Saturday, June 8, 2013

"အနမ်းတစ်ပွင့် နဲ့ လူ့အခွင့်အရေး"

Phyo Wai shared Myo Chit Myanmar's photo.
"အနမ်းတစ်ပွင့် နဲ့ လူ့အခွင့်အရေး"

မြန်မာတွေဟာ ...

ခေတ်မှီချင်လိုက်တာလဲ အရမ်း ...
သိပ်ယဉ်ကျေးပါတယ်လို့ ကြွေးကြော်ရတာလဲ မကြာခဏ ... 
လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်လို့ အော်ကြီးဟစ်ကျယ်ပြောနေရတာလဲ မမောနိုင်မပမ်းနိုင် ...

အင်း ... 
ဒါပေမယ့် .....

သူများသားသမီး တရားဝင် မင်္ဂလာဆောင်ပြီးသား တရားဝင်လင်မယားက မင်္ဂလာ ဧည့်ခံပွဲညမှာ တစ်ကမ္ဘာလုံးက ယဉ်ကျေးမှုအတိုင်း သူငယ်ချင်းတွေ တောင်းဆိုလို့ Wedding Kiss လို့ခေါ်တဲ့ မင်္ဂလာ အနမ်းနမ်းတာကို ဘာလို့ မကြားဝံ့မနာသာတွေ ရုန့်ရင်းစွာ ပြောဆိုဝေဖန်နေကြတာလဲဗျာ။

ဟုတ်ကဲ့ ...
ရှေးမြန်မာတွေရဲ့ ဓလေ့ထုံးစံမှာ စုံတွဲတွေ လူမြင်ကွင်းမှာ နမ်းတာကို မြင်လေ့မရှိတာ ကျွန်တော် နားလည်ပါတယ်။ ဒါကလဲ လက်မထပ်ရသေးတဲ့ သမီးရည်းစားတွေ ကို ယဉ်ကျေးမှု အစဉ်အလာအရ အနေအထိုင် ကိုင်တွယ်ထိန်းချုပ်ထားတဲ့ သဘောပါ။
တရားဝင် လက်ထပ်ထိမ်းမြားထားတဲ့ လင်မယားတွေကို အဓိက မကျပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ နေထိုင်လာတဲ့ ကမ္ဘာကြီးဟာ အဲ့ဒိ သက္ကရာဇ်တွေကို ကျော်လွန်ခဲ့တာ နှစ်ပေါင်းရာချီနေပြီ မဟုတ်လား။
အမေရိကား အပါအဝင် အနောက်တိုင်း နိုင်ငံတွေမှာလဲ လူတိုင်း အရှက်အကြောက်မဲ့ ရိုင်းစိုင်းစွာနေထိုင်နေတာမဟုတ်ပါဘူး။
ဒီနိုင်ငံတွေမှာလဲ လူမြင်ကွင်းမှာ မဖွယ်မရာတွေ ပေးမလုပ်ပါဘူး ၊ လုပ်မိရင်လဲ Lewd Act (မဖွယ်မရာပြုမှု) နဲ့ အဖမ်းခံရပါတယ်။

ကျွန်တော် အဓိကပြောချင်တာက နှုတ်ခမ်းချင်း နမ်းတာကို Lip Kiss လို့ ခေါ်ကြပါတယ်။
Lip Kiss တိုင်းဟာ Sexual Symbol (လိင်ပိုင်းဆိုင်ရာ သင်္ကေတ) လို့ မသတ်မှတ်ကြပါဘူး။

Lip Kiss မှာကိုဘဲ ..

Closed Mouth Kiss (နှုတ်ခမ်းပိတ်တေ့နမ်းခြင်း) 

Open Mouth Kiss (ပါးစပ်ဖွင့်နမ်းခြင်း) ဆိုတဲ့ နှစ်မျိုးရှိပါတယ်။

ကျွန်တော် သိပ် ထဲထဲဝင်ဝင် မရှင်းပြချင်ပေမယ့် လိုရင်းတော့ပြောပြပါ့မယ်။

အနောက်တိုင်းပြည်တွေ နဲ့ ခေတ်မှီလာတဲ့ အာရှနိုင်ငံတွေမှာ Closed Mouth Kiss (နှုတ်ခမ်းပိတ်တေ့နမ်းခြင်း) ခေါ်တဲ့ ကျား နဲ့ မ နှစ်ဦး နှုတ်ခမ်းလေးကို စူထားတဲ့ပုံစံမျိုး နဲ့ လုံးဝ မဖွင့်ဘဲ နမ်းတာမျိုးဟာ သိပ်ချစ်ခင်မှု နဲ့ သံယောဇဉ်ကို ပြသတဲ့သဘောကိုဘဲ ဆောင်ပါတယ်။

