ကဗျာတွေကိုဖန်တီးမိစေတယ် ။ သူကိုင်တွယ်မိတဲ့ မှတ်သားလောက်စရာအကြောင်းအရာတစ်ခုကတော့ လူ့ 
ရက်စက်မှုဖြစ်စဉ်ပါပဲ ။ အဲဒါကို Limbo ဆိုတဲ့ကဗျာမှာတွေ့ နိုင်တယ် ။ ဒီကဗျာက မွေးကင်းစကလေးငယ်ကို မွေးပြီးပြီးချင်း
နှစ်ခြင်းခံစေလိုက်ရာမှာ ကလေးဟာ ရေနစ်သေသွားရပြီး တံငါသည်ရဲ့ တံငါသည်ရဲ့ ပိုက်ကွန်ထဲမှာ ငါးရှာစဉ် ကလေးအ
လောင်းကိုပြန်တွေ့ ရတဲ့အဖြစ်ကို ရေးထားတယ် ။ ကလေးကို နှစ်ခြင်းခံစေလိုက်တာ မအောင်မြင်ဘဲ ကလေးကသေဆုံး
သွားရတယ် ။ ဒါ့ကြောင့် ဒါဟာ ကောင်းကင်ဘုံနဲ့ မသင့်တော်ဘဲ ၊ ကောင်းကင်ဘုံမရောက်တော့ဘဲ Limbo လို့ ခေါ်တဲ့ အနာ
အကျင်မဲ့နယ်နှင်ဒဏ်ခံရရာနေရာကို ရောက်သွားရမယ်လို့ ယူတဲ့ အော်သိုဒေါက်ကတ်သလစ် orthodox catholic အမြင်နဲ့ 
ယူကြတာကို ဆန်းစစ်ထားတယ် ။ ဒါဟာ ချစ်ခြင်းမေတ္တာကို ဝင်စားထားတယ်ဆိုတဲ့ ဘယ်လို God မျိုးနဲ့ မှ မကိုက်သယောင်
ဖြစ်နေပြီး မမျှတလှဘူးတဲ့ ။ “ ခရစ်တော်ရဲ့ လက်ဖဝါးတော်တွေပင် မကုစားနိုင် ၊ နာကျင်စေပြီး ၊ ဒီမှာငါးမဖမ်းနိုင်ရှာ ”လို့ ရေး
တယ် ။ ဒီကဗျာလိုပဲ Bye-Child ကဗျာဟာလည်း ကြက်ခြံထဲမှာ မိခင်ဖြစ်သူက လှောင်ပိတ်ထားတာကို ခံခဲ့ရတဲ့ကလေး
တစ်ယောက်အကြောင်း ၊ ဖွဲ့ ထားတယ် ။ ဒီကလေးဟာ ခြံထဲမှာပဲနေရပြီး ၊ သူ့ မှာ လူနဲ့ အထိအတွေ့  လုံးဝမရှိဘူး ။ဒီတော့
ကလေးဟာ လူစကားလုံးဝမပြောတတ်ဘူး ။ ကဗျာမှာ ဟေနီက ဒီကလေးအနေနဲ့ လူသားဆန်တဲ့ ဆက်သွယ်မှု ၊ လူအဖြစ်
အသိအမှတ်ပြုခံရခြင်းမရှိတာတွေကို မှင်သက်မိနေရတာကို ဖွဲ့ ထားတယ် ။
North
ဒီစာအုပ်ကတော့ ၁၉၇၅ မှာထွက်တဲ့ ဒုတိယမြောက် ကဗျာစာအုပ်ဖြစ်တယ် ။ ပထမအုပ်ကတော့ Stations ဖြစ်တယ် ။
ကဗျာတွေအားလုံးလောက်ဟာ အူလ်စတာ မှာ ကဗျာဆရာဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံတွေကို အခြေစိုက်ထားတယ်။ နေ
ရာတွေ ၊ ဒေသအမည်တွေကို ဖွဲ့ နွဲ့ ထားတဲ့ ဥပမာ- Mossbawn လို ကဗျာမျိုးတွေလည်းပါတယ် ။ ကဗျာအများစုဟာ
“မြောက်ဘက် ” လို့ အမည်တပ်ထားတဲ့အတိုင်း မြောက်အိုင်ယာလန်ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို နွယ်ယှက်ပြထားတယ် ။ ဒီစာ
