“ရင်ခုန်ဖက်”
Soe Min December 10, 2013 at 9:18am
ကြုံတောင့်ကြုံခဲ
ဆီးဂိမ်းပွဲကြီးမှာ အားတက်သရော ပါဝင်ဆင်နွှဲကြတဲ့
ကျောင်းသား လူငယ်ကလေးတွေကို တွေ့ရတဲ့အခါမှာ သူတို့လို လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါး မပျော်မြူးနိုင်တာ တော်တော်ကြာသွားပြီပဲ လို့
သတိထားမိပါတယ်။ ဟုတ်ပါရဲ့။ ကလေးတွေကတော့ ပျော်နေလိုက်ကြတာ။
မောရမှန်းပန်းရမှန်း မသိ။ ပြေးရင်းလွှားရင်း မတော်တဆ လဲကာကွဲကာ
ထိပ်ပေါက်ခေါင်းပြဲ ဖြစ်ခဲ့ရင်တောင် တပတ်မနွမ်း မညှိုးပန်းနဲ့ ဟီးဟီး လို့
သွားကလေးဖြဲပြတယ်။ ပင်ပန်းတာကတော့ ဘယ့်နှယ်ပြောပါလိမ့်။ တစ်ရက်လည်းမဟုတ်၊
နှစ်ရက်လည်းမဟုတ်။ နေပူကျဲတဲကြီးအောက်မှာ ချွေးသံတရွှဲရွှဲနဲ့။ မူးကာမေ့ကာ
လဲတဲ့သူလည်း လဲကြရှာတယ်။ ဒါပေမယ့် အားခဲထားလိုက်ကြတာ။
မလျှောက်နိုင်မှ ထိုင်ချလိုက်မယ် ရသလောက်တော့ ဆက်လျှောက်ဦးမှာတဲ့။ လူကြီးတွေ မျက်နှာရချင်တာနဲ့ ကလေးတွေကို မညှာမတာ မတရားသဖြင့် ခိုင်းစားနေတာလို့ ထင်ရင်တော့ သူတို့လေးတွေနဲ့တွေ့ရင် ကိုယ်တိုင်သာ မေးကြည့် လိုက်ကြပါဗျာ။ ခနလောက်နားလိုက်ရမှာတောင် စိုးနေတာ။ ပျော်နေတယ်လေ။
ပွဲပြီးမှပဲ အမောဖြေတော့မယ်တဲ့။
“ဒီလူကြီးတောင် အစိုးရမှိုင်းမိသွားပါပေါ့လား။ လုပ်သား ကြေးမုံ ဆောင်းပါးတွေ ရေးနေပြီ။ ကုလားထိုင်လေး၊ မြေကွက်လေးတောင် မပေးရသေး။ အနားခေါ်ပြီး ကျောသပ်ရင်သပ် ဆယ့်သုံးကျပ်လောက် လုပ်လိုက်တာနဲ့ လေသံတွေက ပြောင်းသွားပြီ မတွေ့ဘူးလား။” လို့ အတင်းတုပ်တဲ့သူတွေအတွက်တော့ မပြေးသော် ကန်ရာရှိ ဖြစ်နေပြီနော်။ ပြောချင်တဲ့သူတွေက ပြောချင်တာပြောပစေလေ။ ကိုယ်လည်း ကိုယ်ရေးချင်တာတွေကို စိတ်ထဲရှိတဲ့အတိုင်း ရေးမှာပဲ။ ဖတ်တဲ့သူကသာ ဟုတ်သည် မဟုတ်သည် ကိုယ်ယုံကြည်ရာ လက်ခံပေါ့။
ကိုယ်မြင်သလောက်တော့ သူတို့လေးတွေ သနားပါတယ်။ ပင်ပန်းရှာတယ်။ ဒါပေမယ့် ပျော်နေကြတယ်။ ဘယ်သူ့ကြည့်လိုက်ကြည့်လိုက် ကျေနပ်တယ် ဆိုတဲ့ မျက်နှာပေးတွေ့ရမယ်။ မြန်မာနိုင်ငံ တနံတလျားက ကျောင်းသားကလေးတွေ ပါတယ်ဆိုပေမယ့် အများစုကိုကြည့်လိုက်ရင် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ တောင်ညိုတ၀ိုက်ရွာကလေးတွေက လူငယ်ကလေးတွေ။ နီးနီးနားနားဆို သူတို့ပဲ ရှိတာကိုး။ သူတို့လေးတွေအတွက် နိုင်ငံတော်အဆင့် အားကစားပွဲတစ်ပွဲကို ကိုယ်တွေ့မျက်မြင်လာကြည့်ဖို့ဆိုတာတောင် တော်ရုံနဲ့ စိတ်ကူးမယဉ်နိုင်တဲ့ဘ၀ပါ။ အခုဟာက