တစ်ခါတစ်လေ မောင်နှမချင်း သားအမိ သားအဖ ချင်း ငယ်သူငယ်ချင်းချင်း လဲ နမ်းကြပါတယ်။
ဒီလို နမ်းတဲ့အခါ နှုတ်ခမ်းချင်း ထိရုံသာထိပြီး စုထားတဲ့ နှုတ်ခမ်းကို လုံးဝ မဖွင့်ကြပါဘူး။
(ဒါပေမယ့် ဒီလို နမ်းတာမျိုးဟာ သွေးသားနီးပါး သိပ်ရင်းနှီးတဲ့သူတွေကိုဘဲ နမ်းတာပါ ၊ တော်ရုံ သံယောဇဉ်နဲ့ အဲ့လို မနမ်းကြပါဘူးဆိုတာတော့ သိထားရပါမယ်။)

ကျွန်တော် တို့ အမေရိကားက ကျောင်းတွေမှာ အလုပ်တွေမှာ ကျောင်းနောက်ဆုံးနေ့ အလုပ်ထွက်တဲ့နေ့ တွေဆိုရင် သိပ်ခင်တဲ့ အမျိုးသမီး ကြီးငယ် အားလုံးနဲ့ ပါးလေး နှုတ်ခမ်းလေးတော့ အသံထွက်ရုံ ပကျွတ်ဆိုပြီး နမ်းကြတာပါဘဲ။

ဒါကို ဘယ်သူကမှ မဖွယ်မရာလို့ မမြင်မတွေးပါဘူး။ နမ်းသူရော အနမ်းခံရသူရောပါ ဘယ်လိုမှ မတွေးမိကြပါဘူး။

ချစ်သူတွေချင်း လင်မယားတွေချင်း တဏှာရာဂ စွဲမက်စိတ်တွေနဲ့ နှုတ်ခမ်းချင်းနမ်းတဲ့ အနမ်းမျိုးကိုကြတော့ Open Mouth Kiss (နှုတ်ခမ်းဖွင့်နမ်းခြင်း) လို့ ခေါ်ပါတယ်။
အဲ့လိုနမ်းတဲ့အခါ နှုတ်ခမ်းတွေကို ဖွင့်ပြီး လျှာတွေကိုပါ တစ်ယောက် ပါးစပ်ထဲ တစ်ယောက် ထည့်ပြီး ပွတ်သပ် စုပ်ယူခြင်းပြုကြပါတယ်။

(ကျွန်တော် တိတိကျကျ ပြောချင်တာကို တစ်ခြားစကားလုံး ရှာမရတော့လို့ ခုလိုရေးလိုက်ရတာ နားလည်ပေးပါ ၊ ရွံစရာဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ)

ဒါကို ချစ်သူတွေအနမ်း (သို့မဟုတ်) Lover Kiss (Passionate Kiss) လို့ သတ်မှတ်ကြပါတယ်။

သမိုင်းသုသေတီတွေရဲ့ အဆိုအရ ပြင်သစ် လူမျိုးတွေဟာ အဲ့လို လျှာချင်း နှုတ်ခမ်းခြင်း စုပ်နမ်းတာကို စတင်ကျင့်သုံးခဲ့တယ်လို့ တွေ့ရှိထားကြတဲ့အတွက် ကမ္ဘာမှာ French Kiss လို့ ယနေ့တိုင် ခေါ်ဝေါ်ကြပါတယ်။

ဒါကို အနောက်နိုင်ငံတွေမှာတော့ အခြေအနေနဲ့ အချိန် အခါပေါ် မူတည်ပြီး အများမြင်ကွင်းမှာ လက်ခံပေးကြရပါတယ်။

အလကားနေရင်း မြို့လည်ခေါင် လမ်းမပေါ်မှာ အဲ့လို ထနမ်းနေရင်တော့ လူအများ ကဲ့ရဲ့မှာ ဖြစ်ပေမယ့် ထောင်ကနေလွတ်လာတဲ့ ခင်ပွန်း နဲ့ ဇနီး ပြန်တွေ့တဲ့အခါမျိုး ...
သေပြီလို့ ထင်ထားတဲ့ စစ်ပြန် ခင်ပွန်း နဲ့ ဇနီး ပြန်တွေ့တဲ့ အခါမျိုး တွေကိုတော့ လူ့ အသိုင်းအဝိုင်းက နားလည်ပေးထားရတာမျိုးတွေရှိပါတယ်။
 