အုပ်မှာ ဟေနီ့ ရဲ့ လူသိအများဆုံးကဗျာတွေ ပါဝင်ကြတယ်လို့ ဆိုကြတယ် ။
******************************************
ဟေနီ့ ကဗျာစာအုပ်တချို့ အကြောင်းတော့ ကောက်နှုတ်တင်ဆက်လိုက်ပါပြီ ။ ရှေးမတ်စ်ဟေနီဟာ ကဗျာတွေ ၊ စာတွေ
အများကြီးရေးခဲ့ပြီး သူ့ ကဗျာတစ်မျိုးထဲအကြောင်းပြောရရင်တောင် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ မက လေ့လာထိုက်တဲ့ဆရာ
ကြီးဖြစ်ပါတယ် ။ အထက်က ကျွန်တော်တို့ တင်ဆက်ခဲ့တဲ့ သူ့ ကဗျာနဲ့ ကဗျာဘဝအကြောင်း ၊ စာအုပ်များအကြောင်းတို့ ကို
ပညာရှင်လစ်ဗင်းစတန်နဲ့  ဟီးလ်ဘတ်တို့ ရဲ့ စာတမ်းမှာတင် တော်တော်ကလေးပြည့်ပြည့်စုံစုံရေးထားတာမို့ ရှာဖွေဖတ်ရှုနိုင်
ပါတယ် ။ ဒီမှာတော့ သူ့ ကဗျာတချို့ ကိုဘာသာပြန်ပြီး ပညာရှင်ကြီးများရဲ့ အနက်ဖွင့်ပုံတချို့ ကိုပါ မှီငြမ်းလို့ တင်ဆက်နိုင်
အောင် အားထုတ်ကြည့်ပါဦးမယ် ။ ဟေနီဟာ ငယ်ဘဝအဖြစ်အပျက်တွေ ၊ အမှတ်တရတွေကို သုံးသပ် ၊ ဥာဏ်ဝင်စားပြီး က
ဗျာဖွဲ့ လေ့ရှိတယ်လို့ ဆိုခဲ့ပါတယ် ။ ဒါ့ကြောင့် ဒီနေရာမှာ သူ့ ရဲ့ကဗျာနှစ်ပုဒ်ဖြစ်တဲ့ “ဘလက်ဘယ်ရီခူးဆွတ်ခြင်း ” Black-
berry picking နဲ့ ရထားလမ်းနံဘေး ကလေးသူငယ်များ The railway children တို့ ကို ဖေါ်ပြလိုပါတယ် ။ ဖတ်ကြည့်ပါ ။
ဘလက်ဘယ်ရီခူးဆွတ်ခြင်း
ဩဂုတ်လနှောင်းပိုင်း ၊ တစ်ပတ်လုံးမိုးသည်းထန်နေပြင်းလွန်းရင်ဖြင့်
ဘလက်ဘယ်ရီသီးတွေ မှည့်ရော့မယ် ။
အရင်ဆုံးတော့ ၊ တစ်လုံးလောက်ပဲ ၊ နီရောင်စိမ်းရောင် အခြားအလုံးတွေကြား
ပြောင်လက်လက်ခရမ်းရောင်တစ်လုံး ၊ ကြိုးထုံးလို မာကျောလို့  ။
အဲဒီပထမတစ်လုံးကို မင်းစားခဲ့ပြီး ၊ သူ့ အသားဟာ ချိုမြမြ
ပျစ်ခဲနေတဲ့ဝိုင်လို ၊ နွေရဲ့ သွေးဟာ အဲဒီထဲမှာ
လျှာဖျားပေါ် အစွန်းအထင်းတွေ ချန်ထားကာ (ဆက်) ခူးဖို့ အတွက်
ရမက်ပဲပေါ့ ။ ဒီ့နောက် အနီရောင်အသီးတွေ မှင်နီစွန်းကြ
အဲဒီ ဆာလောင်မှုဟာ ငါတို့ ကို နို့ ဗူးတွေ ၊ စည်သွပ်ပဲတောင့်ဗူးတွေ ၊ ယိုဗူးခွံတွေနဲ့ စေလွှတ်လိုက်ပေါ့ ။
အဲဒီမှာ ငါတို့ ဖိနပ်တွေကို စိုစွတ်စွတ်မြက်တွေက ဆေးချွတ်ကြ ၊ ချုံနွယ်တွေက ကုတ်ခြစ်ကြရဲ့ ။
