Thursday, June 6, 2013

ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေရွာ..

ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေရွာဆိုလိုက်လို့ အရမ်း သာဓုမခေါ်လိုက်နဲ့အုံးဗျ။ မဟုတ်မဟတ်ကို အဟုတ်မှတ်ပြီးကောင်းချီးပေးမိလို့ အသာဓု..နသာဓု..မသာဓုတွေဖြစ်သွားမယ်။ ခုလေးတင်ကြည့်လိုက်ရတဲ့ နေပူတော်ကနေတိုက်ရိုက်လွင့်တဲ့ ဘီဘီစီရဲ့ စီးပွားရေးဖိုရမ် ထိုးဇာတ်ကလေးကိုကြည့်ပြီး ဖိုရမ်ပါသူပရိတ်သတ်တွေအများစုက လက်ရှိဗိုလ်ချုပ်ကြီးများ စွန့်ကြဲတော်မူသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကြီးကို လုံးဝအကောင်းမြင်သူမျှော်လင့်နေကြတယ်လို့ သဘောထားပေးလိုက်တော့..ခေါင်းထဲဝင်လာတဲ့ အတွေးနဲ့ရှေးစာဆိုတွေရဲ့ စကားစုလေးပေါ်လာတယ်။ သူတို့အတွက်တော့ ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေရွာ နေကြပြီပေါ့။
စကားဝိုင်းမှာဦးဆောင်ဆွေးနွေးသွားကြတာက ဝန်ကြီး ဦးစိုးသိမ်း ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်ဇင်မာအောင်ဆိုလား၊ ပြီးတော့ ပရိတ်သတ်ထဲကဘယ်သူမှန်းမသိတဲ့ အင်္ဂလိပ်စကားကောင်း ပညာတတ်ဟန်ပေါက်တဲ့ အလံရှုးတယောက်..လက်ခုပ်သံတဖျောင်းဖျောင်နဲ့ ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေရွာနေလိုက်ကြတာ လက်ပံတောင်းတောင်လည်းပျောက်၊ လည်မျိုအညှစ်ခံထားရတဲ့ ဧရာဝတီလည်းမေ့။ လယ်ပျောက် မှီခိုရာမြေပါပျောက်ကြရတဲ့ တောနေလယ်သမား သန်းပေါင်းများစွာတို့ရဲ့ ဆင်းရဲဒုက္ခတွေလဲ သဗ္ဗေသတ္တာ ကမ္မသကာ ဖြစ်သွားရတယ်။
ဒါပေမယ့် ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေကတော့ ရွာနေတာပါပဲ။ ရွှေဘုန်းတော်တွေက တိုးမြဲနေရာမှာတိုးနေသလို ငွေမိုးတွေကလဲ ရွာမြဲနေရာမှာပဲဆက်လက် ရွာဆဲပေါ့။ ပေါက္ခရဝဿမိုးဖြစ်နေတာကတော့ တကဏ္ဍပေါ့။ ဗမာပြည်မှာ တိုင်းပြည်နဲ့လူမျိုးကို ဆင်းရဲဒုက္ခတွင်းထဲ နှစ်မြုတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ဟောင်း-သစ်တို့ ဆက်လက်ပြီးအာဏာတိုးပွား တန်ခိုးထွားနေတယ်။ ရွှေဘုန်းတော်တွေတိုးနေတယ်။ ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့နဲ့အတူ လူတချို့လည်း ရွှေဘုန်းတော်တွေတိုးနေကြတယ်။ ငွေမိုးတွေကတော့ ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် မိုးကျရွှေကိုယ်သန်းကြွယ်သူဌေးတွေဆီမှာ ရွာလို့မစဲ တသဲသဲ။ စားစရာ နေစရာမရှိအောင် မွဲတေနေကြတဲ့ သန်းပေါင်းများစွာသောပြည်သူများ ဆိုတာကတော့ တပြည်ထဲပေမယ့် သူတို့က တကမ္ဘာလေ မတူနိုင်ဘူး။ သူတို့ဟာ အာဏာရှင်ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့ရဲ့ သား သမီးမြေးမြစ်တွေနဲ့ပေါင်းပြီး တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် ရေပြင် ရေအောက်က ဘိုးဘွားပိုင် အဖိုးတန်မှန်သမျှ တိုက်ရာပါပစ္စည်းလို လက်ညိုးထိုးရောင်းစားရင်း ဒီလိုမိုးကျရွှေကိုယ်သန်းကြွယ်သူဌေးတွေဘဝကိုရောက်လာကြတယ်။ အာဏာရှင်ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့ ရွှေဘုန်းတော်တိုးနေသမျှကာလပတ်လုံး သူတို့အတွက်ငွေမိုးဆက်ရွာနေအုံးမှာပဲ။
ဒီလို ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် မိုးကျရွှေကိုယ်သန်းကြွယ်သူဌေးတွေ၊ ဘုရားရွှေခွာ ဇရပ်ဖျက်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်အမည်ခံ ခရိုနီ ဖြူပြာ ကျောင်းကျားတွေရဲ့ (အလျူဆိုတဲ့) ငွေကိုလက်ခံပြီး မရှိဆင်းရဲ့ကလေးငယ်တွေအတွက် ပညာရေးသုံးစွဲတာဟာ မှန်တယ် ကောင်းတယ်ဆိုတဲ့ အယူအဆဟာ ယေဘုယျမှန်သလိုရှိပေမယ့် ဓမ္မစစ်အတိုင်းဝေဖန်ရင်မမှန်ပါဘူး။ လုံးဝမှားပါတယ်။ အန္တရာယ်တောင်ရှိပါတယ်။ အကျင့်သီလမပါတဲ့ ကြီးပွားချမ်းသာမှုဟာ ဒုစရိုက်တမျိုးပဲဖြစ်ပါတယ်။ လူဘောင်လောကအတွက် အဆိပ်လိုဖြစ်ပါတယ်။ အကျင့်သီလထက် ရုပ်ဝတ္တုကြီးပွားချမ်းသာရေးကို ဦးစားပေခဲ့သူတွေဟာ ရုပ်ဝတ္တုကြီးပွားချမ်းသာမှုရဲ့သားကောင်ဖြစ်သွားတာကြောင့် ယေဘုယျအားဖြင့် အကျင့်သီလဖက်ကို ဦးစားပေးလေ့မရှိပါဘူး။ ဦးစားပေးလို့လည်းမရပါဘူး။ အကျင့်သီလဖက်ကို ဦးစားပေးမိတာနဲ့ သူနေရာကောင်းယူကျင်လည်ကျက်စားနေတဲ့ ယန္တယားကြီးက ဝါးမြိုပစ်တာခံရမယ်။ သူနေရာမှာနောက်လူသစ်က နေရာယူဖို့အဆင်သင့်ပဲ။ သူတို့လုပ်တဲ့ ကောင်းမှုတော်တော်များများက ကောင်းမှုပင်ပြုသော်လည်း ကောင်းမှုမြောက်လေ့မရှိဘူး။ ကြီးပွားရေးအမြင်အတွက်အချက်တွေပါလေ့ရှိတယ်။ လူအများဆင်းရဲပင်ပမ်းမှုကိုဖြစ်စေတဲ့ ကောင်းမှုဟာ ကောင်းမှုမမြောက် ကုသိုလ်မဖြစ် အကုသိုလ်သာဖြစ်တယ်လို့ ဖြတ်ထုံး ဗမာဓလေ့မှာရှိပါတယ်။ ပုဂံခေတ်က နရသူဘုရင်က ဓမ္မရံကြီးဘုရားတည်ပါတယ်။ လူအများကို အမိန့်နဲ့ဆင့်ခေါ်ခိုင်းစေတယ်။ ဒီခေတ်တော့ အဓမ္မလုပ်အားပေးပေါ့။ လူအများ လယ်ယာစီးပွား အလုပ်အကိုင်ပျက်ပြီး ပင်ပမ်းဆင်းရဲကြတယ်။ ဒါ့ကြောင့် သာသနာပိုင် ပံ့သကူမထေရ်က ဘုရင်ကိုတားတယ်။ ဘုရင်က ငါကောင်းမှုလုပ်တာပဲလို့ အကြောင်းပြပြီးငြင်းတယ်။ သာသနာပိုင်က ကောင်းမှုပင်ပြုသော်လည်း လူအများ ပင်ပမ်းဆင်းရဲကြတဲ့အတွက် ကောင်းမှုမမြောက်လို့ ဆုံးဖြတ်ပြီးထပ်တားတယ်။ ဘုရင်ကဆက်ငြင်းပြီးဇွတ်လုပ်တယ်။ သာသနာပိုင်က ပြည်သူကို ဆင်းရဲ့ပင်ပမ်းစေတဲ့ နင်လိုမင်းဆိုးမင်းညစ်ရဲ့ ဆွမ်းကို ငါလက်မခံဆိုပြီး သပိတ်မှောက်တယ်။ ဘုရင်ကလည်းရေမြေ့ရှင်အာဏာပိုင်ဆိုတော့ ဘုန်းကြီး ပြည်အလုံးကဆွမ်းလည်းငါ့ဆွမ်းတည်း မစားနဲ့လို့ကပ်ဖဲ့လုပ်တယ်။ ကောင်းပြီ ဒါဆိုနင့်ပြည်ငါမနေဆိုပြီး သာသနာပိုင်က သီဟိုဠ်ကို လှေနဲ့ကြွဖို့ပြင်တယ်။ ဒီတင်သာသနာပိုင် သီဟိုဠ်ကိုကြွတော့မယ်ဆိုတော့ ပြည်သူပြည်သားတွေ ဆူပူအုံကြွကြတယ်။ ဒီတော့မှဘုရင်လည်းကြောက်လန့်ပြီ သာသနာပိုင်ကို ပြန်ပင့်ဖို့ အမတ်တွေကိုစေလွတ်တယ်။ အမတ်တွေလည်း သာသနာပိုင်ကိုရိုးရိုးပင့်ရင်ပြန်မကြွမှာကိုသိတော့ ဥပယ်တမျဉ်နဲ့ လှေတစီးမှာ ဘုရားဆင်းတုတဆူတင်ပြီး ဘုရားရှင်ကြွလာတယ် သာသနာပိုင် အရှင်မြတ် ဘုရားရှင်အားဖူးစေလို့လျောက်တော့ သာသနာပိုင် ပံ့သကူမထေရ်လည်း မနေသာလှေပေါ်တက်ရတယ်။ တက်တာနဲ့ လှေသမားတွေက ပုဂံဖက်ကို လှေကိုအပြင်းလှော်ခဲ့ရတယ်။ ပုဂံရောက်တာနဲ့ ဘုရင်ကဝန်ချတောင်းပန် ကြေအေးရတယ်။ ပြည်သူအများချမ်းသာရာရကြတယ်။ ဒါဗမာဓလေ့မှာရှိခဲ့တဲ့ လူအများဆင်းရဲပင်ပမ်းမှုကိုဖြစ်စေတဲ့ ကောင်းမှုဟာ ကောင်းမှုမမြောက် ကုသိုလ်မဖြစ် အကုသိုလ်သာဖြစ်တယ်ဆိုတဲ့ ဖြတ်ထုံးနဲ့ ဗြုပ္ပတ်လေးပါ။