ကဲပါလေ ကျွန်တော် အဓိက ဆိုလိုတာနဲ့ သွေဖီမသွားစေချင်လို့ ဒီလောက်နဲ့ ရပ်ပြီး လူတွေကို သိစေချင်တာလေးတစ်ခုနဲ့ဘဲ အဆုံးသတ်ပါရစေ။
တစ်ကယ် အဆုံးသပ်ပြောချင်တာကတော့ ဒီအနမ်းအပေါ်မှာ မညှာမတာ ဆဲဆိုနေကြတဲ့သူတွေရဲ့ စိတ်နေစိတ်ထားကိုပါ။

လက်တွေ့စိတ်ပညာအရ လူဆိုတာ သူများကို ဝေဖန်သုံးသပ်တဲ့အခါမှာ မသိစိတ်က မိမိကိုယ်တိုင် နဲ့ အရင် ဆုံး စံထားလေ့ရှိကြပါတယ်။

ကိုယ်တိုင် ရိုးသားတဲ့သူတစ်ယောက်ဟာ သူတစ်ပါးရဲ့ အပြုအမူကို ရိုးသားတဲ့အမြင်နဲ့ဘဲ သုံးသပ်လေ့ရှိသလို ကိုယ်တိုင် စဉ်းလဲကောက်ကျစ်သူတစ်ယောက်ဟာ သူတစ်ပါးရဲ့ အပြုအမူမှန်သမျှကိုလဲ ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံးတွေနဲ့ဘဲ မြင်လေ့ရှိပါတယ်။

"ကိုယ့် စိတ် နဲ့ နှိုင်း မရိုင်း " ဆိုတဲ့ စကားဟာ အဲ့ဒိ လက်တွေ့စိတ်သဘာဝ ကို အခြေခံပြီး ဖြစ်လာတာပါ။ သီအိုရီ သက်သက် မဟုတ်ပါဘူး။

အမျိုးသမီးတစ်ယောက်ကို ကြည့်ပြီး "သူမ ရဲ့ ရင်သား နဲ့ တင်ပါး ဟာ ဘယ်လောက် သေးတယ် / ကြီးတယ်" လို့ အမြဲဝေဖန်တတ်တဲ့ ယောက်ျားတွေဟာ မြင်သမျှ အမျိုးသမီးတိုင်းရဲ့ ရင်သား နဲ့ တင်ပါး တွေကိုဘဲ အဓိက အာရုံစိုက်နေလို့ပါဘဲ။

"ဒီကောင်မလေးတွေတော့ ဒီလိုကျပ်ကျပ်ဝတ်နေ တစ်နေ့ မုဒိန်းကျင့်ခံရတော့မှာဘဲကွာ" လို့ အမြဲ သုံးသပ်နေတဲ့ ယောကျာ်းတွေဟာ သူတို့ မြင်သမျှ အမျိုးသမီးတွေကို မုဒိန်းကျင့်ချင်တဲ့စိတ် အမြဲကိန်းအောင်းနေတတ်ပါတယ်။

"ဘယ်ယောက်ျားကတော့ဖြင့် ဘယ်သူ့မိန်းမကို ကြံနေပြီ" လို့ အမြဲ ကောက်ချက်ချနေတတ်တဲ့ ယောကျာ်းတွေဟာ သူတို့ကိုယ်တိုင်လဲ သူများသားမယားကို စိတ်က အမြဲပြစ်မှားနေမိတတ်လို့ပါဘဲ။

ဒီတော့ သူတစ်ပါးရဲ့ အပေါ်ယံမြင်ကွင်းတစ်ခုအပေါ် မိုက်မိုက်ရိုင်းရိုင်း ကောက်ချက်ချ ဝေဖန်တတ်သူတွေရဲ့ စကားလုံးတိုင်းက သူတို့ကိုယ်တိုင်ရဲ့ အတွင်းစိတ် (အဇ္ဈတ) တွေဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းနေတယ်ဆိုတာကို သူတို့ဘာသာ မီးမောင်းထိုးပြနေတာနဲ့ အတူတူပါဘဲ။

ဒါဟာ သေချာတွေးကြည့်ရင် ကိုယ့်ဘာသာ ပြန်ရှက်ရမယ့် ဖြစ်ရပ်တွေပါ။
ဒီလောက်ပြောရင် နားလည်လောက်ပြီထင်ပါတယ်။