မြက်ခြောက်ခင်းတွေနဲ့ အာလူးပျိုးပင်တန်းတွေ ပတ်ပြီး
ငါတို့ တပင်တပန်းသွားခဲ့ကြ ၊ သံဗူးတွေပြည့်တဲ့အထိ ၊ တတုံတုံမြည်နေတဲ့ ဗူးအောက်ခြေမှာ
အစိမ်းရောင်သီးတွေ ပြည့်သွားတဲ့အထိ ခူးဆွတ်ခဲ့ကြ ။ ဗူးထိပ်က ညိုမည်းမည်း အစေးလုံးတွေဟာ
မျက်လုံးတွေထည့်ထားတဲ့ ခွက်တစ်လုံးလို (အစေး)လောင်ခဲ့ ၊ ငါတို့ လက်တွေမလည်း
ဆူးစူးတဲ့ အပေါက်တွေနဲ့ ပူစပ်နေခဲ့ ။ ငါတို့ လက်ဖဝါးတွေ ဘလူးဘတ် * ရဲ့ လက်ဖဝါးတွေလို စေးပျစ်ပေါ့ ။
ဘယ်ရီသီးလတ်လတ်တွေကို နွားတင်းကုပ်ထဲ ငါတို့ စုကြတယ် ။
ဒါပေမဲ့ စည်ကို (ဘယ်ရီသီးတွေ) ဖြည့်လိုက်တော့ ငါတို့ အမွှေးတစ်ပင်တွေ့ မိ ။
ကြွက်လို မီးခိုးရောင်မှို ၊ ငါတို့ ရဲ့ လျှို့ ဝှက်သိမ်းဆည်းရာနေရာကို အစားကြူးနေရဲ့ ။
ဘယ်ရီးသီးဖျော်ရည်ဟာလည်း နံဟောင်ပုပ်သိုးပေါ့ ။ တောကဆွတ်လိုက်တာနဲ့ ချက်ချင်း
သစ်သီးဟာ အချဉ်ပေါက်ရော ၊ ချိုမြမြအသား ချဉ်သွားပါရောလား ။
ငါအမြဲပဲ ငိုချင်ရက်လက်တို့ ခံစားမိ ။ ဒီချစ်မြတ်နိုးစရာ
(သစ်သီး)စည်အပြည့်အသိပ်တွေဟာ အပုပ်နံ့ ရခဲ့တာဟာ မတရားပါဘူး ။
နှစ်တိုင်းပဲ အဲဒါတွေ မလတ်ဆတ်တော့မှာ သိသားနဲ့ ၊ လတ်နေဦးမယ် ငါ မျှော်လင့်မိခဲ့ပေါ့ ။
(*ဘလူးဘတ် Bluebeard- ရှေးခေတ် ဥရောပလူထုပုံပြင်များတွင် ပါလေ့ရှိသော ဗီလိန်ဇာတ်ဆောင်တစ်ဦး ။ ၎င်းသည် မိန်းမများစွာယူပြီးပြန်လည်သတ်ဖြတ်လေ့ရှိသူဖြစ်သည် ။
အချို့ သောပုံပြင်မူကွဲများတွင် ၎င်း၏ ဆယ့်ခုနှစ်ယောက်မြောက်နောက်ဆုံးမိန်းမမှာ အသတ်မခံရဘဲလွတ်မြောက်သွားခဲ့သည်။)
ဒီကဗျာက လေ့လာကြည့်ရင် ဟေနီ့ ရဲ့ ကလေးဘဝအတွေ့ အကြုံကို အခြေခံပြီး လောကအမြင်ကို ပြန်သုံးသပ်ထုတ်ဖေါ်တဲ့
ကဗျာလို့ ယူချင်ပါတယ် ။ ကဗျာခေါင်းစဉ်က “ဘလက်ဘယ်ရီ ခူးဆွတ်ခြင်း ”လို့  ရိုးရိုးပဲအမည်ပေးထားပြီး ကလေးဘဝတုန်း
က ဘယ်ရီသီးတွေခူးဆွတ်ခဲ့တဲ့အတွေ့ အကြုံကို ပြန်ပြောင်းတင်ပြထားတယ် ။ ပထမပါဒက စလို့ တောက်လျှောက်ဖတ်သွား
ရင် ကလေးဘဝက ဘလက်ဘယ်ရီသီးခူးကြတဲ့ အတွေ့ အကြုံကိုပြောပြသွားတယ် ။ဒါပေမဲ့ နောက်ဆုံးစာကြောင်းမှာကျ
