ကျနော် သိပ်မသိသောကိုဌက်
August 22, 2013 at 1:15pm
ဘ၀ ဆိုသည် မှာ ရိုးရှင်းလှသည် ဟု ခံယူထားသည်။လူရယ် ဟု ဖြစ်လာလျှင် လူသားတို့သည် ရုန်းကန် လှုပ်ရှားအသက်ရှင် နေထိုင်ြကရသည်မှာ ဓမ္မတာဖြစ်သည်။သို့သော် ထိုရှင်သန်နေသမျှကာလပတ်လုံးတွင် လူတစ်ယောက်ချင်းစီအတွက် သူ့တို့အတွက်ထိုက်တန်သော နေရာလေး တစ်နေရာစာတော့ရှိသည်။
နောက်ဆုံး အဆုံးသတ်တွင်တော့ သေဆုံးကြရသည်။ထို နေရာတစ်ခုမှ ကမ္ဘာပေါ်ရှိ လူတို့ရင်ထဲတွင် တစ်ခုခုတော့ ကျန်ရစ်ခဲ့အောင် စွမ်းဆောင်နိုင်သူများကို HERO ဟုခေါ်သည်။HERO ဆိုသည်မှာ လူစွမ်းကောင်းကြီးပဲဟု သီသန့်ခေါ်ခြင်းမဟုတ်၊လောကအတွက်၊ဘ၀ အတွက် ကြိုးစားသူများ၊သမိုင်းတွင် နာမည်ကျန်ရစ်ခဲ့သူများ၊စွမ်းဆောင်နိုင်သူများ ကို လည်း HERO ဟု သတ်မှတ်သည်။အနုပညာရှင်များ အထူးသဖြင့် ဂီတနှင့် ပတ်သတ်သောအနုပညာရှင်များ သည် ကိုလည်း ဂီတ HERO များ ဟုခေါ်ဆိုနိုင်ပေသည်။ တစ်နည်းဆိုသော် အနုပညာ ကို မိုးကောင်ကင်နှင့် ဟုသတ်မှတ်လျှင် အနုပညာရှင်များသည် ထို မိုးကောင်းကင်ရှိ ကြယ်ပွင့်များနှင့်တူပေသည်၊ထိုကြယ်ပွင့်များသည် အချို့က လင်းလက်လျှက်ရှိကြသည်။
အချို့ကတော့ ကြွေလွင့်သွားကြသည်၊အချို့ကတော့ တိမ်တိုက်ထဲတွင် ပုန်းကွယ်နေသည်။ထို ထဲတွင် ကိုဌက်(ထူးအိမ်သင်) ကတော့… လင်းလက်တောက်ပဆဲမှာပဲ ရုတ်တရက် ကွဲအက်လွင့်ကြွေသွားသော ညနေကြယ် ဖြစ်သည်။
ဂီတ ဆိုသည် မှာ လူတိုင်းရင်ထဲတွင် ကိန်းအောင်းနေသော အနုပညာတစ်ရပ် ဖြစ်သည်။ကမ္ဘာကြီး ကိုလည်း သံစဉ်များဖြင့် ဖွဲ့စည်းထားသည်။
လူ့ရဲ့ စိတ်ကို အကြားအာရုံတွင် နှစ်ထားသော အခါ ဂီတ ဆိုတာဖြစ်ပေါ်လာသည်။
ထို ဂီတကို အချို့ က ဘ၀ ဖြင့်တည်ဆောက်ကြသည်၊ကိုဌက်ကတော့ ဘ၀ကို ဂီတ နှင့် လဲခဲ့သည်၊သီချင်းတွေကို လဲခဲ့သည်၊ထိုသို့ လဲခြင်းသည် သူ၏ အမှတ်တရ ဒဏ်ရာများဖြစ်သည်။
