ကျောင်း၏ အဝန်းအဝိုင်း
by Mizzima မဇ္ဈိမ (Notes) on Tuesday, June 4, 2013 at 3:45am
မောင်ကိုကို (အမရပူရ) | အင်္ဂါနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၈ မိနစ်
ရသစာပေ ဖွံ့ဖြိုးရေးအတွက် အမျိုးသားဇာတ်ရုံတွင် စာရေးဆရာများ ဟောပြောဆွေးနွေးစဉ် ကျွန်တော်လည်း တက်ရောက် နားထောင်ခဲ့သည်။ ဟောပြောခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ စိတ်လှုပ်ရှားဖို့ကောင်းသည်။ ဆရာဖေမြင့်၊ ဆရာမောင်ခင်မင်၊ မန္တလေး ထွန်းဦးစာပေမှ ဦးထွန်းဦး တို့ ဟောပြောအပြီးမှာ လောကနတ်တွင် ကျင်းပနေသော ပန်းချီပြပွဲကိုကြည့်လိုက်ချင်၍ ကျွန်တော် ပြန်လာခဲ့၏။
ကျွန်တော်တို့ ဖတ်ခဲ့ကြဖူးသည်။ တက္ကသိုလ်ဘုန်းနိုင်၏ ''သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်'' ကျွန်တော်တို့ ဖတ်ခဲ့ကြဖူးသည် မောင်သာရ၏ ''မတ်တတ်ရပ်လို့ လမ်းမှာငို'' ''ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း'' ''မြည်းတစ်ကောင်နှင့် သားအဖနှစ်ယောက်'' ကျွန်တော်တို့ ဖတ်ခဲ့ကြဖူးသည် နိုင်ဝင်းဆွေ၏ ''နွေတစ်ည'' ကျွန်တော်တို့ ဖတ်ခဲ့ကြဖူး သည်။ နိုင်ဝင်းဆွေ၏ မသိန်းရှင်ဆီ ပို့ပေးပါ။
ကျွန်တော်တို့သည် အထက်တန်း ကျောင်းမှာ ကျောင်းစာ သင်ယူရင်း မောင်သာရ၏ ဝတ္ထုကိုဖတ်ခဲ့သည်။ ရန်ကုန် ဘဆွေ၏ ဝတ္ထုကို ဖတ်ခဲ့သည်။ နိုင်ဝင်းဆွေ၏ ဝတ္ထုကို ဖတ် ခဲ့သည်။ ဝတ္ထုဖတ်သည့်အတွက် ကျောင်းစာမှာ မထိခိုက်ခဲ့ပါ။ ကျွန်တော်တို့ စိတ်များသည် ဝတ္ထုဖတ်သည့်အတွက် ပိုမိုရွှင်လန်းနေ၏။
အထက်တန်းကျောင်း၏ စာသင်ခန်းထဲ မှာ ဝတ္ထုစာပေကို ဘာ့ကြောင့် စိတ်ဝင်စားမိသနည်း။ ကျွန်တော် ပြန်တွေးကြည့်သည်၊ အထက်တန်းကျောင်း၏ စာသင်ခန်းထဲမှာ ကျွန်တော်တို့ ဖတ်ရှုရသည်။ သင်ကြားမှုကို ခံယူရသည်။
ဇော်ဂျီ၏ ကဗျာ။ မင်းသုဝဏ်၏ ကဗျာ။ တင်မိုး၏ ကဗျာ။ မောင်စွမ်းရည်၏ ကဗျာ။ သိပ္ပံမောင်ဝ၏ စကားပြေ။ တင်မိုး၏ ကဗျာဆန်သော စကားပြေ။ တက္ကသိုလ်ဝင်တန်းမှာ ကျွန်တော်တို့၏ မြန်မာစာ ဆရာမမှာ စာသင်ကောင်း သည်။ ရသစာပေကို ကောင်းကောင်း ဖတ်ထားသည်။
ခေတ်ပြိုင်စာပေကို ဖတ်နေသည်။ ကျောင်းပြဋ္ဌာန်းချက်ကဗျာ၊ စကားပြေကို သင်ကြားနေသော်လည်း ကျွန်တော်တို့ သည် ကျောင်းသင်ဘာသာရပ်ကို စာမေးပွဲအောင်မြင်ရန်၊ အမှတ်ကောင်းရန် မစဉ်းစားမိဘဲ၊ လူ့သဘာဝအဖွဲ့အနွဲ့များ၊ လူသားဆန်မှုများ၊ လူသားအချင်းချင်း ပိုမိုစာနာနားလည်မှုများကို ခံစားနေရသည်။ ထို့ပြင် စကားများ၏ အဓိပ္ပါယ် များ၊ အားကောင်းမှုများ၊ သိပ်သည်း ကျစ်လျစ် မှုများကိုလည်း ခံစားနေရသည်။
