`` သဗ္ဗေသတ္တာ ကမ္မဿကာ.... (သို့မဟုတ်) ဒါ ဘယ်သူ့တာဝန်လဲ....... ???????? ´
ကျွန်တော်တို့နေထိုင်တဲ့ ဒေသက ဆီအုန်းကုမ္ပဏီကြီးတွေ ရှိတဲ့... မြန်မာနိုင်ငံရဲ့ တောင်ဘက် အစွန်ဆုံး ဒေသပေါ့.... အီကွေတာနဲ့နီးတာရယ် မိုးရေချိန်များတာရယ်က ပူအိုက်စွတ်စိုတဲ့ ဒေသဖြစ်ပြီး ဆီအုန်းစိုက်ပျိုးဖို့ အင်မတန် သင့်လျော်တော့ ဆီအုန်းကုမ္ပဏီကြီးတွေ ရှိကြတယ်ပေါ့ဗျာ......
အဲဒီမှာ ဆီအုန်းလက်ခုတ်တဲ့ ဒေသအခေါ်ဆိုရင်တော့ ဆီထိုးတဲ့ ဓါးကြီးတွေ ရှိတယ်ဗျ....
ဆီအုန်းပင်တွေမှာ ဆီသီးအထွက်ကောင်းဖို့နဲ့ အပင်အားရှိဖို့ အောက်ခြေက ဆီအုန်းအလက်တွေကို ရှင်းပေးရတယ်... ဆီအုန်းအလက်ဆိုတာကလည်း အုန်းလက်တွေလိုပဲလေ... ပိုပြီးထုကြီးသလို အနားစောင်းတွေမှာလည်း ဆူးတွေ ပါသေးသဗျ...
ဆီအုန်းအပင်တွေက တစ်ချို့ဆိုရင် ၁၀ပေ ၀န်းကျင်လောက်အထိ မြင့်ကုန်ပြီ... ဒီတော့ လူက ဒါးကိုင်ပြီး သာမန်အတိုင်း အလက်တွေကို ခုတ်လို့မရတော့ဘူး.... ၄/၅ ပေလောက် သစ်သား အရိုးတတ်ပြီးမှ အောက်ကနေ မတ်ရပ် ခုတ်ရတာ... အဲဒီဆီအုန်းအလက်တွေကို ခုတ်တဲ့ဓါးကြီးတွေက ကိုင်းခုတ်တဲ့ ဓါးတွေလိုပဲ လို့ ဆိုရမှာပေါ့ အောက်ကနေ တစ်ချက် ရမ်းလိုက်တာနဲ့တင် ဆီအုန်းကိုင်းက တိကနဲ ပြတ်ကျတာ..... ပြောရရင်တော့ ကိုင်းခုတ်ဓါးတွေ ထက်တောင် ပိုပြီး ထက်နေသယောင်ယောင်...။
ပြောချင်တာက ဆီအုန်းအကြောင်း မဟုတ်ဘူးဗျ......
တစ်နေ့ဗျာ..... လ္ဘက်ရည်ဆိုင်မှာ အသိတွေနဲ့ အတူထိုင်နေဖြစ်တယ်.... ကြုံတောင့်ကြုံခဲ မောနင်း လ္ဘက်ရည်ဝိုင်းလေး ဖြစ်သွားတာပေါ့.....။ တော်တော်များများကတော့ ဒေသက ဌာနဆိုင်ရာတွေနဲ့ မိတ်ဆွေတွေပဲပေါ့.....။
ဆီအုန်းလုပ်သားလား ဘာလား မသိတဲ့ လူတစ်ယောက်က ဆီကိုင်းခုတ်တဲ့ ဓါးကြီးထမ်းပြီး လ္ဘက်ရည် ဆိုင်နားက ဖြတ်သွားတယ်.....
