ကမ္ဘာ့ စိမ်ပြေနပြေ လမ်းလျှောက်ခြင်းနေ့ (World Sauntering Day)
ဇွန်လ ၁၉ ရက်
လူပြိန်းစကားနဲ့ Saunter ကို ပြန်ဆိုရရင် အားအားလပ်လပ် လမ်းလျှောက် အပန်းဖြေတာပါပဲ။ လမ်းလျှောက်တာ (Walk)၊ ခြေလှမ်းသွက်သွက်လျှောက်တာ (Trot)၊ ခပ်ရွရွလေးပြေးတာ (Jog)၊ ပြေးတာ (Run) တို့နဲ့ Saunter နဲ့ မတူပါဘူး။ စတိုင်ပါပါနဲ့ ရာသီဥတု သာသာယာယာအောက်မှာ စိတ်အေးလက်အေး လမ်းလျှောက် အနားယူတဲ့ သဘောကို ဆောင်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ် အဘိဓာန် အများစုမှာတော့ Saunter ဆိုတာ ပျင်းရိပျင်းတွဲ လမ်းလျှောက်ခြင်း၊ လေးတိလေးကန် လမ်းလျှောက်ခြင်း၊ လေးလေး ဖင့်ဖင့် လမ်းလျှောက်ခြင်းတို့ဖြစ်ပြီး အဲဒီလို လျှောက်ရတာကို နှစ်သက် ခံစားရမှု လည်း ရှိစေတာလို့ ဖော်ပြထားပါတယ်။ ယိုင်တိယိုင်ထိုး လမ်းလျှောက်ခြင်း (Lollygagging) နဲ့ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ခြင်း (Sashaying) တို့နဲ့ လည်း လုံးဝမတူပါဘူးတဲ့။
၁၉၇၉ ခုနှစ်မှာ ဒတ်ထရွိုက်မြို့နေ နိုင်ငံရေး သတင်းဆောင်းပါး ဆရာ ဒဗလျူ တီ ရာဘီက ဒီနေ့ကို စခဲ့တာပါ။ သူက Lake Superior ပြည်နယ်တက္ကသိုလ်၊ PR ဌာနရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်ပါ တယ်။ ဒါတင်မက မီချီဂန်ကျွန်း၊ မက်ခီနက်ခ်မြို့ရှိ ဂရန်းဟိုတယ်ရဲ့မန်နေဂျာ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ ထူးထူးဆန်းဆန်း အကျင့် တစ်ခုက စတန့် ထွင်လုံးတွေကို စူးစူးစိုက်စိုက် လေးလေးနက်နက် စွန့်ဦး တီထွင်တတ်တာပါ။
၁၉၇၉ ခုနှစ်ရဲ့ တစ်ရက်မှာတော့ သူက မျက်စိဖန်နေတဲ့ ပုံစံမျိုးနဲ့ ဟိုတယ် ကနေ စိမ်ပြေနပြေ လမ်းစလျှောက်ပါတယ်။ သူလမ်းလျှောက်တဲ့ပုံစံက စိတ်အေးလက်အေးနဲ့ စတိုင်ပါလွန်းလို့ မြို့ခံတွေရော ဧည့်သည်တွေကပါ အံ့သြ မှင်တက်ကြီးစွာနဲ့ ငေးကြည့်နေရပါတယ်။ နောက်တော့ တချို့က သူ့နောက်ကနေ သူ့ပုံစံအတိုင်း လမ်းလိုက်လျှောက်ကြပါတယ်။ ဒီလိုနဲ့ ပါဝင်သူတွေ တဖြည်းဖြည်း များလာပြီး စိမ်ပြေနပြေ လမ်းလျှောက်ပွဲ ကြီး ဖြစ်သွားခဲ့တာပါ။ နောက်တစ်နှစ် ဇွန်လ ၁၉ ရက်မှာ ဂရန်းဟိုတယ် ဆင်ဝင်ကနေ ပေ-၆ဝဝ အတွင်းကို စိမ်ပြေနပြေ လမ်းလျှောက်ခြင်းနေ့အဖြစ် သတ်မှတ် ကျင်းပပြန်ပါတယ်။ နောက်တော့ အမေရိကန်ပြည်ထောင်စု တစ်ခုလုံးကို ဒီနေ့ဟာ ပျံ့နှံ့သွားခဲ့ပါတော့တယ်။
၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ဗိုလ်ချုပ်ကြီး ဂေါ်ဒန်ဂရိန်းဂျား ဦးဆောင်တဲ့ အမေရိကန် စစ်သားတွေဟာ တက္ကဆက်စ်ပြည်နယ်က ဂဲလ်ဗီစတန်ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒီနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကျွန်တွေအားလုံးကို ကျွန်အဖြစ်မှ လွတ်မြောက်ခွင့် ပေးလိုက်တဲ့နေ့ပါ။ ဒါကြောင့် စိမ်ပြေနပြေ လမ်းလျှောက်ခြင်းနေ့ဟာ အမေရိကန် ပြည်ထောင်စုမှာတော့ ကျွန်စနစ် အဆုံးသတ်မှု ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါတင်မက ဂျင်မ်ဒေးဗစ် ဖန်တီး အသက်သွင်းထားတဲ့ ကာတွန်း ဇာတ်ကောင် ဂါဖီးလ်ဒ်ရဲ့မွေးနေ့၊ တရုတ်ပြည်မှာ ကျင်းပတဲ့ နဂါးလှေ ပွဲတော် (သို့) နွေရာသီ ပွဲတော် (သို့) ငါးလမြောက် ပွဲတော်နေ့နဲ့ လည်း တိုက်ဆိုင်နေပါတယ်။
တချို့သောနိုင်ငံတွေမှာ စိမ်ပြေနပြေ လမ်းလျှောက်ခြင်းနေ့ကို သြဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပတာမျိုး ရှိပါသေးတယ်။ ဒါပေမဲ့ နိုင်ငံအများစုကတော့ ဇွန်လ ၁၉ ရက်မှာပဲ ကျင်းပကြတာပါ။ ခြေဦးတည့်ရာ သဝေထိုး (Roam) ဖို့၊ ခြေရှည်၊ ခြေများ (Rove) ဖို့ အခွင့်အရေးရတဲ့ နေ့တစ်နေ့ပါ။ ဒါပေမဲ့ ကျန်းမာရေးကို အဓိကထားပြီး စိတ်အေး လက်အေးနဲ့ အဖွဲ့လိုက် စိမ်ပြေနပြေ လမ်းလျှောက်ဖို့ကို အာရုံစိုက်ဖို့ လိုပါသတဲ့။ ကျွန်တော်ကတော့ ဒီနေ့အကြောင်းကို ရေးသားရင်းနဲ့ ဆရာ ညွန့်အေး(အင်းဝ)ရဲ့ “အပြောနဲ့အလုပ်” ဆိုတဲ့ ကဗျာတစ်ပုဒ်ကို သတိရလိုက်မိပါတယ်။
" ပါးစပ်ပါ
ရွာရောက်။
တကယ်တော့
ပင်ပင်ပန်းပန်းလျှောက်ရသူက
ခြေထောက်"

(လူသာမန်)
0 comments:
Post a Comment