အရှေ့တောင်အာရှပွဲကြီးမှာ ကိုယ်တိုင်တတပ်တအား ပါဝင်ခွင့်ရမှာဆိုတော့ သူတို့လောက် ပျော်တဲ့လူရှိပါဦးမလား။ မီးဆလိုက်တွေ ၀င်းဝင်းတောက်နေတဲ့ အားကစားကွင်း အကြီးကြီးထဲမှာ ကိုယ့်ဘာသာကိုယ်တောင် တီဗီထဲပြန်တွေ့ရရင် မယုံနိုင်လောက်အောင် ပြေးပြေးလွှားလွှား ကကြခုန်ကြရတယ်။ အခွေထဲမှာပဲ တွေ့ဖူးတဲ့ အနုပညာရှင်တွေ နိုင်ငံကျော်အားကစားသမားတွေကို ကိုယ်နဲ့အတူတူ ဖျော်ဖြေနေတဲ့သူတွေအဖြစ် အရှင်လတ်လတ် မျက်ဝါးထင်ထင် တွေ့ရတယ်။ ရွာရောက်ရင် ပြောပြစရာတွေကလည်း တပုံကြီးကျန်သေးတယ် ဖြစ်မှာမလွဲ။ ကိုယ်ကိုယ်တိုင် သူတို့နေရာမှာ ၀င်ခံစားကြည့်မိရင် သဘောပေါက်လွယ်ပါတယ်။ ဒီကလေးတွေခေါင်းထဲမှာ ဘာနိုင်ငံရေးမှ အရောင်မစွန်းသေးဘူး။ ကိုယ့်ထက်တောင် ဖြူစင်ဦးမယ်။
ကိုယ်ငယ်ငယ်ကရော အဲသလိုပွဲမျိုးတွေ ၀င်ကြဲခဲ့ဖူးသလား လို့ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဘာသာတောင် ပျော်သွားတယ်။ လုပ်ဖူးသားပဲ။ သူတို့လောက်တောင် ဖြစ်ဖြစ်မြောက်မြောက် မဟုတ်ဘူး။ ၀ါးလုံးခေါင်းထဲ လသာရတာ။ မြို့နယ်ပွဲ တိုင်းပွဲလောက်ကို စိတ်ထဲမှာ အကြီးကြီးထားပြီး ၀င်ပါရတာ။ စစ်ရေးပြလုပ်ဖူးတယ်။ ကာယလေ့ကျင့်ခန်းပြိုင်ဖူးတယ်။ အလံကိုင်တပ်ဖွဲ့တို့၊ ရှေ့ဆောင်လူငယ်တို့ ကျောင်းကခိုင်းသမျှ လူလုံးပြရမယ့် အလုပ်တွေဆို ဆရာမတွေက နှစ်ခါခေါ်စရာမလိုဘူး။ စွေ့ကနဲ ပါသွားရော။ အတန်းပျက် စာသင်ပျက် အလကား အရေမရအဖတ်မရ အလုပ်တွေလို့ ကောင်းချီးပေးမယ့်သူတွေ အဲသည်အချိန်ကတည်းက ရှိခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အခုဆီးဂိမ်းမှာပါတဲ့ ကလေးလေးတွေကို မမြင်ရခင်အချိန်အထိ “ငါ ငယ်ငယ်က သိပ် အ တာပဲ။ ကျောင်းက ဆရာမတွေ ခိုင်းသမျှ ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားကျောင်း အလုပ်တွေ ၀င်ဝင်လုပ်ခဲ့မိတယ်။” လို့ တွေးမိနေတုန်းပဲ။
အခု သည်ကလေးလေးတွေတွေ့တော့ သူတို့နဲ့သက်တူရွယ်တူ အိမ်မှာကျန်ခဲ့တဲ့ ကိုယ့်သမီးအကြောင်းကို ဆက်တွေးမိတယ်။ သမီးကတော့ သည်လို နေပူစပ်ခါး ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်ရဘူးပေါ့။ သူတို့လိုမျိုး နမ်းဝတ်နမ်းစားနေနိုင်ဖို့တော့ ဖြစ်ကို မဖြစ်နိုင်ဘူး။ တနေကုန် ချွေးတလုံးလုံးနဲ့ ၀တ်စုံကလေးတွေက နောက်တနေ့ ဒါပဲဆက်ဝတ်ရဦးမှာမို့ မ၀တ်ခင် နမ်းနမ်းကြည့်ကြတယ်။ နေ့ခင်း နေပူကြဲတဲကြီးက ထမင်းထုပ်ကလေးတွေကို ညနေတန်းဖြုတ်ခါမှ ၀မ်းဟာဟာနဲ့စားရတော့ မစားခင် နမ်းနမ်းပြီးမှ စားရတယ်။ သိုးများသိုးနေပလားလို့။ ဒါပေမယ့် သမီးလေးဘ၀က သူတို့လိုလည်း ပျော်စရာမကောင်းပါဘူး။ ပြည့်စုံခြင်းရဲ့အလယ်မှာ ပျင်းစရာကောင်းချက်တွေ တပုံတပင်နဲ့။ ရင်ခုန်သံ မကြားရ။ အသက်မ၀င်သလို ရှိတယ်။ သမီးမှာ ခုချိန်ထိ သူတို့လိုမျိုး ချစ်ချစ်ခင်ခင် လည်ပင်းဖက်ပေါင်းစရာ၊ တစ်သက်လုံး ယုံကြည်စိတ်ချစွာ ပေါင်းသင်းစရာ သူငယ်ချင်းမိတ်ဆွေကောင်း မရှိသေးဘူး။ ရဲဖော်ရဲဖက်ဆိုတဲ့စကားကို သမီးလေး နားလည်မှာ မဟုတ်ဘူး။
ကျောင်းတက်တယ်ဆိုတာ မနက်လာ ညနေပြန်၊ စာတွေသင် စာတွေကျက် အလွတ်ရလေ အမှတ်များလေ၊ အချိန်တန်တော့ စာမေးပွဲဖြေဆိုတာထက် အရေးကြီးတာတွေ အများကြီးရှိတယ်။ လူဆိုတာ တစ်ယောက်တည်း နေတဲ့ သတ္တ၀ါမဟုတ်ဘူး။ သမီးလေးရဲ့ ပတ်ဝန်းကျင်ဟာ အခါခပ်သိမ်း ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတွေနဲ့ ၀န်းရံမထားနိုင်ဘူး။ လူ့လောကဆိုတာကြီးကို သမီးကိုယ်တိုင် အဆင်ပြေလိုက်လျောစွာ ဆက်ဆံတတ်ဖို့လိုတယ်။ သမီးလေးရဲ့ လူမှုဆက်ဆံရေး အရည်အသွေးကိုလိုက်ပြီး သမီးလေးမှာ ရန်သူဆိုတာတွေလည်း ရှိလာမယ်။ မိတ်ဆွေဆိုတာတွေလည်း ရှိလာမယ်။ ဘယ်ဟာတွေကများပြီး ဘယ်ဟာတွေက နည်းမလဲဆိုတာကတော့ သမီးရဲ့ စိတ်ရင်းစေတနာအခံရယ် ပြောဆိုဆက်ဆံမှုရယ် အပေါ်မှာတည်မှာပေါ့။ အဲသည်အရည်အသွေးတွေ ပြည့်ဝလာဖို့အတွက်ကတော့ ကျောင်းသင်ခန်းစာ ဖတ်စာအုပ်တွေထဲမှာ မပါဘူး။ ကျောင်းကစစ်တဲ့ စာမေးပွဲတွေထဲမှာလည်း မပါဘူး။ ဘ၀သင်ခန်းစာတွေနဲ့ ဘ၀ကစစ်တဲ့ စာမေးပွဲတွေမှာ ဘ၀နဲ့ရင်းပြီး သင်ကြားတတ်မြောက်ရတယ်။
သည်အခါမှာ အဖေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကိုယ် သွန်သင်ပျိုးထောင်ပေးမိတဲ့ ပုံစံများ မှားနေပြီလားလို့ ပြန်သုံးသပ်ဖြစ်ပါတယ်။
ကလေးဘ၀တုန်းက “တော်လိုက်တာနော်” လို့ အားကျမိတဲ့ စံပြမေမေတစ်ယောက်ကို အခုချိန်မှာတော့ အမြင်တစ်မျိုးပြောင်းလာတယ်။ လူပျိုကြီးဖားဖားဖြစ်နေတဲ့ သားတော်မောင်ကို တစ်ရက်မပြတ် စာသင်ခန်းထဲရောက်အောင် ကိုယ်တိုင်လိုက်ပို့၊ စားပွဲ ကုလားထိုင် ရေပတ်ဝတ်နဲ့သုတ်ပေးပြီးမှ အတန်းထဲထားခဲ့၊ ညနေလာကြို လွယ်အိပ်ပါကူလွယ်ပေး၊ အိမ်ရောက်ရောက်ချင်း စာအုပ်နဲ့မျက်နှာမခွာစေရပဲ ပညာအရာမှာ အထူးချွန်ဆုံး ကျောင်းသားတစ်ယောက်ဖြစ်လာအောင် စိတ်တိုင်းကျ ဘွန်ဇိုင်းပင်လေးများပမာ လေ့ကျင့်ပုံသွင်းပေးခဲ့တာ အံ့မခန်းပါပဲ။ သားအပေါ် သူ့လောက်ချစ်တဲ့မေမေဆိုတာ ဘယ်မှာမှ မမြင်ဖူးဘူး။ ဒါပေမယ့် မေမေပုံသွင်းခဲ့တာ စာမေးပွဲအတွက်ပဲ။ တစ်ဘ၀လုံးစာ မပါဘူး။ သားရဲ့ဘ၀ထဲကို အဲသလောက်အထိ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် မေမေမပါရင် သားဘ၀က မပြည့်စုံတော့ဘူး။ သားဘာသာ ဘ၀လမ်းကို ဆက်လျှောက်ဖို့ကျတော့လည်း မေမေ့အနေနဲ့ ဘယ်လိုမှ စိတ်မချနိုင်တော့ဘူး။ မေမေမဟုတ်တဲ့ တစိမ်းမိန်းမတစ်ယောက် ၀င်လာဖို့အတွက်လည်း မေမေ့ဘက်က နေရာဖယ်မပေးချင်တော့ဘူး။ မေမေဟာ သားကို မိမိဘာသာ ကြီးပြင်းခွင့်မပေးဘူး။ တကယ်တော့ သားသားကြီးပြင်းလာတာနဲ့အမျှ မေမေ့ကဏ္ဍကို လျှော့သထက်လျှော့ပြီး သားသားရဲ့ဝန်းကျင်ကို ကျယ်သထက်ကျယ်လာအောင် လုပ်ပေးရမှာ မဟုတ်ဘူးလား။ အဲသလိုတွေးလိုက်မိတော့ သမီးလေးရဲ့ဘ၀မှာ အဖေ့နေရာတွေကို လျှော့လျှော့ပေးပြီး သမီးလေးအပေါ်မှာ သူ့အဖေလို စိတ်ကောင်းစေတနာကောင်းထားနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းတွေအတွက် နေရာတိုးတိုးပြီး ပေးဖို့လိုတယ်လို့ သဘောပေါက်လာတယ်။ သမီးလေးကို ကိုယ့်မျက်စိအောက်မှာပဲ ရွှေလိုအုလို့ မျက်ရှုကြေးမုံ လုပ်မထားချင်တော့ဘူး။ အတောင်ပံဖြန့်လို့ ပျံသန်းစေချင်ပြီ။ ဒါဆိုရင်တော့ သူ့မှာ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ ရှိဖို့လိုပြီ။
ကိုယ်ငယ်ငယ်တုန်းကရော အင်မတန်ချစ်တဲ့ခင်တဲ့ သူငယ်ချင်းကောင်းတွေ ဘယ်အချိန်တုန်းက ရလာခဲ့သလဲ လို့ စဉ်းစားကြည့်လိုက်တော့ စာသင်ခန်းထဲမှာ ရလာတာ မဟုတ်ဘူး။ အဲသည် ပေါက်ပန်းဈေး ကျောင်းစာပြင်ပ ဖွံ့ဖြိုးရေးအလုပ်တွေ အတူတူလုပ်ရင်းနဲ့မှ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံ၊ တစ်ယောက်အကြောင်းတစ်ယောက် နားလည်ပြီး ဒုက္ခသုခတွေ အတူဝေမျှခံစားဘက် တစ်လှေတည်းစီးတွေအဖြစ် လည်ပင်းဖက်ပြီး ချစ်ခင်လာခဲ့ကြတာကို သတိထားမိပါတယ်။ သည်အလုပ်တွေလုပ်တဲ့အခါမှာ တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ အတ္တစိတ်တွေက ပါးလျားသွားပြီး ငါတို့ဆိုတဲ့ အတူတူ တသားတည်း ခံစားချက်က ပေါ်လာတာကိုး။ အင်္ဂလိပ်လို ပြောလိုက်တော့ “I” နဲ့ “You” နဲ့ ပျောက်သွားပြီး “We” ပေါ်လာတာ လို့ ပြောရမယ်။