ပလက်ဖောင်းဘက်ကို ကျောပေးထိုင်နေတဲ့ တစ်ယောက်နားက ဖြတ်သွားတော့ အဲဒီပုဂ္ဂိုလ်က ကျက်သီးထပြီး အသဲယားသွားတယ်ဗျ..... ပြီးတော့ လ္ဘက်ရည် ၀ိုင်းထဲက ရဲအရာရှိ တစ်ဦးကို လှမ်းပြောလိုက်တယ်..... `` ဦးရဲကြီး လုပ်ပါဦးဗျ..... အရိုးအသွား ၉ လက်မကျော်နေတဲ့ ဓါးကြီး ကိုင်ပြီး လျှောက်သွားနေတယ်...... မဖမ်းဘူးလား.....´´တဲ့၊ ဦးရဲကြီးကတော့ အေးဆေးပဲ...။
`` ဆီအုန်းလုပ်သား နေမှာပေါ့.... သွားဖမ်းလိုက်ရင် အတိုင်ခံရပြီး ပြုတ်သွားဦးမယ်၊ ဒီခေတ်မှာ လွယ်တယ်များ ထင်နေလား.... ´´တဲ့။
`` ဟာ... ဒါဆို ဒီကောင်ကျွန်တော့ကို ခုတ်သွားရင် ဘယ်လိုလုပ်မလဲ....´´
`` ဒါဆိုရင်တော့ ဒါးခုတ်မှု ဖြစ်ပြီပေါ့ဗျ..... သေသွားရင်တော့ လူသတ်မှုပေါ့....´´
`` တကယ်လို့ ကျွန်တော်ကို ခုတ်ရင်တော့ ခင်ဗျားဖမ်းမှာပေါ့ ဟုတ်လား.... သေတာ မသေတာက တော့ ကျွန်တော့်ကံပေါ့.... ဒီသဘောလား..´´
`` အဲလိုလည်း မဟုတ်သေးဘူးဗျ...... ခုတ်လိုက်ရင်လည်း ကျွန်တော်က သတင်းပို့ရမှာ... မြို့နယ်မှူးတို့ စခန်းမှူးတို့က ဖမ်းဖို့ အင်အားစုဖွဲ့ပြီး ဖမ်းခိုင်းရမှာရလေ... ကျွန်တော့်ကို ဖမ်းဆီးရေးထဲ ထည့်ရင် ကျွန်တော်လည်း ဖမ်းရမှာပေါ့...... ဟဲဟဲ´´
`` ဒါဆို ခင်ဗျားတာဝန်က ခုတ်တာကိုမြင်မှ သတင်းပို့တဲ့ တာဝန်ပဲရှိတာပေါ့ ဟုတ်လား...၊ ရာဇ၀တ်မှု ကြိုတင်ကာကွယ်ရေး ရှိတယ်ဆို... ဘယ်လိုလဲဗျ.... ခင်ဗျားစကားက ခင်ဗျားတို့ ရဲတွေကို ယုံကြည်ရလောက်တဲ့ အဆင့် မရှိသလိုပဲဗျာ..... အားကိုးလို့ မဖြစ်ဘူးနဲ့ တူတယ်...´´
`` အေးဗျ...... ခင်ဗျားပြောရင်လည်း ခံရမှာပဲ... ကျွန်တော်တို့မှာက လုပ်ထုံးလုပ်နည်းရယ်... အမိန့်ရယ်၊ ညွှန်ကြားချက်တွေရယ်က အများကြီးဗျ...... ရဲအရေးပိုင်တဲ့ အ၀န်းအ၀ိုင်းထဲက တစ်ခုခုကို လုပ်မယ်ဆိုရင်တောင် ရဲလက်စွဲ စာစောင်ထဲကအတိုင်းပဲ လုပ်ရတယ်... အဓိကက အမိန့်အရပဲ ဆောင်ရွက်ရတယ်ဗျ....´´
`` အဲဒီ အမိန့်ကို ဘယ်သူပေးတာလဲ...´´
`` အထက်အရာရှိက ပေးတာပေါ့ဗျ..... ကျွန်တော်က ဒုရဲအုပ်ဆိုတော့ ကျွန်တော့်အထက်မှာ စခန်းမှူးရှိတယ်ဗျာ.... စခန်းအင်အားဆိုရင် စခန်းမှူးက အမိန့်ပေးတာပေါ့......´´
`` ဟင်... ဒါဆိုရင် စခန်းမှူးကိုရော.... အမိန့် ဘယ်သူပေးလဲ....´´
`` အော် စခန်းမှူးကိုတော့ မြို့နယ်မှူးက အမိန့်ပေးရတာပေါ့....´´
`` စခန်းမှူးဆိုတာက သူ့စခန်းအပိုင် ဧရိယာထဲမှာ ဖြစ်သမျှ ရာဇ၀တ်မှုတွေက သူ့တာဝန် မဟုတ်ဘူးလားဗျ... ဘာလို့ မြို့နယ်မှူးက အမိန့်ပေးရတာလဲ... ???´´
`` ဓါးခုတ်မှု ဖြစ်ရင် ထူးခြားဖြစ်စဉ်လေဗျာ...... ထူးခြားဖြစ်စဉ်ဆိုတော့ သိတာနဲ့ ချက်ချင်း သတင်းပို့ရတယ်... သတင်းလက်ခံရရှိတဲ့သူကလည်း ချက်ချင်း အထက်ကို ဆက်ပြီး သတင်းပို့ရတယ်...၊ အဲဒီလို ဆင့်ကဲ ဆင့်ကဲသွားတာလေဗျာ....´´