ကျနော့် ဘ၀တွင် စကားပြောတက် ခါစ အရွယ်တွင် အမေ တို့ အပြော အရ ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ကိုဌက်ရဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ” သီချင်းဖြစ်သည်။မပီကလာ ပီကလာနှင့် ဆိုခဲ့သည် ဟုလည်းပြောသည်၊သိပ်တော့ မမှတ်မိတော့၊ထို အရွယ် ကတည်းက ကိုဌက်ရဲ့ သီချင်းတွေကို ပဲ ရင်ထဲမှာ စွဲလမ်းခဲ့တာလား မပြောတက်တော့၊သူ့ ရဲ့ ပထမဆုံး စီးရီး “နာရီပေါ်ကမျက်ရည်စက်များ”(၁၉၈၇)၊“မှော်ဆရာ အိပ်မက်”(၁၉၈၈) စီးရီးများထွက်သောအခါ ကျနော့်ကို မမွေးသေး၊“သက်ငြိမ်”(၁၉၈၉) တွင်တော့ သူ့သီချင်းများကို သိလာခဲ့သည်။ပွင့်ပွင့်လင်းလင်း ၀န်ခံရလျှင် ထိုစဉ်က သူ့ကို လူတိုင်း
သိခဲ့တော့ “အမေ့အိမ်”သီချင်းကို ငယ်ရွယ်စဉ် က သိပ်မခံစားတက်သေး၊ သူ ဆိုခဲ့သော
“လူနဲ့အင်္ကျီ” သီချင်းအတိုင်း “လူရယ်ခေါ်နိုင်တဲ့ နာကျင်တက်ပြီစိတ်မှာ ပြန်လည်လျော်ဖွတ် မရတော့ဘူး ဘ၀က ညစ်ပတ်သော” အရွယ် ရောက်တော့မှ “အမေ့အိမ်”ကို ခံစားတက်လာသည်။ထိုထဲမှ “မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဖို့
ကြိုးစားနေသူမှာ၊တင်းထားတဲ့ စိတ်ဓါတ်များပြိုလဲသွားမလား စိုးရိမ်လို့”ဆိုတဲ့ သီချင်းစာသားများမှာ ရင်ထဲတွင် အငြိဆုံး စာသားဖြစ်သည်။ဘ၀ မှာ မပြီးသေးသော ခရီးတစ်ခုကို လူများသွားနေရသည်၊သွားနေရင်းနဲ့ ပဲ မိမိတို့ရဲ့တင်းထားတဲ့ စိတ်ဓါတ် များယိုင်လဲ ပြိုကျသွားမလား ဆိုပြီး ကျနော် အပါအ၀င် အားလုံးပဲ စိုးရိပ်မိခဲ့ကြမှာပါ။
အနိမ့်၊အမြင့် အတက်အကျ လောကဓံတွင် တစ်ခါတစ်ရံတွင် အောင်မြင်မှု့တွေ၊ပျော်ရွင်မှု့တွေ လာတက်သည် ။တစ်ခါတစ်ရံတွင် တော့ ကျဆုံးခြင်း၊၀မ်းနည်းခြင်းများ လာတက်သည်၊ထိုသို့ ကြုံတွေ့တိုင်း သူ၏သီချင်းများသည် ကျနော့် အတွက်တော့ စိတ်ဓါတ်ခွန်အား များကို ပေးစွမ်းနိုင်သောအားဆေးတစ်ခွက်ဖြစ်သည်။
“နာရီပေါ်က မျက်ရည်စက်များ” စီးရီးမှ “ဝေးသွားတဲ့အခါ”သီချင်းစာသားခေါင်းစဉ်သည် သူ ဆုံးပါးသောအခါ သူ၏ အုတ်ဂူ ပေါ်တွင် ရေးထိုးစေခဲ့သည်။ဘာကြောင့် ထိုသို ရေးခိုင်းခဲ့သလဲဆိုတာ တော့ သူက လွဲပြီး ဘယ်သူ မှ သိနိုင်တော့မည် မထင်တော့။ထို အဓိပ္မါယ်သည် မည်သို့နည်း၊လူတွေအားလုံးနှင့် သူနှင့်ဝေးသွားသောအခါ သူ့အတွက်ငြိမ်းအေးသွားခြင်းလား၊အားလုံးရဲ့ ရင်ထဲမှာကျန်ရစ်ခဲ့သော ပူဆွေးမှု့များသည် ကြာလျှင်မေ့ပျောက်သွားခြင်းလား၊“နှလုံးသားမှာ အမြဲတမ်းသတိရနော်”ဆိုပြီး သတိရခြင်းကို နှလုံးသားမှာ ထည့်သွင်းစေခြင်းလား၊တိတိကျကျမသိတော့။သေချာတာ တစ်ခုကတော့… “နှုတ်ဆက်ခဲ့ပါတယ် ကောင်းမြတ်ခြင်းတရားရယ်၊