ဒီနေ့ ဗမာပြည်ထဲက ခေတ်ပျက်သူဌေး ခရိုနီတွေဟာ အာဏာရှင်ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့ရဲ့ သား သမီးမြေးမြစ်တွေနဲ့ပေါင်းပြီး တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် ရေပြင် ရေအောက်က ဘိုးဘွားပိုင် အဖိုးတန်မှန်သမျှ တိုက်ရာပါပစ္စည်းလို လက်ညိုးထိုးရောင်းစားရင်း ဒီလိုမိုးကျရွှေကိုယ်သန်းကြွယ်သူဌေးတွေဘဝကိုရောက်လာကြတယ်။ သူတို့ရဲ့ကြွယ်ဝမှု အဝဝဟာ ပြည်သူသန်းပေါင်းများစွာတို့ရဲ့ ဆင်းရဲဒုက္ခတွေတင်မက ဗမာပြည်အတွင်းမှီတင်းနေထိုင်ကြတဲ့ သတ္တဝါအားလုံးပျက်စီးဆုံးရှုံးတွေကနေ ပေါ်ပေါက်လာတာဖြစ်တယ်။ ဒါကြောင့်ကောင်းမှုကို ပြုလိုသူတို့အတွက် သုံးစွဲဖို့သင့်တော်တဲ့ စင်ကြယ်မှုမရှိဘူး၊ ဓမ္မိရလဒ္ဓ မဖြစ်ဖူး။ ဒီခရိုနီတွေ အာဏာရှင်တွေနဲ့ပေါင်းပြီး လုယက်ရမ်းကားမှုကြောင့် မြေဆုံးဘဝဆုံးခဲ့ကြရတဲ့ သန်းပေါင်းများစွာသော သူတွေရဲ့ ငိုရှိုက်သံတွေမစဲသေး မျက်ရေစတွေမခြောက်သေးခင်မှာ တိုက်ရာပါပစ္စည်းတွေနဲ့ ပြုလိုက်တဲ့ ရေစက်ချ အမျှဝေသံဟာ သာဓုခေါ်ဖို့ခက်ပါတယ်။ ပူဆွေးသောကတွေနဲ့ ပါးစပ်က သာဓုလို့ရွတ်ယုံနဲ့ အမျှမရနိုင်ပါဘူး။ ဝမ်းမြောက်ကြည်နူးပြီး အနုမောဓနာနဲ့ ပြုမှ သာဓုခေါ်မှ ကောင်းမှုရဲ့အဖို့ဘာဂကို အမျှရနိုင်ပါတယ်။ ဒီတော့ ဒီကောင်းမှုဆိုတာတွေဟာ ဝေနေယျတို့အတွက်ဘာမှ အကျိုးမရှိပါဘူး။
ကိန်းဂဏန်းတွေနဲ့တွက်ချက်ရင်လည်း ဒီလို ဗိုလ်ချုပ်ကြီးဟောင်း-သစ်တို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် မိုးကျရွှေကိုယ်သန်းကြွယ်သူဌေးတွေ၊ ဘုရားရွှေခွာ ဇရပ်ဖျက်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်အမည်ခံ ခရိုနီ ဖြူပြာ ကျောင်းကျားတွေရဲ့ (အလျူဆိုတဲ့) ငွေကိုလက်ခံပြီး မရှိဆင်းရဲ့ကလေးငယ်တွေအတွက် ပညာရေးသုံးစွဲတာဟာ ရှုံးပါတယ်။ တဖက်သား ခရိုနီနဲ့ သူနောက်က ကြိုးကိုင် ဗိုလ်ချုပ်ကြီးဟောင်း-သစ် အာဏာရှင်သူဌေးကြီးများသာအမြတ်ထွက်ပါတယ်။ သူတို့ဆီကရမဲ့(အလျူဆိုတဲ့) ငွေနဲ့ ပညာရေး ဖြည့်ဆည်းပေနိုင်မဲ့ ကလေးသူငယ်က ဘယ်လောက်ရှိလာနိုင်မလဲ။ တထောင်လား တသောင်းလား တသိန်းလား။ တသိန်းဆိုရင်တောင် ဗမာပြည်မှာရှိတဲ့ ပညာရေးအဟောသိကံဖြစ်နေတဲ့ ကလေးသူငယ် သန်းပေါင်းများစွာနဲ့ နှိုင်းယှဉ်ရင် သမုဒ္ဒရာထက်က ရေတစက်လောက်ပဲရှိပါတယ်။ ဗမာပြည်လူဦးရေ (ခန့်မှန်း) သန်းခြောက်ဆယ်မှာ (၅)နှစ်ကနေ (၁၈) နှစ်ကြားပညာသင်အရွယ်လူဦးရေက (၃၀) ရာနှုန်းရှိတယ်ဆိုရင် (၁၈) သန်းကျော်ရှိတယ်။ ယူနက်စကိုဖွံ့ဖြိုးမှုစာရင်းအရ ဗမာပြည်က ကလေးသူငယ် တဝက်ကျော်ဟာ မူလတန်းပညာတောင်မပြီးပဲ ပညာရေးဆုံးခန်းတိုင်သွားတယ်လို့ဆိုတယ်။ တသိန်းလောက်သော ကလေးသူငယအတွက် မူလတန်းပညာလောက်နဲ့ ပညာရေးဆုံးခန်းတိုင်သွားကြတဲ့ (၉) သန်းသော ကလေးသူငယ်တွေကို လစ်လျူရှုဖို့ရာ (သို) မျက်နှာလွဲခဲပစ်လုပ်တာဟာ ဘယ်လောက်များ တရားမျှတမှုရှိပါသလဲ၊ အတော်ရက်စက်တယ်လို့တော့ ခံစားရပါတယ်။ ဒီလိုအတွက်အချက်အတိုင်းဆို ဘုရားဟောဇာတ်တော်ထဲက ပဲလှန်းတဲ့ မယ်ကြီးအိုကြားရင်ရယ်မှာပဲ။ မျောက်တကောင်ရဲ့အဖြစ်လိုပဲ။
တောအုပ်အစပ်ရွာတရွာက အမယ်ကြီးအိုတယောက် ပဲတွေနေထုတ်လှန်းတယ်။ ကျေးငှက်တိရိစ္ဆာန်တွေ စားသောက်ဖျက်ဆီးမရှိအောင်အမေအိုကစောင့်ကြည့်တယ်။ ကြည့်ရင်းကပဲ မျောက်တကောင်က သုတ်ကနဲ့ သစ်ပင်ပေါ်ကဆင်း ပဲတဆုပ်နှိုက်သစ်ပင်ပေါ်ပြန်တက်ပြီး အေးအေးဆေးဆေးစားနေတယ်။ အောက်ကတုတ်တချောင်းနဲ့ ခြောက်လှန့်နေတဲ့ အမေအိုကို ဂရုတောင်မစိုက်ဖူး။ အမေအိုကကြံရာမရတဲ့အဆုံး အနားပဲဗန်းထဲကပဲတစေ့ကိုကောက်ပြီး ခဲနဲ့ပေါက်ဟန်ပစ်လိုက်တယ်။ ကိုရွှေမျောက်ကသူဟာနဲ့သူတော့ အပါးအလည်ဆိုတော့ အမယ်အိုပစ်တာ ခဲမဟုတ်မှန်းသိပြီး လက်ထဲကပဲတဆုတ်ကိုပစ်ပြီး အမယ်အိုပစ်လိုက်တဲ့ ပဲစေ့လှမ်းဖမ်းလိုက်တယ်။ ဒီတင်မျောက်အဖြစ်ကိုကြည့်ပြီးမယ်ကြီးအို ခွက်ထိုးခွက်လန်ရီတော့တာပဲ။

ဒီတော့ ခရိုနီတွေနဲ့ပေါင်းပြီးတိုင်းပြည်ထူထောင်မယ်ဆိုတာ အမယ်အို ခွက်ထိုးခွက်လန်ရီစရာမျောက်ရဲ့အဖြစ်လို ဖြစ်နေမှာလဲ စိုးရိမ်မိပါတယ်။ ဒီနေ့ဗမာပြည်က ခရိုနီတွေဟာ စစ်အာဏာရှင်တွေနဲ့ တလျောက်လုံး သေအတူ ရှင်မကွာ သောက်ဖော်စားဖက် တိုက်ဖော်လုဖက်တွေပါ။ တကိုယ်ရေ ကောင်းစားဖို့ တိုင်းပြည်နဲ့ လူမျိုးအပေါ် စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး အမြတ်ထုတ် သွေးစုတ် ခိုးဆိုးလုယက်ခဲ့ကြသူတွေပါ။ သူတို့ လက်ရှိရရှိခံစားနေရတဲ့ အခွင့်ထူးတွေကို ဘယ်လိုနည်းနဲ့မှအထိခိုက်ခံမှာမဟုတ်ပါဘူး။ တကြောင်းကလည်း လက်ရှိဗမာပြည်က ခရိုနီပြာအူကြောင်ကျားတွေရဲ့ စည်းစိမ်ဥစ္စာနဲ့ အခွင့်အရေးအခွင့်အလန်းတွေ တည်တံ့ခိုင်မြဲရေးဟာ ကြိုးကိုင် ဗိုလ်ချုပ်ကြီးဟောင်း-သစ် အာဏာရှင်သူဌေးကြီးများရဲ့ အကျိုးစီးပွားနဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ ခရိုနီစီးပွား အရှည်တည်တံ့ခိုင်မြဲရေးဟာ ဗိုလ်ချုပ်ကြီးဟောင်း-သစ် အာဏာရှင်သူဌေးကြီးများရဲ့ အကျိုးစီးပွားကာကွယ်ရေးရှေ့တန်းခံတပ်ဖြစ်ပါတယ်။ ဘယ်တိုင်းပြည် ဘယ်လူမျိုးရဲ့ ခရိုနီကမှ လူများစုကောင်းစာရေး တိုင်းပြည်တို့းတက်ရေးအတွက် သူတို့ ရရှိခံစားနေတဲ့ အထူးအခွင့်အရေးတွေကို အလွယ်တကူ အဆုံးရှုံးမခံပါဘူး။ ဖြစ်နိုင်ရင်သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ တိုင်သူပြည်သားလူအများရဲ့ကောင်းကျိုးအတွက်ဆောင်ရွက်ချက်တွေကို နှောင့်ယှက်တတ်ပါတယ်။ ဖျက်ဆီးတတ်ပါတယ်။ ကုလသမဂ္ဂနဲ့ အနောက်အုပ်စုရဲ့ ကြီးကြပ်မှုတွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ အာဖရိက က အီသီယိုးပီးယား၊ ဇင်ဘာဘွေ နဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံက ပြန်လည်ထူထောင်ရေးတွေ မအောင်မမြင်ဖြစ်ရတာ၊ ရည်မှန်းချက်မပြည်ဝတာတွေဟာ စနစ်ဟောင်းကပါလာတဲ့ အခွင့်ထူးခံ ခရိုနီတွေ နောက်ပေါ်လာတဲ့ အာဏာပိုင်သစ်တွေနဲ့ပေါင်းပြီး နှောက်ယှက်ဖျက်ဆီးကြလို့ဖြစ်ပါတယ်။ အီသိယိုးပီးယားမှာဆိုရင် ဒေသခံခရိုနီတွေနဲ့ နိုင်ငံတကာလယ်ယာစိုက်ပျိုးရေး ကုမ္ပဏီကြီးတွေပေါင်းပြီးဖျက်ဆီးလိုက်ကြတာ တိုင်ပြည်ရဲ့ မြေဆီလွှာတွေလည်းဆုံး၊ တိုင်းရင်းသီးနှံမျိုးဗီဇတွေလည်းပျက်စီးသွားခဲ့ ရပြိး အနှစ်နှစ်ဆယ်ကျော်ကြာကာလမှာ တိုင်းပြည်လူဦးရေရဲ့ သုံးပုံတပုံဟာ အငတ်ဘေး အန္တရာယ်ထဲမျာပဲ တဝဲလည်လည်ရှိနေဆဲပါ။ ဒီတော့ ခရိုနီတွေနဲ့ပေါင်းပြီးတိုင်းပြည်ထူထောင်မယ်ဆိုတာဟာ ဘယ်လိုလူတွေအတွက် ဘယ်လိုပဲ ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေဘယ်လိုပဲ ရွာရွာ လူမျိုးစုံဗမာပြည်သားအများစုကြီးအတွက်ကတော့ ဆောင်းအိမ်မက်တခုလိုပါဘဲ။

ရဲဘော်ကျော်သန်း
၆.၆.၂၀၁၃
http://naytthit.blogspot.in/2013/06/blog-post_6.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...