`` အော်.... ဒါကြောင့် ဖြစ်သမျှ အမှုတိုင်း၊ ပြဿနာတိုင်းနီးပါးမှာ ကြိုတင်ကာကွယ်မှု မပြုနိုင်တာကိုးဗျ..... တင်ပြနေရင်း အမိန့်စောင့်နေရင်း မိုးချုပ်နေရတာ ဒါကြောင့်ကိုး....´´
`` အေးပေါ့ဗျာ..... ပြောရင်လည်း ခံရမှာပဲ.... ရာဇ၀တ်ကောင်တွေက ဘယ်လိုပြစ်မှု ကျူးလွန် ကျူးလွန် ဥပဒေအတိုင်းပဲ စီရင်ရတယ်လေ....၊ ရဲကတော့ အဲလို မဟုတ်ဘူးဗျ.... လုပ်ထုံး လုပ်နည်းအတိုင်း၊ ရဲလက်စွဲ စာစောင်ထဲက အတိုင်းပဲလုပ်ရတယ်... မှားသွားရင် ဘ၀နဲ့ ရင်းရရော.... အမှားမခံဘူးလေဗျာ.... အခုပဲကြည့်လေခင်ဗျားအနားကို ဆီကိုင်းခုတ်တဲ့ ဓါးကြီးနဲ့ ရောက်လာတယ်... သူမခုတ်တော့ ကျွန်တော်လည်း ဒီအတိုင်းပဲ ကြည့်နေရတယ်... အားလုံးလည်း ဒီအတိုင်းပဲ ကြည့်နေရတယ်... အဲ ခုတ်လိုက်ရင်တော့ ရာဇ၀တ်မှု ဖြစ်သွားပြီ... ရာဇ၀တ်မှု ကျူးလွန်လိုက်လို့ ကျွန်တော်က ရဲဖြစ်နေတဲ့ အတွက် ကျွန်တော်က ချက်ချင်း ထပြီး ဖမ်းတယ် ဆိုပါစို့... သူက အေးဆေးအဖမ်း မခံဘူးလေဗျာ..... လူသတ်ထားတဲ့ တရားခံတစ်ယောက်က တစ်ယောက်ထဲလာတဲ့ ရဲကို ဒီတိုင်း အဖမ်းခံမလား.... ဘယ်အဖမ်းခံမလဲဗျ... သူ့မှာပါတဲ့ လက်နက်နဲ့ ပြန်ပြီး ရန်ရှာမှာပဲ..... အဲဒီတော့ ကျွန်တော်က ဘာလုပ်ရမလဲ... သေနတ်ပါတဲ့အတွက် သေနတ်နဲ့ ပစ်ဖမ်းရမှာပေါ့... ဒါက ဖြစ်သင့်တာကို ပြောတာ... တကယ်က ကျွန်တော် သေနတ်နဲ့ ပစ်လိုက်လို့ ဒီတရားခံ သေသွားရင် ကျွန်တော်က ပြန်ပြီး အမှုဖြစ်ပြီ..... တကယ်လို့ မသေရင်လည်း ဒဏ်ရာတော့ ရမှာပဲ.... ဒါဆိုရင်လည်း ပစ်မိန့် ဘယ်သူပေးလဲ လုပ်တော့မယ်...၊ အမိန့်မရပဲ သေနတ်နဲ့ ပစ်တဲ့ အမှုက ဖြစ်ပြီ.... နောက်တစ်ခါ လူ့အခွင့်အရေး အဖွဲ့တွေရယ်... စတုတ္ထအရောင်းဆိုင်တွေရယ်...... အဲ ဆောရီး စတုတ္ထမဏ္ဍိုင်လား ဘာလားဗျာ.. သတင်းဌာနတွေက စိတ်မမှန်တဲ့ သူတစ်ယောက်ကို ရဲက သေနတ်နဲ့ပစ်တယ်... သေနတ်နဲ့ ပစ်လို့ သေသွားတယ်... ပြည်သူတွေကို ရက်ရက်စက်စက်လုပ်တယ် စသည်ဖြင့် ရေးကြပြောကြနဲ့ ကျွန်တော်က ထောင်ကျမှာဗျ.....၊ နောက်ပြီး ကိုယ်က မပစ်ခင် သူက ဓါးနဲ့ ခုတ်လို့ သေသွားရင်လည်း သားသမီးတွေက ဖတဆိုးလေးတွေ ဖြစ်ဦးမယ်.... စဉ်းစားကြည့်ပေါ့ဗျာ.... အဲဒီတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ... ဖြစ်လာမှပဲ သတင်းပို့ရတော့မှာပေါ့..... ပြီးမှပဲ အမိန့်အရ ဆက်လက် ဆောင်ရွက်ရမှာပေါ့.... ဟဲဟဲဟဲ´´
ကိုရဲကြီးရဲ့ စကားကို ကြားရတော့လည်း ဟုတ်သလိုလိုဖြစ်သွားမိတယ်... ဒါကို မကျေနပ်တဲ့ အစောက ပုဂ္ဂိုလ်ကတော့ .....
