Thursday, June 6, 2013

"ညလူ" (မင်းလူ)


ညသည် တော်တော်အိပ်လို့ကောင်းမည့်သဘောရှိ၏။ တစ်ပတ်လောက် မိုးပြတ်သွားသဖြင့် အိုက်စပ်စပ်ဖြစ်နေခဲ့ရာမှ ဒီညတော့ မိုးရိပ်မိုးငွေ့ကို ခံစားလာရသည်။ ချွေးသိပ်ပေးသော လေအေး ကလေးကလည်း ပြတင်းပေါက်မှ ၀င်ရောက်လာသည်။ တစ်အောင့်လောက် ကြာသောအခါ လေ ယာဉ်ပျံတစ်စင်း အဝေးမှလာသောအသံမျိုးကို ကြားလိုက်ရသည်။ ထို့နောက် အသံများသည် တဖြည်းဖြည်းနီးလာသည်။ လေရော မိုးပါ ဆင်လာခြင်းဖြစ်၏။ ကျွန်တော်သည် ပြတင်းပေါက်မှာ သွားရပ်ပြီး လမ်းမဘက်ကို ငေးကြည့်နေလိုက်သည်။ မိုးစက်မိုးပေါက်များသည် တစ်စုံတစ်ယောက်က အမိန့် ပေးထားသလို စနစ်တကျ အတန်းလိုက်ညီညာစွာ ဆင်းသက်လာတာကို မာကျူရီ မီးရောင်မှာ မြင်နေရ၏။ မိုးစက်များသည် တစ်တန်းပြီးတစ်တန်း ရှေ့ကို တိုးလာပြီးနောက် ကျွန်တော်တို့ အိမ်ခေါင်မိုးသွပ်ပြားပေါ်သို့ တဗြောင်းဗြောင်း ကျဆင်းလာ၏။ တိုးဝှေ့တိုက်ခတ်လာသော လေအရှိန်ကြောင့် မိုးမှုန်ကလေးတွေတောင် မျက်နှာကို လာရောက်ထိမှန်သွားသေးသည်။ မြင်ကွင်းသည် အလွန်လှပသည်။ ထူထပ်သိပ်သည်းစွာကျနေသော မိုးမှုန်မိုးစက်များသည် လေအဝှေ့တွင် ယိမ်းထိုးနေပုံမှာ အလွန်ကြီးမားသောဇာပုဝါကြီးတစ်ခု ၀ဲပျံလွင့်နေသလို ထင်ရ၏။ ကျွန်တော်တို့မြေကြီးသည် ကုန်းစောင်းလိုဖြစ်နေသဖြင့် အမြင့်ပိုင်းမှ စီးဆင်းလာသော ရေများသည် ယာယီချောင်းငယ်လေးတစ်ခုလို ဖြစ်နေတာတွေ့ရသည်။

အပြင်က ရှုခင်းကို အားရအောင် အရသာခံကြည့်ပြီးနောက် ပြတင်းပေါက်မှ ခွာလိုက်သည်။ စာရေးစားပွဲရှိရာသို့သွားလျှင် ခုတင်ဘေးက ဖြတ်သွားရမည်။ အိပ်ရာသည် ကျွန်တော့်ကို ဖြားယောင်းသွေးဆောင်နေသည်။ သို့ရာတွင် အိပ်လို့မဖြစ်သေး။ စာရေးရဦးမည်။ ကျွန်တော်သည် အရုပ်ဆိုင်ရှေ့က ဖြတ်လျှောက်မိသော ကလေးငယ် တစ်ယောက်လို ခုတင်ဘက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း စာရေးစားပွဲမှာ သွားထိုင်လိုက်သည်။

ညသန်းခေါင်ကျော်ပြီဖြစ်၏။ သူများတွေ အိပ်မောကျနေချိန်၊ နှစ်နှစ်ခြိုက်ခြိုက် အဖြစ်ဆုံးအချိန်၊ အိပ်မက်မက်လို့ကောင်းသောအချိန်။ ကျွန်တော့်အတွက်တော့ အခုမှ စာရေးဖို့အရှိန်ရကာစပဲရှိသေးသည်။ ကျွန်တော်က ညဥ့်တော်တော်နက်တဲ့အထိ စာရေးပြီး မနက်ကျတော့ နေမြင့်မှထတတ်သည်။
ညဆယ့်နှစ်နာရီကျော်လျှင် နောက်တစ်နေ့ကို ကူးသွားပြီဖြစ်၏။ တစ်နည်းအားဖြင့် ညဆယ့်နှစ်နာရီထိ ဒီဘက်နေ့၏ညဖြစ်ပြီး ဒီကကျော်သွားသောအခါ နောက်တစ်နေ့မနက် ဖြစ်သွား၏။ ဒီသဘောအတိုင်းဆိုလျှင် ကျွန်တော်၏ရက်စွဲများသည် သူများတွေနှင့်မတူဘဲ ဖြစ်နေကြောင်းတွေ့ရသည်။