ကျွန်တော် ပြောခဲ့သမျှတွေဟာ ရာနှုန်းပြည့် မှန်ချင်မှမှန်ပါလိမ့်မယ်။ 
ဒါပေမယ့် ကျွန်တော် လူသားစိတ်ပညာကို လေ့လာထားသမျှအတိုင်းဘဲ သုံးသပ်ထားတာမို့ လွဲမှားတိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။
နောက်ပြီး အဓိက Subject ဖြစ်သွားတဲ့ ရဲလေး နဲ့ ဇနီး မအေးမြအောင် တို့ နှစ်ဦး ဒီစာလေးကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရမယ်ဆိုရင်လဲ ရိုးသားစွာ တောင်းပန်ပါတယ်။

တစ်ယောက်ယောက်ကတော့ ပြောပြဖို့ လိုနေပြီလို့ ထင်လို့ ရေးလိုက်တာပါ။
သူတို့ နှစ်ဦးဟာ ကျွန်တော့် ဆွေမျိုး လဲ မဟုတ်သလို သူငယ်ချင်းတွေလဲ မဟုတ်ပါဘူး။

ဒီစာကို ကျွန်တော့် ခံစားချက် နဲ့ အတွေးအရသာရေးသားခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့် ရေးသားခြင်းမဟုတ်တာကို ရိုးသားစွာအသိပေးရင်းနဲ့ဘဲ ...

မြန်မာတွေ မလိုအပ်ဘဲ အမြင်ကျဉ်းနေတဲ့ စိတ်တွေ လျော့ပါးနိုင်ကြပါစေ ၊ 
တစ်ဦး အပေါ် တစ်ဦး မေတ္တာစိတ်လေးနဲ့ ချစ်ခင် လေးစား စာနာ နိုင်ကြပါစေ ... လို့ 
ဆုတောင်းပေးလိုက်ပါတယ်ဗျာ ... ။

ထာဝရမေတ္တာဖြင့် ...

မျိုးချစ်မြန်မာ

(ဓါတ်ပုံ - Asian Fame Media Group)

  1 comment:

  1. လူ့ပါတ်ဝန်းကျင်က ယဉ်ကျေးမှုဆိုတာကို သတ်မှတ်ပေးတယ်။ အနောက်တိုင်းရဲ့ ဓလေ့တွေမှာ ယဉ်ကျေးပါတယ်ဆိုတာတွေက အရှေ့တိုင်းမှာ ရိုင်းစိုင်းတဲ့ အမူအကျင့်ဖြစ်နိုင်သလို အရှေ့တိုင်းရဲ့ ယဉ်ကျေးတဲ့ အမူအကျင့်တွေက အနောက်တိုင်းအမြင်မှာ အင်မတန် ရိုင်းစိုင်းတာမျိုးတွေလည်း ရှိနိုင်တာပဲ။ လူမျိုးတိုင်းဟာ မိမိနေထိုင်တဲ့ လူမှုဝန်းကျင်မှာ ကိုယ့်လူမျိုးရဲ့ ဓလေ့စရိုက်အနဲ့အညီ နေထိုင်လေ့ရှိတယ်။ အဲဒီလို လိုက်လျောညီထွေဖြစ်အောင် မနေထိုင်နိုင်သူကိုတော့ ယဉ်ကျေးမှု မရှိဘူးလို့ ပြောခံရမှာပါပဲ။ အရှေ့တိုင်းမှာနေရင် အရှေ့တိုင်းပေတံနဲ့ တိုင်းခံရမှာပါပဲ။ အနောက်တိုင်းမှာနေရင်တော့ အနောက်တိုင်းပေတံရှိမှာပေါ့။ အရှေ့တိုင်းမှာနေထိုင်ပြီး အနောက်တိုင်းပေတံနဲ့ မတိုင်းတာသင့်သလို အရှေ့တိုင်းမှာမွေးတဲ့လူမျိုးဟာလည်း တစ်သက်လုံး အနောက်တိုင်းလူမျိုး ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ လူမျိုးနဲ့ ဓလေ့စရိုက်ဆိုတာ သဘာဝတရားက လိုအပ်သလို ညီညွှတ်မျှတအောင် စီမံပေးထားတဲ့ ခြုံလွှာတွေဖြစ်တယ်။ ဒါဟာ တန်ဖိုးတစ်ခုလဲဖြစ်တယ်။ လူမှုပါတ်ဝန်းကျင်နှစ်ခု ပုခုံးချင်းယှဉ်လာတဲ့အခါ ကိုယ်ပိုင်ယဉ်ကျေးမှုရှိသူနဲ့ အဲ့ဒီယဉ်ကျေးမှုကို ထိန်းသိမ်းသူတွေကသာ အလေးထား ဦးညွတ်ခံရစမြဲဖြစ်တယ်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...