`` ဒါဆိုရင် ခင်ဗျားတို့က အမိန့်ရမှ အလုပ်လုပ်မှာပေါ့... ဟုတ်လား၊ ဒီပုံစံနဲ့ ကျုပ်တို့က ဘယ်သူ့ သွားအားကိုးရမှာလဲ ???? ´´
`` ဒါကတော့ဗျာ.... ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့.... ကျွန်တော်တို့ကတော့ ခြေချုပ်လုပ်ထားတဲ့ သူတွေ၊ ပြေးလေးပြေးတွေနဲ့ ရာဇ၀င်ရှိတဲ့ လူဆိုးတွေကို စောင့်ကြည့်နေပါတယ်... ပြစ်မှု ကျူးလွန်ရင် အမိန့်မလိုပဲ ဖမ်းနိုင်တဲ့ တရားခံလောင်းတွေ ကိုပေါ့... သူတို့ဆိုရင်တော့ ချက်ချင်း ဖမ်းနိုင်တယ်...လေ ´´ ပြောရင်း လ္ဘက်ရည် တစ်ငုံသောက်လိုက်တယ်... ပြီးတော့ ဆက်ပြောတယ်ဗျ.... ´´ အကောင်းဆုံး အကြံတစ်ခုပေးမယ်.... ကိုယ့်ကိုယ်ကိုယ်သာ အားကိုးဗျ.... အဲဒါသေချာတယ်..... ခင်ဗျားလည်း သိတဲ့ အတိုင်းပဲ ကမ္ဘာပေါ်မှာ တရားခံကို သေနတ်နဲ့ ပစ်ဖမ်းလို့မရတာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တစ်ခုတည်း ရှိတာလေ.... ဟားဟားဟား.......´´ ဦးရဲကြီးကတော့ ပြောရင်းနဲ့ တဟားဟားရယ်နေတယ်.... ကျွန်တော်တို့လည်း ရယ်သူရယ်... ပြုံးသူပြုံးပေါ့.... ဒီမနက်စကားဝိုင်းလေးကတော့ စည်တယ်ဗျ.... နောက်ပြီး ဘရိတ်ဖတ်လေးတွေကလည်း အရသာ ရှိလှပါတယ်...။
ကျွန်တော် ဆက်ပြီး စဉ်းစားဖြစ်တယ်.... ဒီအတိုင်းဆို ဟုတ်တော့လည်း ဟုတ်နေသား.....
အင်း... ဘုရားလည်း ဟောထားတယ်... `` သဗ္ဗေသတ္တာ ကမ္မဿကာ.....´´ တဲ့၊
အဲဒီထဲမှာမှ ကံလေး လှဖို့ကတော့... ကိုယ့်ဟာကိုယ်သာ စောင့်ရှောက်ကြရမှာပေါ့လေ....
စကားနားထောင်ရင်း ကြည့်မိတော့ လ္ဘက်ရည်လေးလည်း အေးနေပြီ.....
အားလုံးပဲ မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေဗျာ....
(ကွန်ဆူးမား)(၆-၆-၂၀၁၃)
0 comments:
Post a Comment