“ပျို့ဦးရင် အပြန်ခက်ရှာလိမ့်”
ကာလ၀ိဘက် နောက်ပိုးတက်ဆိုတာ အလကားစကားတော့ မဟုတ်ပါဘူး။ မနေ့ကလေးတင်
သူများနိုင်ငံမှာ သဘာဝဘေးဆိုတာ ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာနဲ့
ကိုယ်နဲ့မဆိုင်သလို ဘေးကနေပြောနေရင်းက သည်ကနေ့မှာတော့ “နားမလည်ပါးမလည်
လေကြောရှည်နေတဲ့ အကောင် လေပွေမွှေ့လိုက်မယ် လွင့်ကရောဟယ်” ဆို ဂျပန်နတ်ကြီးက
တိုင်ဖုန်းမုန်တိုင်းကြီးတစ်လုံး စေလိုက်ပါတယ်။ သူတို့တုန်းကလည်း
အဲသည်အတိုင်းပဲ။ ဆန်ဖရန်စ္စကိုမှာ ငလျင်ကြီးလှုပ်တော့ ဂျပန်အင်ဂျင်နီယာတွေက
“မောင်ရင်တို့ အင်ဂျင်နီယာတွေများ တယ်ညံ့သကိုး။ ကြည့်စမ်းပါဦး။
ဟိုင်းဝေးလမ်းမကြီးတွေ တုံးလုံးပက်လက်နဲ့ မြင်မကောင်းဘူး။
ငါတို့ဂျပန်ကလမ်းတွေ လာကြည့်စမ်းပါ။ သိကြားမင်းဖျက်တောင်
မပျက်နိုင်ပါဘူးရှင်ပဲ။” လို့ သေးသေးသွားတင်လိုက်မိတာ
နောက်တစ်နှစ် တိတိပြည့်တဲ့နေ့မှာပဲ ကိုဘေးငလျင်ကြီးလှုပ်လို့
သူတို့ဟိုင်းဝေးလမ်းမကြီးတွေ အမေရိကန်လမ်းစဉ်လိုက်ကုန်ရော။
သူတို့ကိုယ်တိုင်ကို မှတ်သွားတာ။ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးတဲ့။ မာန်စွယ်တွေ ကျိုးသွားတယ်။ ဂျပန် အရှေ့ပိုင်းငလျင်တုန်းကဆို လူအသေအပျောက် တော်တော်များသွားသတဲ့။ ဆူနာမီဝမ်နင်မှာ မိုးလေ၀သဌာနက ထုတ်ပြန်တဲ့ လှိုင်းလုံးအရွယ်အစားထက် သုံးဆလောက်ကြီးတဲ့ ပင်လယ်ဒီရေလှိုင်းကြီးတွေ တက်လာတဲ့အခါ “ဒီအရွယ်လောက်ကလေးများ ငါတို့ ရေကာတာကြီးကို ဘယ်လိုမှ ကျော်စရာ အကြောင်းမရှိပါဘူး။” လို့ လျှော့တွက်မိသူတွေ အားလုံး ဒုက္ခရောက်ကြရတာကိုး။
အခုလည်း မောင်စံဖားတစ်ယောက် သူများရပ်ရွာမှာ ဟိုဟာသည်ဟာ လေ့လာအကဲခတ်ရင်း ၀ါစာကမ္မာ လျှောက်ရေးနေလို့ထင်ပါရဲ့။ မိုးနတ်မင်းက သူ့အတင်းတုပ်တယ်ထင်ပြီး ၀ဠာဟလလေနတ်မင်းကို လွှတ်လိုက်တယ်။ အောင်မယ်။ သည်ကလည်း ဘုန်းနဲ့ကံနဲ့ ရွှေသဇင်ပါနော်။ တနေ့က မိုးလင်းကာနီးထိ စာထိုင်ရေးထားလို့ရယ်၊ တစ်နေကုန် ကားတစ်စီးနဲ့ ခြေရှည်ထားလို့ရယ်ကြောင့် ဓါတ်ပုံတွေ တင်ပြီးတာနဲ့ အိပ်သွားလိုက်တာ မိုးစင်စင်လင်းမှ နိုးတယ်။ ကော်ဖီဆင်းသောက်တော့ အဖွဲ့သားတွေက တအံ့တသြ၀ိုင်းကြည့်နေတာ “ဘာမှ မသိလိုက်ဘူး။” ဆိုလို့။ ညက တစ်ညလုံး ဘယ်သူမှ မအိပ်နိုင်ကြဘူး။ လေတွေမိုးတွေ တ၀ုန်းဝုန်းတိုက်ပြီး ဟော်တယ်ကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်နေတာ အရမ်းကြောက်စရာကောင်းသတဲ့။ ကုတင်အောက် ၀င်ပုန်းဖို့ရာကလည်း အံဆွဲတွေမို့ နေရာကမရှိ။ ကိုယ်ကလွဲရင် ကျန်တဲ့မြန်မာငါးယောက်စလုံး တရေးမှ မအိပ်ကြရသေးဘူး။ အိပ်ပျော်နိုင်တဲ့ ကိုယ့်ကို သူတို့ကမှ အံ့သြမိတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော် အံ့သြသွားပါတယ်။ ခါတိုင်းအသံလေး ချိုးချိုးချွတ်ချွတ်ကြားရင်တောင် နိုးလျက်သားနဲ့။ ညကကျမှ ဘာဖြစ်မှန်းမသိ။ အိပ်လို့ကိုကောင်းနေတာ။
ကံကိုက အဲ့လို အမယ်လေး အဘလေး တနေရမယ့် ဇာတာ မပါဘူး ထင်တယ်။ (ပြောပြန်ပြီ) ငယ်ငယ်က အိမ်နားမှာ ၀ါဝါ၀င်းရပ်ကွက် (နောက်တော့ ကျန်းမာရေးဝန်ကြီးရုံး) မီးလောင်တဲ့အခါ တစ်အိမ်သားလုံး အထုပ်အပိုးပြင်၊ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးပေါက်မှားနေချိန် ကိုယ်က ကန်တော်ကြီးထဲ လှေတစ်စင်းနဲ့ သာယာနေတုန်း။ မီးခိုးတွေတော့ မြင်သားပဲ။ ကိုယ့်အိမ်နားကမှန်း မသိပါဘူး။ မီးသတ်ကားတွေ ကန်တော်ကြီးထဲ ရေလာစုပ်တော့မှ မေးကြည့်ပြီး ကိုယ့်အိမ်နဲ့ တစ်လမ်းပဲခြားမှန်း သိတယ်။ ဒါဆိုလည်း စိတ်မပူတော့ပါဘူး။ နာဂစ်ဖြစ်တဲ့အချိန်တုန်းကတော့ လောက်ကိုင်ရောက်နေလို့ “ညကမိုးရွာတယ်။ အိပ်လို့ ကောင်းသားပဲ” လို့ မှတ်နေတာ။ နောက်နေ့ အင်တာနက်မှာ ဓါတ်ပုံတွေ မြင်မှ ဖယား ဖယား အကြိမ်တစ်သိန်းတရတယ်။ အခုလည်း ကိုယ်နိုးတဲ့အချိန်မှာ မုန်တိုင်းက ကိုဘေးမှာ မရှိတော့ဘူး။ သစ်ရွက်ကြွေတွေ သစ်ကိုင်းကျိုးတွေပဲ ကျန်တယ်။ သစ်ကြီးဝါးကြီးကတော့ အနားပတ်ဝန်းကျင်မှာ မမြင်မိဘူး။ ငလျင်ဒဏ်သင့်နေရာတွေမှာ မိုးမျှော် အဆောင်အဦကြီးတွေနဲ့ပဲ အစားထိုးထားတယ်။ ကားတွေနဲ့ သစ်ကိုင်းခြောက် လိုက်ကောက်နေတာတော့ တွေ့ရတယ်။ မျက်စိအောက်မြင်နေရတဲ့ ကိုဘေးကတော့ ညကမုန်တိုင်းထန်နေတာ သူမဟုတ်တဲ့အတိုင်းပဲ။ မသိရင် သူများကပဲ ပိုပြောသယောင်ယောင် ရှိတယ်။