ငါ မင်းရဲ့အလိုအတိုင်းသာစွန့်စားခဲ့တယ်၊ငါ့ အိပ်မက်တွေက ဖြစ်မလာခဲ့ဘူး။အမှောင်မှာကျင်လည်ဖို့ငါထွက်သွားပြီဟေ့”ဆိုပြီး “မီးများနဲ့ကင်းဝေးရာ မီးထွန်းပြီးတော့လိုက်ရှာ” နေပါတော့တယ်။
သူ့ သီချင်း၊သူ့ဒဿန၊သူ့အနုပညာ သည် သူ့ဘ၀ အတွက်ဖြည့်ဆွတ်ခြင်းဖြစ်သည်။ “တိမ်တွေအကြောင်း”ထဲက လူ့ဘ၀ဆို တိမ်တိုက်တွေလိုပါ၊“အချိန်ဆိုတာ ဘ၀အတွက်ဖြည့်ဆွတ်ခြင်းပေါ့”ဆိုတဲ့ ဒဿနကို ရဲရဲဝင့်ဝင့် ဖွင့်ဆိုခဲ့လေသည်။သူ့ ရေးဖွဲ့ခဲ့သော “သက်တန့်” ကဗျာသည် လူ့ဘ၀ကိုတိုက်ရိုက် သရုပ်ဖော်နေသယောင်။“အရှိတော့ အရှိပဲ ဒါပေမယ့် အရှိမဲ့”တဲ့၊
“နာရီ ရဲ့ သီချင်း”သည် လူ့လောက တွင်သာ မက ကမ္ဘာကြီးကိုပါ အကျိုးပြုနေသော
သီချင်းဖြစ်သည်၊“လူ့ဘ၀ ဟာရခဲလွန်းလှတယ်ကိုယ့် ဘ၀ကို အလွဲသုံးစား မလုပ်နဲ့၊တစ်နေ့နေ့ သေခြင်းတရားမှာ အားလုံးအဆုံးသတ်ရမယ်၊အို ရှင်သန်ချိန်တွေတိုတောင်းလွန်းတယ်၊မကောင်းမှု့လုပ်ဖို့ အချိန်တွေနှမျောပါတယ်”။
ဟုတ်တယ် ရခဲလှသော လူ့ဘ၀တွင် ကျနော် တို့ တွေဟာမကောင်းမှု့တွေနဲ့ပဲ အချိန်ကုန်နေတော့မလား၊သေချာ စဉ်းစားရပါမည်။
ဒုတိယ စီးရီး (မှော်ဆရာအိပ်မက်)တွင်တော့ လူ့ဘ၀ဟာ တိုက်ပွဲ ဆိုပြီး “ကြိုးဝိုင်း”သီချင်းကိုသီဆို ခဲ့ပါသည်။“အတွေးမမှားပါနဲ့၊မင်းနဲ့ငါလည်း ဘ၀ က သမုဒ္ဒရာထက်ရေပွက်”ဆိုပြီး တရားသဘောကို ဖွင့်ဆိုတာလား ကိုဌက်ရယ် တစ်ကယ်လည်း အားလုံးဟာ ဖြစ်ဆဲခဏတာ တွေပါ။
တစ်ခါတစ်လေ ကိုဌက် ဆိုသလို “ငါဟာအတ္တမဲ့အလင်းတစ်ခုဖြစ်ချင်တယ်၊ပိုင်ဆိုင်တာတွေ စွန့်လွတ်ခဲ့ရေလို စီးဆင်းသွားနေလည်း”လို့တောင် ဖြစ်ချင်မိတယ်၊ဘာပဲပြောပြောပါ၊ခုချိန်မှာတော့ ကိုဌက် ထုဆစ်ခဲ့တဲ့ ရာဇ၀င်များရဲ့သတို့သမီး ဧရာဝတီ ကတော့ ဆက်လက်စီးဆင်းမြဲပါပဲ ကိုဌက်ရယ်၊