တကယ်တမ်းကျတော့ ဆုတွေတံဆိပ်တွေဆိုတာက ဘာမှအရေးပါတာ မဟုတ်ပါဘူး။ ကိုယ်ဆို အခုဘယ်နားတွေ ထားမိမှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် အဲသည်အချိန်တုန်းက ထားခဲ့တဲ့ အချင်းချင်းယိုင်းပင်းမှု၊ အောင်မြင်တဲ့အခါ အတူတူပျော်ရွှင်မှု၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က၀င်ဖြည့်ပေးရတဲ့အရသာ၊ ဘ၀တစ်သက်တာအတွက် နောက်ကျောလုံလုံ ပေါင်းသင်းနိုင်တဲ့ သူငယ်ချင်းမိတ်ဘက်ရလိုက်တဲ့ အမြတ်။ အဲဒါတွေက တသက်တာလုံး ကိုယ်နဲ့မကွာ ပါလာခဲ့တာ မဟုတ်ဘူးလား။ ဒီစိတ်ဓါတ်မျိုးကို ဗိုလ်သင်တန်းတက်တဲ့သူတွေ ကောင်းကောင်း သဘောပေါက်ကြတယ်လေ။ သူတို့ထဲမှာ တစ်ပတ်စဉ်တည်းဆိုတဲ့လူတွေကို သမီးယောက်ဖထက် ပိုဦးစားပေး နေရာပေးကြတယ်။ ကျောင်းတက်ကျောင်းဆင်း အတန်းထဲထိုင်၊ မေးထူးခေါ်ပြော လမ်းတွေ့နှုတ်ဆက် သူငယ်ချင်းတွေနဲ့ မရှိအတူ ရှိအတူ ဒုက္ခဟူသမျှ ဝေငှခံစားခဲ့တဲ့ ရဲဖော်ရဲဖက်သူငယ်ချင်းဆိုတာ အတူတူ မဟုတ်မှန်း တစ်နေ့တော့ သမီးကိုယ်တိုင် သိကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
တချို့ကတော့ “ဆီးဂိမ်းလုပ်တယ်ဆိုတာ သူများနိုင်ငံတွေဆိုရင် စီးပွားရေးအရ အရမ်းတွက်ခြေကိုက်တာ။” လို့ ပြောကြတယ်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။ ကိုယ်တွေဆီမှာလည်း တွက်ခြေကိုက်တဲ့သူတွေ၊ သူဌေးဖြစ်တဲ့သူတွေ ရှိချင်လည်း ရှိမှာပေါ့။ ကိုယ့်အဖို့တော့ အဲဒါတွေကို စိတ်မ၀င်စားပါဘူး။ ၀မ်းလည်းသာစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အဲဒီဆီးဂိမ်းကိုအကြောင်းပြုပြီး ကိုယ့်ဆီက ရပ်ဝေးမြေခြား လူငယ်ကလေးတွေ အချင်းချင်း ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ အတူတူလက်တွဲ အလုပ်လုပ်ကြတာ၊ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာအတွက် အတတ်နိုင်ဆုံး ဆင်းရဲဒုက္ခခံနိုင်တဲ့ စိတ်ရင်းစေတနာ ရှိကြတာ၊ သိလိုက်ရတော့ ၀မ်းလည်းသာတယ်။ ဒါကမှ အနာဂတ်အတွက် ရေရှည်အမြတ်ထွက်တာ။ ဘာပဲပြောပြော အခုဆို သူတို့လေးတွေ နိုင်ငံတကာအားကစားပွဲ အတွေ့အကြုံလေးတွေ ကိုယ်စီရသွားပြီ။ ပြည်တွင်းပြည်ပ တတ်ကျွမ်းသူ ဆရာ/ဆရာမများက စံနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ တင်ဆက်မှုအနုပညာတွေကိုလည်း လက်တွေ့ပါဝင်ခဲ့ကြပြီးပြီ။ ဆီးဂိမ်းကြီး ပြီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးသွားပြီး တသသ သတိရနေမယ့် သူငယ်ချင်းမိတ်ဆွေတွေလည်း ရလိုက်ကြပြီ။ နောင်ကျရင် ကိုယ့်ပတ်ဝန်းကျင်မှာ ပြန်ပြောပြစရာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အားကစားပွဲကြီးတစ်ခုလည်း ထဲထဲဝင်ဝင် ဆင်နွှဲခဲ့ပြီ။ ကဲ ဘယ်လောက် ကျေနပ်စရာကောင်းသလဲ နော်။

0 comments:
Post a Comment