တော့ အရွယ်ရောက်သူတစ်ဦးရဲ့ သုံးသပ်မှုနဲ့ အမြင်က ပေါ်လာတယ်။“ နှစ်တိုင်းပဲ အဲဒါတွေ မလတ်ဆတ်တော့မှာ သိသား
နဲ့ ၊ လတ်နေဦးမယ် ငါမျှော်လင့်မိခဲ့ပါပေါ့ ” လို့ ဆိုရာမှာ ငယ်ဘဝအတွေ့ အကြုံအရ မြဲတယ်လို့ ထင်ခဲ့တာ(ဘယ်ရီသီးတွေ
ကို သိမ်းထားလိုက်တာနဲ့ အမြဲလတ်ဆတ်ပြီး စားကောင်းနေတော့မှာပဲလို့ လောကသဘာဝကို နားမလည်ဘဲ အထင်မှားခဲ့
တာ)ကို မှားမှန်းသုံးသပ်ပြတာတွေ့ ရတယ် ။ ဒီနေရာဟာဖြင့် ကဗျာရဲ့ အထွတ်အထိပ်အာဘော်ပါပဲ ။ ကျွန်တော်တို့ ဟာ ဘဝ
မှာ ရှောင်လွှဲလို့ မရတဲ့ ဆုံးရှုံးမှုတွေ ၊ ပြောင်းလဲမှုတွေကို သဘောမပေါက်လှဘဲ မြဲမယ်လို့ ယူတတ်ကြတာကို ကဗျာက သတိ
ပေးနေတယ်လို့ ထင်ပါတယ် ။
ကဗျာအဖွင့်မှာ ဩဂုတ်လနှောင်းပိုင်းလို့ ပြထားတယ် ။ ဒီအချိန်ဟာဖြင့် (သူတို့ ဆီမှာ )ကောက်ရိတ်သိမ်းချိန်
ဖြစ်ရုံသာမက ၊ အချစ်ရေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ၊ မိသားစုပျော်ပွဲစားတွေ ထွက်ကြတာတွေ ၊ ကျောင်းစတက်တဲ့
အချိန်တွေကိုလည်း မြင်ယောင်သွားစေတယ် ။ ကျေးလက်ရှုခင်းမှာ ဘလက်ဘယ်ရီးသီးတွေရောင်စုံကို ဖေါ်ပြလိုက်ပုံက
လည်း စကားလုံးရွေးချယ်သုံးနှုန်းပုံနဲ့ အလင်္ကာသုံးမှုပိုင်နှိုင်ပုံကို ပြနေတယ် ။ “ ပြောင်လက်လက် ခရမ်းရောင်တစ်လုံး ၊ နီ
ရောင် စိမ်းရောင်တခြားအလုံးတွေကြား ” လို့ ဖေါ်ပြတာ ။ “ကြိုးထုံးလိုမာကျောလို့  ” လို့ ဥပမာအလင်္ကာသုံးပုံတွေကို ကြည့်
နိုင်တယ် ။ ကဗျာမှာ ငါတို့ လို့ သုံးထားတဲ့အတွက် ဟေနီလေးအပါအဝင် တခြားကလေးငယ်တွေလည်း ပါနိုင်တယ် ။ ကလေး
တွေဟာ ဘယ်ရီသီးတွေမှည့်ပြီဆိုတာနဲ့ တစ်လုံးခူးစားကြ ၊ ချိုလို့ နောက်ထပ်စားချင်ကြနဲ့ ရသမျှဗူးခွံတွေယူကာ ချုံတွေ ၊
မြက်တွေကြားသွားပြီး အာသာငမ်းငမ်းနဲ့  သစ်သီးခူးခဲ့ကြတယ် ။ ဒီမှာ အလင်္ကာအနေနဲ့ ဘယ်ရီသီးကို “ပျစ်ခဲနေတဲ့ဝိုင် ”၊ အဲ
ဒီထဲမှာလည်း “နွေရဲ့ သွေး ” ရှိတာတွေကို ဖေါ်ပြထားတာလည်း လှပလှတယ် ။ ယခုတင်ဆက်မယ့် ဒုတိယအပုဒ်ကလည်း
ကလေးဘဝအတွေ့ အကြုံတွေကို အခြေခံတာ ၊ ကလေးရဲ့ အမြင်နဲ့ လောကကိုကြည့်ပြီး အံ့ဩတာကို ဖွဲ့ ပြထားတယ် ။
ရထားလမ်းနံဘေးက ကလေးတွေ
ရထားလမ်းလှိုဏ်ခေါင်းရဲ့ ကုန်းစောင်းတွေပေါ် ငါတို့ တက်ခဲ့တော့