ဂီတကို ချစ်၊ဘုရားရဲ့တရားတော်တွေလည်းယုံကြည်၊ဗုဒ္ဒ ကို ဂီတနဲ့ ပူဇော်ခဲ့တဲ့ အနုပညာ မာန ခရီးသည် တစ်ယောက် “ငါလျှောက်ခဲ့တဲ့လမ်းမှ ပြန်မလာဘူး၊ဆုံးဖြတ်ခဲ့ပြီးမှတွေဝေသလား မင်းသိမှာပါ၊ငါလေ တစ်ယောက်တည်း အထီးကျန်၊ဒီ ကမ္ဘာမှာ ဘယ်အရာတည်မြဲသလဲလို့ တစ်ယောက်တည်းတွေးမိတော့ ငါလိုချင်တာတွေ ယုံကြည်တာတွေ မရေရာဘူး၊အချစ်ရယ် အလကားပဲ”ဆိုပြီး ကျနော်တို့ လူငယ်တွေရဲ့ စိတ်တွေကို ရင့်ကျက်လာအောင် လမ်ပြပေးခဲ့သလား ကိုဌက်…
ကိုဌက် မရှိတော့ပေမယ့် အလင်းဆိုင်ကလေး ကတော့ လူစည်နေမှာပါပဲလေ။“ဂစ်တာသံတွေရယ်၊ကိုယ်သီဆိုနေမယ်၊ရင်ကိုခုန်စေတဲ့သီချင်းရယ် အမှောင်မှာ သာယာနားဆွံခဲ့၊သူ ဟာ ခင်တွယ်နေမှာပဲကွယ်”(ဂျပ်ဆင်ထိပ်ကလရိပ်ပြာ) သီချင်း သည် တက္ကသိုလ်ကျောင်းသားတွေ အတွက် နားထောင်လို့ မရိုးနိုင်သော လွမ်းတေးတစ်ပုဒ် ဖြစ်သည်ဟု ကျနော် ထင်သည်၊“နွေကျောင်းပိတ်ရက်တွေမှာ သူပြန်မလာနိုင်ပြီပဲ၊ဘာကြောင့်လဲ ကိုယ် မသိခဲ့ပါ၊ဂျပ်ဆင်ထိပ်ကလရိပ်ပြာရယ်”
ကိုဌက်(သို့)ထူးအိမ်သင် သည် အမေ့ကိုချစ်သော အမေ့ရဲ့ဒုက္ခအိုးလေးဖြစ်သည်၊
(အမေ(သို့)အကြွင်းမဲ့ မေတ္တာတော်ဘွဲ့)စီးရီး သည် အောင်မြင်ခဲ့သော စီးရီးဖြစ်သည်၊သူ ရေးခဲ့သလို ထို စီးရီးသည် “အမေကို ချစ်သောသားများသို့ (ထိုထက်ပို၍)အဝေးရောက်သားများသို့(ထိုထက်ပို၍)သားဆိုးများသို့ အထူးသဖြင့် အမေကိုချစ်သော အဝေးရောက်သားဆိုးများကိုရည်ညွှန်းပါသည်” ဟု ဖော်ပြခဲ့သည်။ ကိုဌက် ရည်ညွှန်းခဲ့သလို ကျနော် တို့လည်း အမေကို ချစ်တဲ့ အဝေးရောက် သားဆိုးတွေပါ ။“အမေ ကျနော့်ကို စိတ်မညစ်ဘူးလား၊ကျနော်ဟာ ကမ္ဘာမြေကြီးရဲ့ သီချင်းလေးတစ်ပုဒ်ပေါ့”ကိုဌက် က တကယ်ကို့ ကမ္ဘာမြေကြီးရဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။“ရင်ခုန်သံ သီချင်းလေး ညည်းရင်းနဲ့ ချစ်ခြင်းမေတ္တာအကြောင်းသင်ကြား” ကျနော်တို့ လဲ ဘ၀ မှာ ရိုးရိုးအေးအေးလေး နေထိုင်ရင်း ရင်ခုန်သံ သီချင်းလေး တွေ ညည်းရင်းနဲ့ပဲ ချစ်ခြင်းမေတ္တာ အကြောင်းသင်ကြားချင်တယ် ကိုဌက်ရယ်၊
