မခို့တရို့  မြန်မာပြည်
Nanda Htun Htet December 16, 2013 at 3:31am
မြန်မာနဲ့ ထိုင်းပွဲနေ့ ညနေက . . .
ရုံးကနေအိမ်အပြန် လမ်းလျှောက်လာတုန်း ၊ ရှေ့က ခပ်သုတ်သုတ်သွားတဲ့ မွတ်ဆလင် လူငယ်နှစ်ဦးမှာ တစ်ယောက်က နောက်တစ်ယောက်ကို ပြောသွားတဲ့စကားကိုကြားမိတယ်။
“မြန်မြန်လာ၊ ဟေ့ကောင် ဒီပွဲမှာ ငါတို့မြန်မာက ထိုင်းကို အမှန်အကန်သိပ်မှာ”တဲ့ .. . ဗျား၊
. . . ပြီးတော့ “မြန်မာ့အားကစား၊ ကမ္ဘာကိုလွှမ်းရမည်” ဆိုတဲ့ မဖြစ်နိုင်တဲ့ စာသားကြီးပါတဲ့သီချင်းတစ်ပိုင်းတစ်စတောင် ငြီးသွားလိုက်သေးတယ်။ :D
အဲဒီမှာ ကျနော်တစ်ခုတွေးမိတယ်။ လူမျိုး၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံချစ်စိတ်ဆိုတာကြီးကို . . .
အဲဒီတော့ လူမျိုး၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံချစ်စိတ်ဆိုတာ ကို ခွဲမြင်တာပေါ့။ အရင်ကလည်းခွဲမြင်ပေမယ့် အခုလက်တွေကြားမိတော့ ပိုကွဲသွားတယ်။ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးပင်ဖြစ်စေ ကိုယ်မွေးဖွားလာတဲ့ တိုင်းပြည်ကိုတော့ အနည်းနှင့်အများချစ်ကြတာပဲပေါ့။ ဒါဟာ ပစ်ပယ်လို့မရတဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ်။
မျိုးချစ်စိတ်နဲ့ နိုင်ငံချစ်စိတ်လည်း အမှန်ဆိုကွဲပြားတယ်။ ကိုယ့်အမျိုးအနွယ်ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း တွေကိုချစ်မြတ်နိုးတာ၊ စိတ်ဝင်စားတာ ထိမ်းသိမ်းတာတွေဟာ ရှိသင့်ရှိအပ်တဲ့ အပြုအမူတွေပါ။ ကိုယ့်အမျိုးအနွယ် မတိမ်ကော မပပျောက်အောင် တိုးမြှင့်ကြိုးပမ်းသင့်တာပေါ့။ ဒါဟာ ဂုဏ်ယူစရာ။
တစ်နေ့တစ်လောက ဦးတေဇ ရန်ကုန်ခေါ်လာတဲ့ နောက်ဆုံးနှစ်ဦးတည်းသာကျန်တော့တဲ့ လူမျိုးအကြောင်းဖတ်ရတော့ ကိုယ်နဲ့ဘာမှမဆိုင်ပေမယ့် စိတ်မကောင်းဖြစ်မိတယ်ဗျ။ သြော် - သူတို့နှစ်ယောက်သေရင် သူတို့ရဲ့ ဘယ်တုန်းကတည်းက သတ်မှတ်ခေါ်ဝေါ်လာမှန်းမသိတဲ့ လူမျိုးနွယ်တစ်ခုတော့ ကမ္ဘာကြီးပေါ်မှာ အဆုံးသတ်သွားပြီပေါ့။ နှမျောစရာကောင်းလှသလို ၀မ်းနည်းစရာလည်း ကောင်းလှတယ်။ သူတို့တော့ ဒီလိုခံစားတတ်-မတတ်မသိပေမယ့် မြန်မာပြည်အတွက်တော့ ဆုံးရှုံးမှုတစ်ခုပဲ။ သူတို့နှစ်ယောက်ပြီးရင် ပြတ်ပြီ။