ငါတို့ ဟာ တရှဲရှဲမြည်နေတဲ့ ဝိုင်ယာကြိုးတွေနဲ့ ကြေးနန်းတိုင်တို့ ရဲ့ 
ခွက်ဖြူဖြူတွေနဲ့ မျက်စိတစ်တန်းထဲဖြစ်ခဲ့ ။
လက်တန်းဆွဲထားတဲ့ ချစ်စရာပုံကြမ်းလို အဲဒါတွေဟာ
ငါတို့ ရဲ့  ဟိုးဘက် အရှေ့ ဘက်ကမိုင်တွေ ၊ အနောက်ဘက်က မိုင်တွေ အများကြီးတိုင်အောင် ကွေးညွတ်လို့ 
ပျံလွှားငှက်တွေကြောင့် သူတို့ ဝန်ပိနေရမှုအောက်မှာ အိတွဲကျလို့  ။
ငါတို့ ဟာ သေးသေးလေးရယ် ၊ ပြီးတော့ သိလောက်စရာ ဘာမှ
မရှိဘူးရယ်လို့ ထင်ခဲ့ကြ ။ စကားလုံးတွေဟာ မိုးပေါက်တွေရဲ့ 
တောက်ပတဲ့ အိပ်ကပ်လေးတွေအသွင်နဲ့ ဝိုင်ယာကြိုးတွေထဲ ခရီးသွားတယ် ထင်ခဲ့ကြ ၊
မိုးပေါက်တစ်ခုချင်းဟာ ကောင်းကင်ရဲ့ အလင်းရောင်နဲ့ အပြည့်အဝ
မျိုးစေ့ချထားပေါ့ ၊ လိုင်းတွေရဲ့ အရောင်လက်မှု ၊ ပြီးတော့
ငါတို့ ကိုယ်တိုင်ဟာလည်း တိုင်းတာကြည့်ရင် အလွန်တရာ ပိစိကွေးလေးဖြစ်ခဲ့
အပ်နဖားပေါက်ရဲ့ မျက်လုံးကတဆင့် ငါတို့ စီးဆင်းသွားနိုင်လေရဲ့  ။
\\ The Railway Children \\
ဒီကဗျာလေးကလည်း ငယ်စဉ်မှာ ဟိုဒီလျှောက်သွား ကစားတတ်ကြတဲ့ ကလေးသဘာဝကို ပြန်မြင်စေတယ် ။ တောတွေ ၊
တောင်တွေနဲ့ ရထားလမ်းဖြတ်သန်းရာဒေသတွေမှာ နေဖူးတဲ့သူများကတော့ ကဗျာကို ခံစားတတ်မှာပဲ ။ ကဗျာရဲ့ အဖွင့်မှာ
ကထဲက ငယ်ဘဝတုန်းက သူတို့ ရထားလမ်းလှိုဏ်ခေါင်းရှိရာ ကုန်းအနိမ့်အမြင့်တွေပေါ်လျှောက်သွား တွယ်တက်ခဲ့ဖူးတာ ။
အဲဒီကနေကြည့်လိုက်ရင် လျှပ်စစ်ဓါတ်စီးနေတဲ့ဝိုင်ယာကြိုးတွေကို မြင်ရတာ( ဝိုင်ယာကြိုးတွေ လျှပ်စစ်ဓါတ်စီး မီးပွားလေး
တွေ ထတောက်ပုံမျိုးကို ပါ သရုပ်ပေါ်အောင် မီးဖိုပေါ်မှာ ကြော်ချက်တဲ့အခါထွက်ပေါ်တဲ့ တရှဲရှဲမြည်ပုံ sizzling ဆိုတဲ့ နာမဝိ
သေသနနဲ့ အထူးပြုထားတာ သတိပြုပါ ) ဖေါ်ပြထားတယ် ။
ဒီနောက် ဒုတိယအပိုဒ်မှာ အမြင့်ကနေမြင်ရတဲ့ မြင်ကွင်းကို ဆက်ဖေါ်တယ် ။ ဝိုင်ယာတွေနောက်ခံနဲ့ ရှုမျှော်ခင်း
ဟာ တိတိကျကျပုံပေါ်လာတယ် ။ ဟိုးအဝေးကြီးထိတောက်လျှောက်ဆက်သွယ်ထားတဲ့ ဝိုင်ယာကြိုးတွေပေါ် ပျံလွှားငှက်
တွေ တစ်ခါတစ်ခါနားမိရင် အိတွဲကျနေပုံပါ ပေါ်လာတယ် ။ တတိယပိုဒ်ကတော့ အဲသလို ဟိုးတောင်ထိပ် ၊ ကုန်းထိပ်လို အ