ဒါပေမယ့်လည်း အိပ်ပုပ်ကြီးလို့ မုန်တိုင်းကိုသာ အကောင်လိုက် မမြင်ရတာ။ မုန်တိုင်းခြေရာလက်ရာတွေက မပျောက်သေးဘူး။ ဒီနေ့မနက် တိုကျိုကလာမယ့် စကားပြန်ဆရာမကလေးက မုန်တိုင်း အရှိန်ကြောင့် အချိန်မီမရောက်ရင် စောင့်နေပါ လို့ ဖုန်းဆက်တယ်။ ရပါတယ်။ အေးဆေးပါ။ တစ်နာရီ မရောက်ရင် နှစ်နာရီစောင့်မှာပေါ့။ သုံးနာရီထိုးသွားလည်း မရောက်သေးတာကြောင့် ဖုန်းဆက်စီစဉ်ထားတဲ့အတိုင်း ကားဆရာကြီးကို ယောဒေါရှိလုပ်ပြီး အိုဆားကားရောက်သွားပါတယ်။ တိုကျိုကလူတွေနဲ့ ဖုန်းရတော့ သူတို့ဆီမှာ မုန်တိုင်းက တော်တော်ကြီးသတဲ့။ လမ်းတွေ အကုန်ပိတ်ကုန်သတဲ့။ ဆရာမလေးကလည်း အားနာလွန်းလို့ ဖုန်းအခါခါဆက်ပြီး နောက်ဆုံး ရရာကျည်ဆန်ရထားကြီးနဲ့ ညကြီးမိုးချုပ်မှ အူယားဖားယား ရောက်လာပါတယ်။ အလို လမ်းတွေပိတ်တာ ဆိုးလှချည့်လားပေါ့။ ကိုယ်ထင်တာထက် အများကြီး ပိုဆိုးပါတယ်။ မနေ့က ကျိုတိုကို လိုက်ပို့ပေးတဲ့ နာဂိုယာက မိတ်ဆွေနှစ်ယောက်ဟာ အခုလမ်းပေါ်မှာ ၂၄ နာရီကျော်ကြာသွားပြီ။ ခုချိန်ထိ အိမ်ပြန်မရောက်သေးပါဘူးတဲ့။ (အလာတုန်းက လေးနာရီပဲ မောင်းရတဲ့ခရီး) ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိမှန်း ခုမှပဲ သိရပေတော့တယ်။ ဒီကလူတွေဆိုရင်တော့ “အဲဒါ ဂျပန်လေ” လို့ပဲ ပြောမယ် ထင်ပါတယ်။
တကယ်တော့ ဂျပန်နိုင်ငံရဲ့ လမ်းတံတားကွန်ယက်ဟာ အံ့မခန်း ဆန်းပြားစံနစ်ကျလွန်းလို့ အဲ့ဒီမတိုင်ခင်ကလေးတင်ပဲ ရင်သပ်ရှုမော ပြောမဆုံးပေါင် ဖြစ်ခဲ့ပြီးသားပါ။ ကျိုတို နာရ သွားတဲ့လမ်းမှာ ဇက်ကြီးများတောင် စောင်းလိမ်သွားလောက်အောင် “ဟိုမှာ ကြည့်စမ်းပါဦး။” “သည်မှာ ကြည့်စမ်းပါဦး။” နဲ့ တောသားမြို့ရောက် ကျီးကန်းတောင်းမှောက် ရောက်သွားရတဲ့ ခရီးပါ။ မြို့ထဲမှာဆို လမ်းတွေက တစ်ခုပေါ်တစ်ခု လိမ်ကာရှက်ကာနဲ့ သုံးလေးထပ်လောက် ဆင့်ထားတယ်။ အမြန်လမ်းမကြီးတွေထဲကို ၀င်လာလိုက် ထွက်သွားလိုက်နဲ့ ဟိုမှာဘက်က သည်မှာဘက် မြင်နေရတဲ့ခရီးကို ယာဉ်ကြောတွေ အမျိုးမျိုးနဲ့ ကွေ့ကာပတ်ကာမောင်းရတယ်။ ကားလမ်းပိတ်မစိုးလို့ မြို့ထဲလမ်းမှာ ဘယ်သူမှ ရပ်မထားဘူး။ ကားပါကင်တွေမှာ ပိုက်ဆံပေးရပ်ရတယ်။ ကိုယ့်ဆီကလို ယာဉ်ကြော နှစ်ထပ် သုံးထပ်ပိတ်ရပ်ရင် ဘယ်လိုလုပ်မလဲ မသိဘူး။ သေချာတယ်။ ဂျပန်တွေကို ရန်ကုန်မှာ တစ်လလောက် တစ်ယောက်တည်း ကားမောင်းခိုင်းလိုက်ရင် အဲ့ဒီလူတွေ ရူးသွားမှာ။
ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံး ကားဈေးကွက်ရှိတဲ့ ဂျပန်နိုင်ငံမှာ တို့ရန်ကုန်လောက်တောင် ကားလမ်းပိတ်တာ မတွေ့ရဘူး။ ကြည့်ရတာ သူတို့ကားတွေ အကုန်လုံး ငါတို့ဆီရောက်ကုန်သလားမှ မသိတာ လို့ တွေးမိသေးတယ်။ တကယ်တော့ ကားတွေက မရှိတာ နည်းတာ မဟုတ်ဘူး။ ဘယ်နေရာမှာမှ ပိတ်ဆို့ပြီးမနေတာ။ မီးပွိုင့်မှာတောင် ကားတန်းက နှစ်ခါမိလောက်အောင် မရှည်ဘူး။ လမ်းတံတား ကွန်ယက်စံနစ်က အဲသလောက်ကို ကောင်းပါတယ်။ တောင်တန်းကြီးတွေ ကာဆီးနေရင် ကိုယ့်ဆီမှာလို မြွေလိမ်မြွေကောက်လမ်းကလေးနဲ့ ကွေ့ကာပတ်ကာ တက်လိုက်ဆင်းလိုက် မသွားဘူး။ တောင်ခြေကနေ တိုးလျှိုပေါက်အောင် ဥမင်လိုဏ်ခေါင်းနဲ့ ဖောက်ထွက်သွားတာ။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ “On the Road” ဆိုတဲ့ ဂျပန်ကားကလေးအတိုင်းပဲ။ တောလမ်းလည်း တောလမ်းမို့လို့ မြို့လမ်းလည်းမြို့လမ်းမို့လို့ အံ့သြကုန်နိုင်ဖွယ်တွေချည့်ပဲမို့ နောက်တော့ ရှက်တာနဲ့ အသံတောင် မထွက်တော့ဘူး။ သူတို့လမ်းတွေ မြင်တဲ့အခါ ဒါကြောင့်သူတို့ဆီမှာ ယာဉ်ကြောမပိတ်တာကိုး လို့ သဘောပေါက်လာတယ်။ ဒါပေမယ့် အဲဒီအသိဟာ တစ်ရက်ကလေးမှ တစ်ရက်ကလေးပဲ ခံပါတယ်။ သူတို့ဆီ ယာဉ်ကြောပိတ်လိုက်မိရင် ငါတို့ဆီမှာလို တစ်နာရီ နှစ်နာရီ မဟုတ်ပဲကိုး လို့ လက်တွေ့သိလာတယ်။ ရေကာတာအကြီးကြီးတွေက ဆူနာမီရေလှိုင်းတွေကို မကာကွယ်နိုင်သလိုပဲ အဲသလောက် စံနစ်ကျတဲ့ လမ်းတံတား အခြေခံအဆောက်အဦတွေဟာလည်း သဘာဝဘေးနဲ့တွေ့လို့ ယာဉ်ကြောတွေ ပိတ်ဆို့လာတာကို ဘယ်လိုမှ မကာကွယ်နိုင်တော့ပါဘူး။
ကမ္ဘာပေါ်မှာရှိတဲ့ မီဂါစီးတီးကြီးတွေ မြို့ကြီးပြကြီးတွေ အားလုံးလိုလို ယာဉ်ကြော ပိတ်ဆို့တဲ့ ဒုက္ခကို အနည်းနဲ့အများ ခံစားကြရပါတယ်။ ကာလကတ္တားမှာဆို ရုံးတက်ရုံးဆင်းချိန် လေယာဉ်ကွင်းချိန်းရှိရင် မြို့ထဲကနေ လမ်းခရီးကြာချိန် နှစ်နာရီလောက်တွက်ပြီး ကြိုထွက်ရပါတယ်။ ဘန်ကောက်လေဆိပ်လည်း သည်အတိုင်းပါပဲ။ အဲသည်ဒုက္ခမခံချင်ရင် လေဆိပ်နဲ့ နီးတဲ့ ဟော်တယ်မှာ တည်းချင်တည်း၊ ဒါမှ မဟုတ်ရင် မြေအောက်ရထား၊ မိုးပျံရထားစီးဖို့ပဲ ရှိပါတယ်။ သူတို့ဆီက အစိုးရတွေ ဖြေရှင်းတဲ့နည်းကတော့ ကိုယ်တို့ဆီမှာလို ကိုယ်ပိုင်ကား မသုံးရနေ့ သတ်မှတ်ပေးထာမျိုး မဟုတ်ပါဘူး။ Public transport ကို အဆင်ပြေပြေ အဆင့်မီမီ အသစ်တည်ဆောက်ပေးလိုက်တာပါပဲ။ ဘန်ကောက်မှာဆို အဆင်ပြေလိုက်တာ။ လေဆိပ် အောက်ဆုံးထပ်ထိ ရထားဆိုက်ပေးရင် အထုပ်ဆွဲပြီး စက်လှေကားက တက်ရုံရယ်။ အခုရှိပြီးသားလမ်းတွေပေါ်မှာ ကားအသစ်တွေ ထပ်ပြေးလို့တော့ ဘယ်လိုမှ ချောင်ချိသွားစရာ မရှိဘူးပေါ့။ ဒီကလူတွေ စီးပွားရှာပုံမျိုးနဲ့တော့ သည့်ထက်သည် တိုးလို့ပိတ်ဖို့သာ ရှိမယ်။ ဒီအပေါက်ကလေးနဲ့ လုပ်စားရတာပါလို့ ပြောပြောပြီး အဲဒီတစ်ပေါက်ထဲကိုပဲ ပိတ်ကာဆို့ကာ ထပ်ကာကျော်ကာ ရပ်လို့ လူစောင့်တင်မယ်။ နောက်ကားတွေ ဖြစ်ချင်ရာဖြစ်။ သူများနိုင်ငံတွေမှာ လူဟောင်းလောင်းနဲ့ကားတွေ ဆင်းမယ့်သူမရှိရင် မှတ်တိုင်မရပ်ပဲ ဆင်းတက်ထွက် မောင်းပေမယ့်လည်း ကိုယ့်ဆီမှာတော့ စီးပွားရေးက စီးပွားရေးပဲ။ ဆီဖိုးနဲ့ မကိုက်ဘူးဆိုတာ အပြောသက်သက်ပါ။ အုံနာကလည်း ကားတစ်စီးရင်းရင် ကားဆယ်စီး ဖြစ်လည်း နောက်ထပ် အစီးတစ်ရာ ဖြစ်လာမှာပဲ မျှော်တယ်။
သူများနိုင်ငံတွေမှာတော့ မြို့တော်အင်္ဂါရပ်လို့ ပြောလိုက်ရင် ကားလမ်းနဲ့ လိုင်းမပူးတဲ့ ရထားလမ်းကွန်ယက်တွေ ရှိပါတယ်။ မြေအောက်က သွားချင်လည်းသွား။ မိုးပေါ်က ပျံချင်လည်းပျံ။ ကားလမ်းမပေါ်ကို လာမရှုပ်တဲ့ အများသုံး လမ်းပန်းဆက်သွယ်ရေး စံနစ်တစ်ခု ရှိရပါတယ်။ ကိုယ့်ဆီမှာတော့ ရထားပို့ဆောင်ရေးဟာ အားထားသုံးစွဲရလောက်တဲ့အခြေအနေ မရှိဘူး။ ဒေးဗစ်ကော်ပါဖီးဖျောက်မပြခင်ကတည်းက ကိုယ့်တို့ဆီက ရထားကြီးတွေက အစီးလိုက်ပျောက်ပျောက်နေတယ်။ ဒီစကားက မြန်မာ့မီးရထားခရီးသည်တွေမှ နားလည်တာ။ သူ့အချိန် သူ့နာရီနဲ့ ထွက်ရမယ့် ရထားတွေ မထွက်နိုင်ပဲ ခရီးစဉ်ပျက်သွားတာကိုပြောတာ။ ကလေးတွေ သင်တဲ့ ဖတ်စာအုပ်ထဲမှာတောင် ပါတယ်။ “လေးနာရီထိုးပြီ။ မီးရထားမလာသေး။ ခရီးဝေးသွားမည့်သူလည်း ပါသည်။” တဲ့။ နောက်ပြီး ရန်ကုန်မြို့ပတ်ရထားက အများအားဖြင့် ထိုင်စရာနေရာလည်း မရတတ်သလို လမ်းတလျှောက်လုံးလည်း ပလုတ်တုတ် ဗုဒ္ဓော နမောတဿ တဖွဖွ ရွတ်စီးရတဲ့ ကုသိုလ်ဖြစ်ရထားကြီး။ အိန္ဒိယက ရထားတွေဆို လက်တန်းပေါ်ဖန်ခွက်တင်စီးလို့ ရေမဖိတ်ဘူး။ ကိုယ်တို့ဆီမှာတော့ ငယ်ငယ်ကကြားဖူးတဲ့သီချင်းအတိုင်း ဂျုန်းဂျုန်းဂျက်အော်သံပေး ရထားလေးသည် ခရီးဆက်ကာ ပြည်သူ့အရေး လုပ်အားပေးသည် ဆိုတဲ့အဆင့်မှာပဲ ရှိသေးတယ်။ မီးရထားတွေ ခေတ်နောက်ကျတာလည်း မပြောနဲ့လေ။ မြစ်ငယ်မီးရထားဝင်းကလူတွေတောင် ဟိုတလောကတင် “သူ့ကျွန်မခံပြီ” ရိုက်နေတုန်းရယ်။ ၀ါသနာဘာဂီ ဆက်တိုင်းမီသတဲ့။ မီးရထားဝန်ကြီးက ဓါတ်ရှင်ရိုက်တာ ကမ္ဘာမှာ ဘယ်နိုင်ငံရှိသလဲ။ ဂုဏ်ယူစမ်းပါ။