သူများတွေက နေ့တစ်နေ့၏ မနက်စောစောအိပ်ရာထပြီး ထိုနေ့ညမှာပင် အိပ်ရာ ၀င်သည်။ သူတို့အဖို့တော့ ရက်စွဲတစ်ခုသည် ပုံမှန်အတိုင်းပင်ဖြစ်၏။ ကျွန်တော်သည် နေ့တစ်နေ့တွင် အိပ်ရာထပြီး နောက်တစ်နေ့ကျမှ အိပ်ရာထဲဝင်ခြင်းဖြစ်သည်။ ရက်စွဲနှစ်ခုကို ခွပြီးနေသလိုဖြစ်နေ၏။ နေ့တစ်နေ့ကို သူများတကာထက်စောပြီး ပထမဦးစွာ ကြိုဆိုခွင့်ရတဲ့သူ အဖြစ် ဂုဏ်ယူချင်လည်း ယူနိုင်သည်။ ဒါမှမဟုတ် နေ့တစ်နေ့ကို အိပ်စက်ခြင်းဖြင့် စတင်ပြီး နိုးထခြင်းဖြင့် အဆုံးသတ်ဟု ဆိုချင်လည်း ဆိုနိုင်သည်။ သူများတွေနဲ့ပြောင်းပြန်။ အတော် ခွကျတဲ့ကောင်ပဲ။

ကျွန်တော်နဲ့ဘ၀တူတွေကတော့ ညစောင့်ဒရ၀မ်များဖြစ်၏။ ကျွန်တော်သည်လည်း ဟိုဘ၀က ဒရ၀မ်ဖြစ်ခဲ့ဖူးလို့ ဒီဘ၀မှာလည်း အကျင့်ပါပြီး ညမအိပ်ဘဲ "စာကင်း" စောင့်နေရသလား မသိ။

ရှေးဘ၀တွေ၊ နောင်ဘ၀တွေကို သိပ်ပြီးယုံကြည်လှတာတော့မဟုတ်။ အစဉ်အလာ ရိုးရာအယူအဆကတော့ ရှေးရှေးဘ၀က အထုံပါရမီများသည် နောက်ဘ၀အထိကူးပြီး ပါလာတတ်သည်ဟု ဆိုသည်။

"ဒီကောင်လေးဟာ ဟိုဘ၀က ဆရာဝန်များဖြစ်ခဲ့ဖူးသလားမသိဘူး။ ကြည့်စမ်း၊ လက်ရေးက ကြောင်ခြစ်ထားတာကျနေတာပဲ"ဟု ပြောတတ်ကြခြင်းမှာ ဒီသဘောမျိုးဖြစ်၏။

ကျွန်တော်သည်လည်း ဘယ်လိုအထုံပါရမီတွေ ပါခဲ့သလဲဟု အပျင်းပြေ စိတ်ကူးယဉ်ကြည့်သည်။

ဟိုဘ၀က ဒရ၀မ်မဟုတ်လျှင် ကင်းအငှားစောင့်တဲ့လူဖြစ်မည်။ သူခိုးလည်း ဖြစ်ချင် ဖြစ်နိုင်သည်။ သူခိုးဆိုတာက ညအချိန်ကျမှ လှုပ်ရှားတတ်သူ၊ သူများတွေ အိပ်မောကျမှ အလုပ်လုပ်လို့ အဆင်ပြေသူဖြစ်၏။ ကျွန်တော်သည်လည်း ညလူခြေတိတ်မှ အလုပ်လုပ်တတ်သူ၊ သူများတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီဆိုမှ အိပ်မက်တွေ လိုက်ခိုးတတ်သူပဲလေ။

ဒါမှမဟုတ် မျက်လှည့်ဆရာများဖြစ်ခဲ့လေသလား။ မျက်လှည့်ဆရာတွေက မရှိတာကို အရှိဖြစ်အောင် ပိပိရိရိ လှည့်စားတတ်သည်။ ပရိသတ်တွေကလည်း လှည့်စားမှန်းသိလျက် သဘောကျတတ်သည်။ စာရေးဆရာတွေ ဇာတ်လမ်းဆင်ပုံ၊ လှည့်ကွက်သုံးပုံတွေကလည်း ဒီအတိုင်းပဲမဟုတ်လား။ ဒီအတွက် အပြစ်မတင်တဲ့အပြင် လိမ်တာတော်လို့ဆိုပြီး ပရိသတ်က ဂုဏ်ပြုချီးမြှင့်တာတောင် ခံရသေးသည်။