မြင့်တစ်နေရာတက်ပြီး ကြည့်မိမယ်ဆိုရင် ဖြစ်တတ်တဲ့ကိုယ့်ကိုယ်ကိုယ်ခံစားမှုလိုပဲ ။ ကိုယ်ဟာ သေးသေးလေးပါလားရယ်
လို့ မြင်လာ ၊ ခံစားမိလာတာ ၊ လူတွေဆက်သွယ်ပြောဆိုလိုက်ကြတဲ့ စကားတွေဟာဖြင့် ဒီဝိုင်ယာကြိုးတွေထဲမှာ သွားလာ
နေခဲ့တယ်လို့ ကလေးဆန်ဆန်ထင်ခဲ့ပုံ ၊ အမြင့်ကကြည့်တော့ ဝိုင်ယာတွေ ၊ ကြေးနန်းကြိုးတိုင်ထိပ်တွေနဲ့ ကိုယ်နဲ့ မျက်လုံး
တစ်တန်းထဲဖြစ်နေတာ ၊ အဲဒီကနေကြည့်လိုက်ရင် တိုင်ထိပ်တွေဟာ အပ်တစ်ချောင်းထောင်လိုက်ရင် ထိပ်က အပ်နဖား
ပေါက်ကိုမြင်ရသလိုပဲ အဲဒီအပေါက်လေးထဲကနေ စီးဆင်းသွားနိုင်တယ်လို့ တောင် ထင်မိကြတာကို ဖွဲ့ ထားတယ် ။ ကျွန်
တော့်တစ်ဦးထဲအမြင်အရတော့ ချစ်စရာကောင်းတဲ့ ကဗျာတစ်ပုဒ်ရယ်လို့ ယူချင်ပါတယ် ။
ရှေးမတ်စ်ဟေနီလေ့လာရေး
ရှေးမတ်စ်ဟေနီရဲ့ ကဗျာတွေဟာ လေ့လာမယ်ဆိုရင်တော့ အလွန်ပဲ ထုထည်ကြီးမားလှတဲ့လက်ရာအပေါင်းအစုလည်း ဖြစ်ပါ
တယ် ။ ဟေနီ့ ကို ရောဘတ်လိုဝဲက “ယိတ်စ်ပြီးနောက် အကြီးကျယ်ဆုံးအိုင်းရစ်ကဗျာဆရာ ” ရယ်လို့ ချီးကျူးခဲ့ပြီးနောက်
ပိုင်းမှာ ဒီကဗျာဆရာကြီးနှစ်ဦးဟာလည်း မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ် ။ ဟေနီဟာ ပထမဆုံးကဗျာစာအုပ် Death of a
Naturalist နဲ့ ပဲ Eric Gregory ဆုကို ၁၉၆၆ မှာ ၊ Cholomondeley ဆုကို ၁၉၆၇ မှာ ၊ ဆမ်းမားဆက်မွန်ဆုနဲ့ ဂျော်ဖရီ ဖေ
ဘာ အမှတ်တရဆုကို ၁၉၆၈ မှာရခဲ့တယ် ။ Sweeney Astray စာအုပ်နဲ့ PEN ကဗျာဘာသာပြန်စာအုပ်ဆုကိုရခဲ့သလို ၊ The
Haw Lantern စာအုပ်နဲ့  ၁၉၈၇ မှာ Whitebread ဆုရခဲ့တယ် ။ ၁၉၉၅ မှာ စာပေနိုဗယ်ဆုရပြီးနောက် The Sprit Level နဲ့ 
၁၉၉မှာ Whitebread ဆု ထပ်ရတယ် ။ ၂၀၀၀ ပြည့်နှစ်များအလွန်မှာရတာတွေကတော့ ထရူးမင်းကပုတ်စာပေဆု
(၂၀၀၃) နဲ့ တီ၊အက်စ် ၊ အဲလိယော့ကဗျာဆု (၂၀၀၆ ) ၊ ဒေးဗစ်ကိုဟင်ဆု (၂၀၀၉) တို့ ဖြစ်ကြပါတယ် ။
ကျော်မျိုး
စာညွှန်း
1.Rosemary M. Canfield Reisman(ed.), Irish Poets ( Critical Survey of Poetry) ,Ipswich:Mass:Salem Press,
2012 .
0 comments:
Post a Comment