ဒီလိုနဲ့ပဲ ရန်ကုန်သားတွေက မဖြစ်မနေ ဘတ်စကားကို အားကိုးနေရတယ်။ အခုတော့ ကားတွေ အများကြီးသွင်းခွင့်ပေးလိုက်လို့ လိုအပ်တဲ့ ကားလမ်းတွေတိုးချဲ့နေတဲ့အပြင် မိုးပျံလမ်းမကြီးတွေ အစပျိုးဖို့ရာ ဂုံးကျော်တံတား စီမံချက်တွေ လုပ်လက်စ တန်းလန်းနဲ့မို့ လမ်းတွေလမ်းတွေ ပိတ်ဆို့နေလိုက်တာ မြင်မကောင်းအောင်ပါပဲ။ လမ်းကြိုလမ်းကြား ဖြတ်လမ်းများတောင် ဘယ်ဟာမှ လှုပ်မရအောင် အတောင့်လိုက်လျှံကုန်တယ်။ တကယ်တော့ ရန်ကုန်ကလမ်းတွေကို ကျဉ်းလှတယ်လို့ မဆိုနိင်ပါဘူး။ အခု အိုဆာကာမှာ ရှိတဲ့ မြို့တွင်းကားလမ်းတွေကလည်း ရန်ကုန်က လမ်းမတွေနဲ့ ဘာမှ မကွာဘူး။ ဒါပေမယ့် ဒီလမ်းတွေက ကားမောင်းဖို့သက်သက်ပဲ။ လမ်းဘေးဝဲယာ ကားရပ်ဖို့ မပါဘူး။ ကိုယ့်ဆီမှာတော့ ရပ်ချင်တဲ့နေရာ နှစ်ထပ်ဖြစ်ဖြစ်၊ သုံးထပ်ဖြစ်ဖြစ် ရပ်ချင်သလိုရပ်မယ်။ ကားနံပါတ်ကြည့်လိုက်ရင် သဘောပေါက်ရတယ်။ မအူမလည် ယာဉ်ထိမ်းရဲက လိုင်စင်ကလေးတဆိတ်လောက် သွားတောင်းမိရင် ဒရိုင်ဘာက ခပ်တင်းတင်းပဲ။ “ရော့။ မင်းသတ္တိရှိရင် ယူသွားလိုက်။ နောက်နေ့ ဖုန်းဆက်လိုက်တော့မှ ကိုယ်တိုင်အိမ်လာပေးလှည့်။” ဆို ပစ်ပေးလိုက်လိမ့်မယ်။ ဒါနဲ့ပဲ ကိုယ့်ထက်အကြီးခေါ်ပြီး “အာစိ။ လုပ်ပါဦး။ ဒီကားက ဒီလိုဖြဲနေတယ်” ဆိုရင် သိတဲ့တတ်တဲ့ အကြီးက နံပါတ်မြင်တာနဲ့ နားရင်းအုပ်ပြီး “မင်း ပါးရိုက်ခံချင်လို့လား။ သွား ပြန်ပေးချေ။ သေသေချာချာ တောင်းပန်ခဲ့။” ဆိုတာနဲ့ မှားပါတယ် ကိုသောင်းရယ် လုပ်ခဲ့ရပြန်ရော။ ကျားမှကြောက်ရတယ် မထင်နဲ့။ ကျားချေးတွေက ပိုတောင်ဆိုးသေး။
တော်ပါသေးရဲ့လေ။ ကိုယ်တို့ဆီမှာ ကားလမ်းပိတ်လို့ ဧည့်စာရင်းတိုင်ရတယ်ဆိုတာ ထုံးစံ မရှိသေးဘူး။ ဂျပန်မှာတော့ အဲသလောက် စည်းကမ်းစံနစ်တွေ တင်းကျပ်ထားတာတောင် တစ်ချက်ကလေး အခန့်မသင့်လိုက်တာနဲ့ ကားတွေတန်းစီပြီး ငုတ်တုတ်မေ့ကုန်တယ်။ မထင်မှတ်တဲ့ သဘာဝဘေးတွေနဲ့ ကြုံလာရင် ဆင်ခြေဖုံးကနေ တိုကျိုမြို့ထဲ အလုပ်လာဆင်းကြတဲ့ လူပေါင်းသိန်းသောင်းများစွာဟာ မသေချာသူလောကထဲ ချောင်းခြားတဲ့ပုံလေးအတိုင်း အိမ်မပြန်နိုင်ဖြစ်ရတာကြောင့် အိမ်မှာကျန်ခဲ့တဲ့ ချစ်သူသက်ထားကို အသစ်ရှာချစ်ပြီး ပျော်ပါတော့နော် လို့ မှာရမတတ်ရှိတယ်။ ဒီအခါမှာ တို့ဆီမှာ အရေးအခင်းကာလတုန်းက အိမ်အပြန်ခက်တဲ့ဆရာဝန်တွေ ဆေးရုံမှာတင် အိပ်ရင်းစားရင်း အလုပ်လုပ်ရသလိုပဲ သူတို့လည်း ကိုယ့်ရုံးကိုယ် စတည်းချနိုင်အောင် စီစဉ်ရတယ်။ မြို့ထဲရှိသမျှ တည်းစရာခိုစရာတွေက အကုန်ပြည့်ကျပ်ကုန်တာကိုး။ အရင်တစ်ခါပြောထားသလို ကျောင်းတွေမှာ အရေးပေါ်သုံးဖို့ထားတဲ့ စခန်းကလေးတွေက ဟိုတယ်ရ၀မ်ဒါဖြစ်သွားတယ်။ အိမ်မှာ ကလေးတစ်ယောက်တည်း ကျန်ခဲ့တာတို့။ ကျောင်းသွားမကြိုနိုင်လို့တို့ ဖြစ်ကုန်ရင်လည်း မဖြစ်ဖြစ်အောင် စီမံစောင့်ရှောက်ထားကြတယ်။ လမ်းတွေက ပိတ်ပြီဆိုရင် လမ်းဆင်းလျှောက်လို့ရတဲ့ အကွာအဝေးလည်း မဟုတ်ဘူးလေ။
ကားလမ်းပိတ်တာနဲ့ ပတ်သက်လာရင် ဘူတန်ကိုတောင် လွမ်းမိသလို ရှိသွားတယ်။ မြို့တော် သင်ဖူးမှာတောင် မီးပွိုင့်တစ်ခုမှ မရှိဘူး။ ဆူးလေဘုရားလိုနေရာမျိုးက ကားပတ်တဲ့အ၀ိုင်းလေးထဲမှာ ယာဉ်ထိမ်းရဲကလေး နှစ်ယောက်သုံးယောက် ထိုင်နေတယ်။ လိုအပ်ရင် ထွက်လာပြီး လက်ပြပေးတယ်။ ကျန်တဲ့နေရာ ကားအတန်းလိုက်စီပြီး စောင့်နေရတယ်ဆိုတာ ခပ်ရှားရှား။ လမ်းကျဉ်းကလေးထဲ ကားနှစ်စီးသုံးစီး ခေါင်းချင်းဆိုင် စောင့်နေရရင် သူတို့က အော်တယ်။ “Oh… Traffice Jam!” တဲ့။ ခရီးဝေးသွားတဲ့ ဟိုင်းဝေးတောင်ပေါ်လမ်းများဟာ ကတ္တရာ အပြည့်ခင်းထားပေမယ့် တချို့နေရာတွေမှာ ကားနှစ်စီးရှောင်လို့ မလွတ်ဘူး။ ရှေ့ကကားလာတာမြင်ရင် ရှောင်သာတဲ့နေရာမှာ ဘေးကပ်ပြီး စောင့်ပေးရတယ်။ ခရီးဝေးသွားတဲ့ကားတွေဟာ ညဘက်မှောင်တာနဲ့ နားတယ်။ မှောင်ရင် အန္တရာယ်များသတဲ့။ အေးလည်းအေးတယ်လေ။ မနက်ဖြန်မနက် မောင်းတော့ ရောက်မှာပဲ။ ဘာတွေမှ လောနေစရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် တစ်နိုင်ငံလုံးအကျယ်အ၀န်းက ချင်းပြည်နယ်လောက်ပဲ ရှိပေမယ့် သူတို့ဆီ ခရီးဝေးသွားရင် နှစ်ညအိပ် ကြာတာ။ စိတ်မရှည်ရင် လမ်းဆင်းလျှောက်လေ။