နောက်တစ်ခုက ဗေဒင်ဆရာများဖြစ်ခဲ့ဖူးသလား။ စဉ်းစားကြည့်ရအောင် ဗေဒင်ဆရာတွေနဲ့ စာရေးဆရာတွေဟာ အဓိကအားဖြင့် တူသောအချက်တစ်ချက်ရှိသည်။ လူတို့၏ သိချင်စိတ်ပြင်းပြတတ်သောစရိုက်သဘာဝကို အခွင့်ကောင်းယူပြီး အသက်မွေးဝမ်းကျောင်း ပြုကြခြင်းပင်ဖြစ်၏။ အထူးသဖြင့် လူတို့သည် အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို အလွန်သိချင်ကြသည်။ ဒီအကြောင်းကိုသိရဖို့အတွက်ဆိုလျှင် နတ်တွေ၊ ဘိုးတော်တွေ၊ လူပုဂ္ဂိုလ်တွေသာမက တိရစ္ဆာန်တွေကိုတောင် ယုံကြည်ကိုးစားတတ်ကြသည်။ ခွေးလေးဗေဒင်တို့၊ စာကလေးဗေဒင်တို့ကိုပေါ့။

ဒီနေရာမှာ ဗေဒင်ဆရာတွေနဲ့ စာရေးဆရာတွေ ကွာခြားတာတစ်ခုတော့ရှိ၏။ ဗေဒင်ဆရာတွေက ရှေ့မှာ ဘာဖြစ်မယ်ဆိုတာကို ကြိုတင်ပြောတတ်ခြင်းဖြစ်၏။ စာရေးဆရာတွေကတော့ ရှေ့ဆက်ဖြစ်မယ့်ကိစ္စကို ကြိုတင်မသိရအောင် လျှို့ဝှက်ထားပြီး ဇာတ်လမ်းဆုံးမှ ဖွင့်ပြောတတ်ခြင်းပင်ဖြစ်၏။

* * * * *

မိုးက စဲသွားပြီဖြစ်သော်လည်း လုံးဝတိတ်မသွားသေး။ တစိမ့်စိမ့်ရွာနေဆဲဖြစ်၏။ မိုးစက်မိုးပေါက်များသည် သွပ်မိုးပေါ်သို့ ခပ်လေးလေးကျနေပုံမှာ ဂီတသံစဉ်များလိုဖြစ်နေ၏။ အအေးဓာတ်ဝင်ရောက်လာသော်လည်း စိမ့်နေအောင် ချမ်းတာမျိုးမဟုတ်။ အနေတော်လောက်ပဲ။

ခုနေ စောင်ပါးလေးခြုံပြီး ကွေးအိပ်လိုက်ရလျှင် ဘယ်လောက်ဇိမ်ရှိလိုက်မလဲ။ ဒါဆိုလည်း အိပ်ပါလား။ ဘယ်သူက မအိပ်ရဘူးလို့ တားထားလဲ။

အတော်ထူးဆန်းသောကိစ္စဖြစ်၏။ ဘယ်သူကမှ တားမြစ်ထားတာလည်း မဟုတ်ဘဲနဲ့၊ ကိုယ့်သဘောနဲ့ကိုယ် ကြိုက်သလိုလုပ်ပိုင်ခွင့်ရှိလျက်သားနဲ့၊ ခြေလှမ်းအနည်းငယ် လှမ်းရုံနဲ့ ရောက်ရှိသွားနိုင်သော အိပ်ရာကို ကန့်သတ်နယ်မြေတစ်ခုလိုထင်နေမိ၏။ အိပ်လို့မဖြစ်သေးဘူး။ စာရေးရဦးမယ်ဆိုသောဇောက ဖိစီးနေသည်။ နောက်နေ့မှ ဆက်ရေးလည်း ရတာပဲဟု တွေးသော်လည်း စာရေးစားပွဲမှ ထလိုက်ဖို့ ၀န်လေးနေပြန်သည်။ ဒါဟာ ဘ၀ ဘ၀က ၀ဋ်ကြွေးပဲလားမသိ။

အလေးမတဲ့လူတွေလိုပေါ့။ ဘယ်သူကမှ အတင်းအကျပ်စေခိုင်းခြင်းမရှိပါဘဲလျက် အလွန်လေးလံသော ၀ိတ်ပြားကြီးတွေကို မနိုင်မနင်းမနေကြတာလေ။

