ကျမနဲ့ လိင်ကဗျာဆရာ
ရှင့်ကိုယ်ရှင် ပြန်ကြည့်ပါဦး အသားအရည်တွေ ဖြူဖတ်ဖြူရော်
ရှင့်စကားလုံးတွေ တစ်နေ့တခြား ပိုးနှံကောင်တွေလို များပြားလာ
ရှင့်ခန္ဓာကိုယ်ဟာ အဆီတစ်ထပ် အသားတစ်ထပ်နဲ့ပါလား
အဲဒီ မျက်မှန်အ၀ါကြီးကို ခဏ ချွတ်လိုက်ပါဦး ကျမကိုသေချာကြည့်စမ်း
ဖြည်းဖြည်းပေါ့ ဆရာကြီးရယ် အချိန်က အစောကြီးရှိသေးတယ်
အပြင်မှာ မိုးစက်မပါဘဲ မိုးတွေရွာနေတာ မီးခိုးတွေကို အူလို့ပေါ့
အသားထဲက လောက်မထွက်ပါဘူး လောက်ထဲကသာ အသားရှာစားကြည့်
ပြောရင်းဆိုရင်း ရှင့်လျှာကြီးက ဘယ်ခေတ်ကို ဦးတည်နေတာလဲ
ကျမ အကွေ့မှာ ရှင့်ကို ချောက်ထဲ တွန်းချလိုက်ဖို့ အသာလေးဆိုတာ ရှင်မေ့နေလား
ရှင့်အိတ်ကပ်ထဲက မျိုးစိတ်တွေ တဖြည်းဖြည်း သားပေါက်နှုန်းတိုးဖို့ ကျင့်လိုက်ပါဦး
ပြောရင်းဆိုရင်း ရှင့်လက်ရောက်လာတော့မှာ ကျမရဲ့ ဇစ်ရှိတဲ့နေရာ
အသာလေးပါ ခေတ်ကြီးက ဖွင့်ကြည့်ဖို့လွယ်ပါတယ်
ရုပ်သံလိုင်းမိဖို့ဆို ရှင့်အင်တာနာတိုင် သေချာထောင်ထားဖို့တော့လိုမှာပေါ့
ဘာရှင့် .. ရှင်က ကဗျာဆရာဟုတ်လား.. ရှင်က ဘာကဗျာတွေရေးတာလဲ
ကဗျာတွေက ရှင့်ကိုရေးနေတာလား ရှင်က ကဗျာတွေကို ရေးနေတာလား
ကျမဆီက မှင်ရည်ကျဲကျဲတွေက ရှင့်ကလောင်တစ်ခုကို ဘယ်လောက်ထောက်ပံ့ပေးမှာမို့လိုလဲ
ကျေးဇူးပြုပြီး ရှင်အရမ်းမမှုတ်ပါနဲ့ ကျမ စီးကရက်ကိုသာခဲတတ်တာ အငွေ့ကိုမခံနိုင်ဘူး
ရှင့်မှာ နာနာကျင်ကျင် ခါးခါးသီးသီးတွေ သိပ်များတာပဲ သေချာသိမ်းထားတာကိုး
ရှင်က ခေတ်ကြီးကို ရက်ရက်ရောရော ပေါ်ပေါ်တင်တင် သောက်စားပစ်တတ်တာ
ကျမသိပါတယ် ရှင့်ရဲ့ ပွတ်သီးပွတ်သပ် ကဗျာတွေနောက်မှာ
လက်ဖမိုး လက်ဖ၀ါးမကွဲပြားတော့တဲ့ တောင်းခံမှုတွေလာတော့မယ်မလား
ပြီးတော့ ရှင်ဟာ ကျမကိုထည့်မယ် ကဗျာထဲမှာ စာသားတွေထဲမှာ
အရှေ့ပြီးရင် အနောက် ရှင်ဟာ အရပ်မျက်နှာတွေလည်း မရှောင်တတ်ဘူး
ရှင်ရေးနေကျ အရက်ခွက်တွေထဲမှာ ကျမဟာ စားစရာ အမြည်းလား
ဒီလိုဆိုတော့လည်း တို့လိုက်ပါဦး ကျမအတို့အမြုပ်က ရှင့်အာခေါင်ကို စွတ်ဆိုစေမှာပါ
ကျမက ရှင်ပေါ်ပေါ်တင်တင် လူလည်ကောင် ပွဲထုတ်ရဲတဲ့ အ၀တ်တစ်ထည်တဲ့လား
ရှင့်အမြစ်က ကြီးထွားနှုန်းမြန်ကြောင်း သက်သေပြဖို့ ကျမက မြေသြဇာလုပ်ပေးရမယ်ပေါ့
လိင်အကြောင်းကဗျာတွေရေးပြီး လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ လိမ်ပြီးရင် ထပ်လိင်လိုက်ပါဦး
ပြီးရင်တော့ ခေါင်းမူးခြုံထားတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ကျမကို ရှင်တစ်ခုခု တပ်ဆင်တော့မယ်
ဆောရီးပါရှင် ခေါင်းစဉ်တွေထဲမှာ ကျမမပါချင်ဘူး ရှင်ဖီလင်လာနေရင် ရေအိမ်ထဲဝင်နေလိုက်ပါ။
- ဗိုလ် နင့် -
0 comments:
Post a Comment