ကိုဌက် ထွက်ခဲ့ တဲ့ စီးရီး(၁၃) ခွေနဲ့ လူ့လောက ကို ဒီလောက်ပဲ ပေးဆပ်ခဲ့တာလား ၊ကိုဌက် ဆိုချင်သေးတဲ့ ဗုဒ္ဒ ရဲ့ ပူဇော်တေး စီးရီး တွေ နောက်ထပ် အများကြီး နားထောင်ချင်သေးတယ်ဗျာ၊“ဒီနေ၀င်တာ နောက်ထပ်ကြုံဦးမယ်၊အချိန်တန်လာရင် နှုတ်ဆက်ရမယ် ဒီအတိုင်းပဲ”၊အချိန်တန်တော့လည်းနှုတ်ဆက်ရပြီပေါ့၊ ခုချိန်မှာ သေခြင်းတရားက ကျနော်တို့ကို မွေးကတည်း က မျက်လုံးဒေါက်ထောက်ကြည့်နေပြီ၊“ကျင်လည်ရာ လေးဖြာ သြဃ ၊စုန်ဆန်ကာ အကြိမ်ကြိမ် ဖြန့်ကျက်စား၊အဖန်ဖန်သေခြင်းသည် ဆင်းရဲလေစွ၊အို အဖ ဒေသနာတော် သစ္စာ လေးပါး မမြင်နိုင်သူ အကျွန်သည် လူ အန္န၊ရွှေညဏ်ရှင် သဗ္ဒေညုတ အား ပူဇော် ညွန်တွား၊အို မဟာဝီရ…ဗုဒ္ဒ”
ကျနော် တို့ လူတွေ မြတ်စွာဘုရားရှင် ဟောကြားသော တရားတော်များ၊သစ္စာလေးပါးတရားတော်ကို မမြင်နိုင်သောကြောင့် လူအန္န(လူသိမ်၊လူဖျင်း)ဖြစ်သည် ဟု အကြိမ်ကြိမ် အဖန်ဖန်သေခြင်းသည် ဒုက္ခ၊ဆင်းရဲခြင်း ဟု အဓိပ္မါယ် ဖွင့်ဆို သီဆို ပူဇော်ခဲ့ ပါတယ်။
ဘာလိုလို နဲ့ အချိန်ရာသီတွေပြောင်းလဲ လည်ပတ်ပြီး နွေဦးကံကော် တွေတောင် ပွင့်တော့မယ် ကိုဌက်ရေ၊ တခါတလေ တစ်နေ့စာအလွဲတွေ ကြုံတဲ့ အခါ ကိုဌက် သီချင်း
အားလုံးကို စ နေသလိုပဲနော်၊တစ်နေကုန် အလုပ်နဲ့ ရုန်းကန် လှုပ်ရှားပြီး အိမ်ပြန်ချိန် အပြန်လမ်းမှာ မိုးကောင်ကင်မှာ ကြယ်ကလေးတွေစုံနေတဲ့ ညတွေမှာဆိုရင် နားထဲမှာကြားယောင်မိတာ“ကြယ်တွေစုံတဲ့ညပါပဲ”
“ကြယ်တွေစုံတဲ့ည ကိုယ့်အိပ်မက်လေးရေ၊
ကြယ်တွေစုံတဲ့ ည ဘ၀ မျှော်လင့်ခြင်းတွေ၊
ရင်ခုန်သံ နှင့် ထုဆစ်ထားတဲ့ သီချင်းတွေလည်း ရင်တွေကွဲသွားအောင်ဆိုနေဦးမယ်၊
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ်၊
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားစဉ်၊
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် အတူ ပြန်ဆုံဦးမယ်၊
နာကျင်စွာတစ်ယောက်တည်း တစ်ရေးနိုးတဲ့ ည တို့မှောင်နေဆဲ၊
အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့…
အိုး…အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရေ ငါ့ရဲ့ အကြောင်းတွေ
ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ် စုံတဲ့ည လှနေမှာပေါ့ကွယ်
နေညိုညိုလမ်းလေးထက်နေ့စဉ် စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်….”
“ကြယ်တွေစုံတဲ့ည”သီချင်းကိုရေးစပ်ခဲ့သူများမှာ တေးရေး၊တေးဆို ကိုအောင်နှင့် ကွယ်လွန်သွားပြီဖြစ်သော (ကိုအယ်ဖြူ) တို့က ရေးစပ်ခဲ့သည်၊မူရင်း ကိုအောင်က ဦးစွာသီဆိုခဲ့ပြီး ကိုဌက်က နောက်ဆုံး အယ်လ်ဘမ် တွင် သီဆိုခဲ့သည်၊သီချင်းက ကိုအောင် သီဆိုခဲ့သော အချိန်က သိပ်မသိခဲ့ကြပါ၊ကိုဌက် ရဲ့ အောင်မြင်မှု့ကြောင့်လားမသိ၊ကိုဌက် သီဆိုသော အခါမှ သီချင်းက လူကြိုက်များခဲ့သည်။သီချင်း ရဲ့ Music ပိုင်းကိုလည်း New Version ဖြင့်
ပို ဦးစားပေးခဲ့သည်၊ သီချင်း စစခြင်းမှာပင် သူ့ရဲ့ သြစတြေးလျ ပလွေသံလေးဖြင့် Intro ၀င်ခဲ့သည်။ထို အသံလေးကြောင့် စိတ်ထဲက လွမ်းမောမှု့တွေကို ပိုမိုနိုးထစေသလို၊သီချင်း Chorous အပိုဒ်အပြီး Solo တွင် တော့ ဘာဂျာ သံလေးထည့်သွင်းစေခဲ့သည်။ကိုဌက် ၏ နောက်ဆုံး ကြိုးစားမှု့ ပဲ ဟု ပြောရမည်၊ဂီတ ကို ကိုယ်ပိုင်တူရိယာ ဖြင့် ထုဆစ်ခဲ့သော ကိုဌက် ၏ အနုပညာ ပါရမီ ပင် ဖြစ်သည်။ထို သီချင်း စာသား မှာ လည်း ကျနော် အပါအ၀င် လူ တော်တော်များများ၏ ခံစားချက်တွေနဲ့ တိုက်ဆိုင်တာ ကိုတွေ့ရသည်၊ထို ထဲ တွင် “နာကျင်စွာတစ်ယောက်တည်း တစ်ရေးနိုးတဲ့ ည တို့မှောင်နေဆဲ၊
အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့…
အိုး…အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရေ ငါ့ရဲ့ အကြောင်းတွေ…” စာသားသည် ကျနော် တို့ အားလုံး ၏ စိတ်ထဲတွင်ရှိနေသော ခံစားချက်များကို တိုက်ရိုက် ညွှန်းနေသလို၊ရင်ထဲမှ ပြောမပြနိုင်သော ပူလောင်မှု့၊အိမ်ပြန်ချင်မှု့တွေကို ကြယ်ပွင့်လေး မှ တဆင့် ပြောပြပေးပါ ဟု တောင်းဆိုနေသောပုံစံဖြစ်သည်။အတ္တမှန် ၀ါဒီထက် အစစ်အမှန် ၀ါဒီကို ပို၍ ဖော်ပြပေးထားသည်။ဘ၀တွင် မပြီးပြည့်စုံသော ရည်မှန်းချက်တွေနဲ့ လျှောက်လှမ်းနေရင်း အိမ်ပြန်ချိန် များကို တောင့်တသော စိတ်ကို သဘာဝတရားကကော သိနိုင်ရဲ့လား။ထို မသိနိုင်သော သဘာဝတရားကို မိမိ ၏ စိတ်ခံစားချက်များကို ဖွင့်ဟပြခြင်းသည် ပူလောင်မှု့တွေ အနည်းငယ် လျော့သွားမည်ထင်ပါသည်။သီချင်းမှာ ဤသို့ အဓိပ္မါယ်ဖော်ဆောင်ထားသည်။နောင် ဆယ်စု နှစ် တိုင်အောင်မရိုးနိုင်သော သီချင်းဖြစ်သည်။