စာရေးတာနဲ့ အလေးမတာ ဘာဆိုင်လို့လဲဟု ထင်စရာရှိသည်။ တစ်ခါတလေ အကြောင်းအရာတစ်ခုကို ရေးဖို့စဉ်းစားလို့မရဘဲ အခက်အခဲဖြစ်နေတဲ့အခါမှာ လက်မ အနည်းငယ်သာရှည်တဲ့ ဘောလ်ပင်လေးတစ်ချောင်း၊ ဖောင်တိန်လေးတစ်လက်ဟာ အချိန် တစ်ရာလောက် လေးလံနေတယ်ထင်ရသလို စာလုံးတစ်လုံးကလည်း ၀ိတ်ပြားကြီးတစ်ခုစာလောက် အချိန်စီးနေတာမျိုးဖြစ်တတ်သည်။

မြန်မာတို့၏ ရိုးရာအယူအဆအရ လူတစ်ယောက်သည် မိမိပြုခဲ့သောအမှုနှင့် တူညီသောဆိုးကျိုး ခံစားရခြင်းကို ၀ဋ်လည်သည်ဟု ခေါ်၏။

ဟိုဘ၀က ရပ်ကွက်ထဲမှာ ကားဘော်ဒီရုံထောင်ပြီး လူအများနားမချမ်းသာအောင် နှိပ်စက်ခဲ့မိတဲ့အတွက် ဒီဘ၀ကျတော့ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ အလှူခံမဏ္ဍပ် လာဆောက်တာကို ကြုံရသလိုမျိုးပေါ့။

ကျွန်တော်ကကော ဟိုဘ၀က ဘာများလုပ်ခဲ့မိလို့လဲ။

လက်အောက်ငယ်သားတွေကို အချိန်တိုအတွင်းမှာ အလုပ်တွေ တနင့်တပိုး မညှာမတာခိုင်းတဲ့အရာရှိ ဖြစ်ခဲ့လို့များ ဒီဘ၀မှာ အယ်ဒီတာတွေရဲ့ ၀ိုင်းဝန်းနှိပ်စက်ခြင်းကို ခံနေရတာလား။

မောင်းတဒူဒူထုပြီး မီးကင်း၊ ရေကင်းစောင့်ဖို့ လိုက်ပြီးနှိုးဆော်တဲ့ ဆယ်အိမ်ခေါင်း ဖြစ်ခဲ့ဖူးလို့ ခုအခါမှာ ညမအိပ်နိုင်ဘဲ "စာကင်း" စောင့်နေရတာလား။

အမှုလိုက် ဆားပုလင်းဖြစ်ခဲ့ဖူးလို့များ ဒီဘ၀မှာ ဘယ်သူကမှ ရိုက်မစစ်ရဘဲ ကိုယ့်အကြောင်းကိုယ် ဖော်ကောင်လုပ်တဲ့စာတွေရေးပြီး ၀န်ခံဖြောင့်ချက်ပေးနေရတာလား။

ဒဏ်အပေးကြမ်းတဲ့ ကျောင်းဆရာဖြစ်ခဲ့ဖူးလို့ ခုတော့ စားပွဲက မထဘဲ ဒုက္ခခံနေရတာလား။ အိမ်စာတွေ အများကြီးပေးပြီး ကလေးတွေကို နှိပ်စက်တတ်လို့များ စာလုံးရေ ထောင်သောင်းချီပြီး တကုပ်ကုပ်ပြန်ရေးနေရတာလား။

ဒါမှမဟုတ် စာမေးပွဲမှာ ကျောင်းသူကျောင်းသားတွေ မဖြေနိုင်အောင် ပညာပြပြီး မေးခွန်းအခက်ကြီးတွေ ထုတ်ခဲ့ဖူးလို့ ခုဘ၀မှာ အစဉ်သဖြင့် ခေါင်းပူ ဦးနှောက်ခြောက်နေရတာလား။

တကယ်တော့ စာရေးဆရာဆိုသူများမှာ "၀ဋ်ကြွေး"ကို "အတွေး"နှင့် ဆပ်နေရသူများ ဖြစ်နိုင်လေသည်။ ထို့ကြောင့် နောင်ဘ၀ကျလျှင် ကျွန်တော်ကဲ့သို့ စာရေးဆရာဖြစ်ပြီး ၀ဋ်လည်နေရမှာစိုးလို့ စေတနာကောင်းနှင့် သတိပေးလိုက်ရပါကြောင်း။


မင်းလူ
----------------------
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း
နိုဝင်ဘာလ၊ ၂၀၀၄။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...