သေသေချာချာ စဉ်းစားကြည့်တော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ရင် ဂျပန်ကို အားကျရမှာလား၊ ဘူတန်ကို အားကျရမှာလားတောင် ဝေခွဲမရဖြစ်လာပြီ။ လမ်းတွေကောင်းတိုင်း နင်းကန်မောင်းကြတော့ အမြန်လမ်းမကြီးတွေလည်း အမြန်ရောက်သွားတဲ့ express way ကြီးတွေ ဖြစ်ကုန်ပြီ။ နတ်ပြည် နဲ့ ဆေးရုံ တစ်ခုခုတော့ ရောက်မှာအမှန်။ ဂျပန်နိုင်ငံကြီး ဘယ်လောက်တိုးတက်တယ်ဆိုတာ ကြော်ငြာဝင်စရာမလိုပါဘူး။ လူတိုင်းသိတယ်။ အကောင်းစားဟော်တယ်ကြီးတွေမှာ နတ်ပြည်ရောက်နေသလို ထားတာ။ ၀တ်ကောင်းစားလှတွေ ၀တ်၊ စားကောင်းသောက်ဖွယ်တွေ ကျွေးမွေးလို့ပေါ့။
ဒါပေမယ့်လည်း လူဆိုတာ တန်ရာတန်ရာရယ်ဗျ။ ဂျပန်ရောက်မှ အမ်းကိုပဲ တသသလွမ်းမိတယ်။ ရေကူးကန်ဘေးက စားပွဲဝိုင်းကလေးတွေမှာ ဘီယာတစ်ခွက် ငါးထောင်တန်တယ်။ တစ်နပ်စာ ကြိုက်ရာရွေး ဘယ်ဟာမှ ငါးသောင်းအောက်ကို မလျော့ဘူး။ တော်ရုံသင့်ရုံ ထမင်းတစ်နပ်က ခုနစ်သောင်း ရှစ်သောင်းလောက်တန်တယ်။ သူများတွေမြှောက်ပေးနေတဲ့ Kobe Beef ဆိုတာ အမဲသားတစ် တစ်မိုက်လောက်ကို တစ်သိန်းကျော်ပေး စားရမှာ။ အင်မတန် နူးညံ့လို့ တိုကျိုကလူတွေတောင် အဲဒီအမဲသားစားဖို့အရေး လေယာဉ်ပျံနဲ့ လာရသတဲ့။ ၀က်ပျိုသားလိုပဲ ကိုယ်တွေ အစာအိမ်နဲ့တော့ အဲသည်အသားမျိုး ချေနိုင်ချက်နိုင်မယ် မထင်ပါဘူး။ လည်ချောင်းထဲမှာတင်ကို မြိုမကျဖြစ်နေမှာ။ ဒီ့ထက်ဈေးသက်သာတာ ဘယ်မှာမှ ရှာမရတဲ့ ဆေးရုံကင်တင်းမှာ တန်လိုက်တာဟယ် ဆိုပြီး ၀မ်းသာအားရစားနေတာ တစ်နပ် လေးထောင့်နှစ်ရာ။ ရေသန့်ဗူးသေးသေးလေးက ထောင့်ရှစ်ရာဆိုတော့ ခြောက်ထောင်ပဲ။ အမ်းမှာဆို ရွှေပြည်ရခိုင်မှာသွားစား၊ တစ်လလုံးဗိုက်ရိုက်စားမှ သုံးသောင်းခွဲရယ်။ ရိုးမချစ်သူမှာ သွားသောက်၊ စည်ဘီယာတစ်ခွက်မှ ခုနစ်ရာရယ်။ မရှိတဲ့ ရှားတဲ့အရပ်မို့ အဖိုးနည်းတိုင်း အိုးကွဲလို့တော့ မပြောပါနဲ့လေ။ ဒီမှာ အခု စားရတာတွေထက် ခံတွင်းတွေ့ပါတယ်။ အဟုတ်ကြီးပါ။ ရုရှားက ပို့လိုက်လို့ ကာဗီးယားငါးဥဆိုတာလည်း စားဖူးသွားပြီ။ ဒီနေ့ည ဆေးရုံက ဒင်နာပေးလို့ အင်မတန်ဈေးကြီးတဲ့ လျှာပူလျှာပူတွေလည်း စားဖူးပါတယ်။ အမ်းဆေးရုံမှာ ချက်စားတဲ့ အာပူချက်၊ ကြက်သောက်ဆမ်း နဲ့ တို့စရာအစုံလောက် ကောင်းတာ လောကမှာ ရှိလောက်ဘူး ထင်မိတယ်။ ကျုပ်ကိုက အစုတ်စားအပြတ်စားပဲ ထင်ပါရဲ့နော့။

0 comments:
Post a Comment