Sunday, June 2, 2013

မုန့်ဟင်းခါး ပုံပြင် . . .

 
နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်
“မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ ဟင်းရည်ပေးပါဦး”
စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်..
အဲဒီအချိန်မှာပဲ ချောချောလှလှကောင်မလေး တစ်ယောက်
ဆိုင်ရှေ့ရောက်လာတော့ မုန့်ဟင်းခါးကို အငမ်းမရစားနေတဲ့
ကောင်လေးတွေက စိတ်ဝင်တစ်စားလှည့်ကြည့်လိုက်ကြတယ်..

ကောင်လေးတွေ အများကြီးဝိုင်းကြည့်နေတော့ ကောင်မလေးလဲ ရှက်ရှက်နဲ့
မုန့်ဟင်းခါးတစ်ပွဲလို့ပဲ ခပ်တိုးတိုးလေးမှာလိုက်နိုင်ပါတယ်…..
လူကလဲရှုပ်နေတော့ ဆိုင်ရှင်ကလဲ ဘာနဲ့စားမှာလဲ မမေးမိတော့ဘူး..
ဒီလိုနဲ့ပဲ ကောင်မလေးရှေ့ကိုရောက်လာတဲ့ မုန့်ဟင်းခါးပန်းကန်က
ငရုတ်သီး တွေအများကြီးနဲ့ မြင်ရတာနဲ့တင် ချွေးပြန်စရာ…
ပြန်မှာရမှာလဲ ခပ်ရှက်ရှက်နဲ့ ဆိုတော့ ကောင်မလေး
လဲဘာလုပ်ရမှန်းမသိ ဖြစ်လို့နေပါတယ်..

ဒါတွေကိုအစအဆုံး သတိပြုမိလိုက်တဲ့ ကောင်လေးတစ်ယောက်က
ကောင်မလေးအနားကို သွားပြီးသူကငရုတ်ကို အလွန်ကြိုက်ကြောင်း
မုန့်ဟင်းခါးစားတိုင်းလဲ ငရုတ်သီးများများနဲ့ စားလေ့ရှိကြောင်း ပြောပြပြီးတော့
ကောင်မလေးမုန့်ဟင်းခါးကို … သူစားလိုက်ပြီး ကောင်မလေးအတွက်
မုန့်ဟင်ခါး အသစ်တစ်ပွဲ မှာပေးလိုက်ပါတယ်…….

ဒီလိုနဲ့ပဲ မြင်မြင်ချင်း ချစ်လိုက်မိတဲ့ကောင်လေး နဲ့ ငရုတ်သီးမကြိုက်တဲ့
ကောင်မလေးတို့ဟာ သိပ်မကြာခင်မှာပဲ
မေတ္တာမျှသွားကြပါတော့တယ်။ သူတို့နှစ်ဦးတစ်တွဲတွဲ ဈေးဝယ် ၊
ဘုရားသွား၊ ပန်းခြံထဲလျှောက်လည်ကြလို့
မကြာခင်မှာပဲ ရာသက်ပန်အတူတူနေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်…….

ချစ်သူတွေဘ၀မှာရော အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက
ကောင်လေးကို မုန့်ဟင်းခါးစားတိုင်း
ငရုပ်သီးခပ်များများကို ထည့်ပေးလေ့ရှိပါတယ်။
ကောင်လေးမစားခင် မုန့်ဟင်းခါးကို မြည်းလိုက်တိုင်း
စပ်လွန်းလို့ ကောင်မလေးမျက်နှာဟာ ရှုံ့ ရှုံ့ သွားရမြဲပါ။

ကြာခဲ့ပါပြီ။
ဟိုတုန်းက ကောင်မလေးဟာ အခုတော့ အသက် ငါးဆယ်ကျော်
ခြောက်ဆယ်နီးပါးအဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူ့လက်ထဲမှာ စာတစ်စောင် ကိုင်ပြီးဖတ်နေပါတယ်..မျက်လုံးအစုံမှာလဲ မျက်ရည်စတွေနဲ့
“မောင်ဘ၀မကူးခင် အမှန်ကိုဝန်ခံခဲ့ပါရစေ။ အချစ်ကိုစတင်မြင်တွေ့စနေ့က
မြင်မြင်ချင်းချစ်မိပါတယ်။
တကယ်တော့ မောင်ဟာ အပူအစပ်ကို မောင်လုံးဝမကြိုက်ဘူး။
ဒါပေမဲ့ အချစ်နဲ့စတွေ့ခဲ့တဲ့ အချိန်ကစပြီး
ဒီငရုတ်သီးစပ်စပ်နဲ့ မုန့်ဟင်းခါးကို မောင်တစ်သက်လုံးစားခဲ့ရတယ်။
ဒီအတွက် စိတ်မကောင်းမဖြစ် နောင်တမရမိပါဘူး။ အချစ်နဲ့ဆုံခဲ့ ၊
အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင်ဘ၀အတွက်အပျော်ဆုံး မို့ပါ။
နောက်ဘ၀တွေမှာ အချစ်နဲ့ပြန်ဆုံဖို့အတွက် ဒီ မုန့်ဟင်းခါး စပ်စပ်ကို
စားရမယ်ဆိုရင် မောင်စားဦးမှာပါ။”

မျက်လုံးအစုံက မျက်ရည်စတွေဟာ စာရွက်ပေါ် တွေတွေကျသွားပါတယ် ။
မျက်ရည်ကိုအသာအယာ သုပ်လိုက်ရင်း မုန့်ဟင်းခါးထဲကို ငရုတ်သီးခပ်များများ
ထည့်ပြီး အားရပါးရစားနေပါတော့တယ် ။

ဒီအချိန်မှာ သမီးလုပ်တဲ့သူက ရောက်လာပြီး အံ့အားသင့်ဟန်ကြည့်ပြီး
“ဟယ် မေမေ ဒီလောက် ငရုတ်သီးအများကြီး ထည့်စားနေတာ မစပ်ဘူးလား ..
စားလို့ရောကောင်းရဲ့လား”
လို့မေးတော့ မျက်ရည်ဝေနေတဲ့ မျက်လုံးနဲ့ ချွေးတွေတစ်ဒီဒီး
ကျနေတဲ့ကြားထဲက ပြုံးပြီးပြန်ဖြေ လိုက်ပါတယ်။
“အရမ်းစားလို့ ကောင်းတာပါပဲ သမီးရယ်တဲ့ “

Credit - Original up-loader

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...