ဒါကြောင့် ရခိုင်လူမျိုးတွေ၊ ကရင်လူမျိုးတွေ၊ ရှမ်းလူမျိုးတွေအစရှိသဖြင့် မိမိရိုးရာကိုထိမ်းသိမ်းစောင့်ရှောက်ကြတာ၊ လူငယ်တွေကအစ စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ကြတာကိုကြည့်ပြီး ကျနော် ဗမာလူမျိုးက သဘောကျနေမိတယ်။ ကျနော်တို့လည်း ထိမ်းသိမ်းစောင့်ရှောက်ကြတာပဲမို့လား။ ဒါက ကိုယ့်အမျိုးအနွယ်ကို ချစ်တဲ့စိတ်။ မြန်မာတိုင်းရင်းသားတွေမှာက ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်စသဖြင့် ယဉ်ကျေးမှုတစ်ခုနဲ့ တစ်ခုကလည်း ကွဲပြားတာရှိသလို ခွဲထုတ်လို့မရအောင်ရောထွေးနေတာတွေကလည်း အများသားကလားခင်ဗျာ။ ဘယ်ပွဲဟာ ဘယ်သူ့ရိုးရာမှန်းမသိလောက်အောင်ကို အတူတူ ၀ိုင်း ဆော်ကြ-ပျော်ကြ-နွှဲကြ တာပဲကိုးခင်ဗျ။ အဲဒီလို သူ့ပွဲကိုယ့်ပွဲ ခွဲမနေပဲ ၀ိုင်းနွှဲကြတာဟာလည်း မြန်မာပြည်ဖွား တိုင်းရင်းသားတို့ရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပြီ။ အတူတူရောနေ၊ ပြန့်နေတော့ ရောနွှဲတာပဲ . . ။
နိုင်ငံချစ်စိတ် ကိုကျတော့ ဒီလိုတွေးမိတယ်။ တိုင်းရင်းသားအကုန်၊ ကြီးကြီးသေးသေး၊ များများနည်းနည်း - နှစ်ယောက်တည်းပဲရှိရှိ၊ သန်းနဲ့ပဲချီရှိရှိ။ အတူတူ ပူးပေါင်းနေကြရတဲ့ ဒီတိုင်းပြည်အတွက် ကိစ္စတွေမှာကျတော့ မျိုးနွယ်ချစ်စိတ်နဲ့ နိုင်ငံချစ်စိတ်ကို လိုတိုးပိုလျော့ လုပ်တန်တာလေးတွေလည်း ရှိလာမှာလို့တွေးမိပြန်ရောခင်ဗျ။ တိုင်းရင်းသားအားလုံးအညီအမျှကောင်းဖို့အတွက် ရှေးရှုရမှာကိုး။ ဒါကြောင့် အခွင့်အရေး သိပ်မြင့်တဲ့လူမျိုးကလည်း နှိမ့်ပေးရမယ်။ တစ်ခြားသော လူမျိုးငယ်ကလေးတွေကို မိမိအခွင့်အရေးကို ဖဲ့ပေးနိုင်ရမယ်။ အခွင့်အရေးနည်းပါးတဲ့ လူမျိုးကလည်း မိမိနိမ့်ကျနေလို့ အခြားလူမျိုးကြီးတွေကိုပဲ အပြစ်မြင်မနေပဲ ကြိုးစားအားထုတ်ရမယ်။ ပညာတတ်လူတော်တွေများများ ပေါ်ထွန်းအောင်မွေးထုတ်နိုင်ရပါမယ်။ ဒါမှ ကိုယ့်လူမျိုးကို ကိုယ်မြှင့်တင်နိုင်တဲ့ သူတွေပေါ်ထွက်လာနိုင်မှာပါ။ အဲဒါမှ မြင့်မားတဲ့အခြေအနေတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီနေရာမှာတော့ တစ်ခု၊ တစ်ခုအကျိုးစီးပွားထက် ဘုံအကျိုးစည်းပွားကို ရှေးရှုနိုင်ရပါမယ်။ အသီးအသီးကွဲပြားနေတဲ့ လူမျိုးပေါင်းတစ်ရာကျော်ရဲ့ ဇာတိပုညဂုဏ်မာနတွေကို အားလုံးပေါင်းစည်းရပ်တည်ခွင့်ပေးတဲ့ ဒီမြေကြီး၊ ဒီနိုင်ငံအတွက် တစ်ခုတည်းသော မျိုးချစ်စိတ်အဖြစ်၊ နိုင်ငံသားအားလုံး လူမျိုး၊ ဘာသာ ၊ ကြီးငယ်မရွေးတဲ့ မျိုးချစ်စိတ်အဖြစ် ပြောင်းပစ်နိုင်ရမှာဖြစ်ပါတယ်။
စည်းစည်းလုံးလုံးနဲ့သွားရင် အပျက်ရွေ့ ရွေ့နေတဲ့ ဒီကမ္ဘာပေါ်မှာ ကျနော်တို့နိုင်ငံလေးဟာလည်း ကျဆုံးကုန်ကြတဲ့ မညီညွတ်တဲ့နိုင်ငံတွေကို မခို့တရို့ဟန်ပန်လေးနဲ့ ခြေတစ်ချောင်းချိတ်လို့ အမြဲထာဝရ မတ်မတ်ရပ်တည် ကြည့်နေနိုင်လိမ့်မယ်လို့ ကျနော်ထင်မိတယ်ဗျာ။
(စနေသား)
16-12-2013
Photo Credit to ; ရေးဆွဲသူမည်သူမှန်းမသိသေး။ အင်တာနက်
0 comments:
Post a Comment