ကိုဌက်သည် ဂီတ တွင်သာမက အနုပညာ နှင့် ပတ်သတ် လျှင် စာတွေ၊ကဗျာတွေပါရေးခဲ့သည်။ဆောင်းပါး တွေ စာ တွေကိုတော့ ဖတ်လဲ မဖတ်ဖူးတော့။ကဗျာတွေ လည်းအချို့ကို သိပ်မမှီတော့ပါ။“အမေ”၊“မြ”၊အသက်သည် အိပ်မက်”၊စင်သီယာ၊စသည်တို့သာ သိတော့သည်။အမေ ကဗျာသည် အမေ ကို ချစ်သော သားတစ်ယောက်အဖြစ်၊မိဘမေတ္တာ ကို သိတက်စွာဖြင့် ရေးစပ်ခဲ့ပါသည်။“ဒီတစ်ခါဖြင့်ရင်(သက်သာရာ ရမလားလို့)၀မ်းရေ နည်းနည်းစပ်ရင်လည်း ခွင့်လွတ်ပါ အမေ၊သားတော့မီးလောင်နေပြီ”ဟု အမေ သည် သူ့ကို မွေးခဲ့သည့် အတွက် ၀မ်းရေ စပ်လျှင် ခွင့်လွှတ်ပါ ဟု တောင်းပန်ထားသည်။
ကိုဌက်ရေးသော စင်သီယာ ကဗျာ(၅)ပုဒ်တွဲသည် မော်ဒန်(စ်) အက်(စ်) အငွေ့အသက်များစွာပါသည်။“အသက်သည် အိပ်မက်”ကဗျာကတော့ ကိုဌက်၏ Favorite ကဗျာဖြစ်သည်။ဘ၀ ကို အိပ်မက်ဖြင့် တင်စားခြင်းလား၊တမ်းတခဲ့သော ချစ်ခြင်းမေတ္တာကို တောင့်တခြင်းလား မသိနိုင်တော့။
ကိုဌက်ရယ် ခုတော့လည်း တစ်ဆောင်းသစ်ပြီး အားလုံးကို အနမ်းတစ်ခုအတွက် လွမ်းသူ့အိပ်မက်တွေထားရစ်ခဲ့ပြီပေါ့၊
ကိုဌက်မရှိတော့ပေမယ့် ညီလေးရေ သီချင်းနဲ့ ဆုံးမခဲ့တာတွေ မမေ့ပါဘူး။ကိုဌက် သွားချင်တဲ့ အသစ်ကမ္ဘာကိုလည်း ရောက်နိုင်ပါစေ။၂၀၀၄ သြဂုတ်လ မိုးရေတွေကြားထဲမှာ အားလုံးကို စွန့်ခွာပြီး ထွက်သွားတာ ခုဆိုရင်တော့ (၆) နှစ်ကျော်ခဲ့ပါပြီ။ကိုဌက်
ခုဆိုရင် ကမ္ဘာကြီးက ရက်စက်မှု့တွေ ကြားထဲမှာ ပျော်မွေ့ရင်း နှုတ်ဆက်တေးထဲကလို...
“နှုတ်ဆက်ခဲ့ပါတယ်၊အချစ်ဖွဲ့သီချင်းလေးရေ၊ငါနောက်ထပ်ဆိုညည်းစရာ မလိုအပ်တော့ပါ၊တမ်းတခဲ့လေတဲ့ ချစ်ခြင်းမေတ္တာတရား ဒီမှာရှာမတွေ့ဘူး သီချင်းလေးလေ၊အလင်းရောင် အခန်းလေးရေ၊ကောင်းမြတ်ခြင်းတရားရေ...ငါထွက်သွားပြီဟေ့”...ဆိုပြီး
အဝေးက မိုးကောင်ကင် ထဲမှာ အလွမ်းဌက်ငယ်လေးတစ်ကောင်ပျံသန်းသွားတာ တွေ့မြင်လိုက်ရပါတော့သည်။
( အိမ်မက်များ )
#Storm
0 comments:
Post a Comment