ကျွန်တော်တို့သည် အတန်းထဲတွင် ပျော်ရွှင်စွာ သင်ကြားခံရ၏။ ကျောင်းပြဋ္ဌာန်းချက် စာပေ၏တန်ခိုး၊ သင်ကြားပေး သူ၏ ခံစားမှုစွမ်းအားနှင့်၊ အတွေးအခေါ်ကျယ်ပြန့် လွတ်လပ်မှုတို့ကြောင့် ကျွန်တော်တို့သည် အထက်တန်းကျောင်းသား ဘဝမှာပင် ရသစာပေကို အလေးအနက် စိတ်ဝင်စားမိသည်။
ကျွန်တော်သည် ၁၉၇၁မှာ ဆယ်တန်းအောင်သည်။ ရန်ကုန်မြို့  စီးပွါးရေးတက္ကသိုလ် အဝန်းအဝိုင်းသို့ ရောက်သည်။ စီးပွားရေးတက္ကသိုလ်တွင် လူမှုစီးပွား နံရံကပ်စာစောင်ရှိသည်။
မနက်ကျောင်းတက်လျှင် ပေါ်တီကို အောက်တွင်စာပွဲတစ်လုံးနှင့် ထိုင်နေပြီး ဖယောင်းမင်ကူးလက်ရေး ကဗျာစာအုပ်ရောင်းသော ကျောင်းသားရှိသည်။ ထိုကဗျာစာအုပ်ရောင်းသူမှာ ကျွန်တော်တို့ စီးပွားရေး တက္ကသိုလ်ကျောင်းသား ဟုတ်ချင်မှ ဟုတ်မည်။ စက်မှုတက္ကသိုလ်ကျောင်းသား၊ ပညာရေး တက္ကသိုလ်ကျောင်းသားဖြစ်ချင်ဖြစ်နေတတ် ၏။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား အချင်းချင်းသည် စာပေကြောင့်၊ နိုင်ငံရေးကြောင့်၊ အားကစားကြောင့် တစ်ဦးနှင့် တစ်ဦး ပိုမိုရင်နှီးချစ်ခင်ရ၏။ ကျွန်တော် ကစားသော သမိုင်းဇွဲကပင်ဆောင်ရှေ့ ဘောလီဘောကွင်းမှာ စက်မှုတက္ကသိုလ်မှ ကျောင်းသားလည်း လာရောက်ကစားသည်။ နှင်းဆီဆောင်၏ည၊ ဂန္ဓမာဆောင်၏ညမှာ စက်မှု တက္ကသိုလ်မှ ကိုခင်မောင်တိုးနှင့် ကိုမောင်မောင်(အဉ္စလီ)လည်း သီချင်းလာဆိုသည်။ ပြင်ပမှ ကဗျာဆရာ သုခမိန်လှိုင်လည်း နှင်းဆီဆောင်၏ ညမှာ ဂစ်တာလာ၍ တီးသည်။
ကျွန်တော်တို့သည် နေ့ခင်းနေ့လည် အခါများတွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် မိုးဝေမဂ္ဂဇင်းကဗျာများကို သွား ရောက် ဖတ်ရှုတတ်၏။ ရှုမဝမဂ္ဂဇင်းတွင် ပါလာသောငြိမ်းကျော်၏ ''ပဉ္စမမြောက် ဆောင်းရက်များ'' သည် တက္ကသိုလ်ပရဝုဏ်ထဲမှာ ဖတ်ရခြင်းက ပိုမိုအရသာရှိနေသည်။
အချုပ်ကို ပြောချင်သည်မှာ အထက်တန်းကျောင်းမှာ ပြဋ္ဌာန်းချက်စာကို လေ့လာဆည်းပူးစဉ် ရသစာပေကို စိတ်ဝင်စားနေမိသည်။ တက္ကသိုလ်ရောက်သောအခါ အဝန်းအဝိုင်းက သဘာဝကျကျအနုပညာ အဝန်းအဝိုင်း ဖြစ်နေသည်။ ကဗျာ၊ ဂီတ၊ ပန်းချီ၊ အားကစား တက္ကသိုလ်ထဲမှာ ရှင်သန်လှုပ်ရှားနေသည်။
အထက်တန်းကျောင်းမှာ ရသစာပေကို အရသာရှိရှိသင်ကြားခံခဲ့ရလျှင်၊ တက္ကသိုလ်ရောက်သောအခါ တက္ကသိုလ်၏ အဝန်းအဝိုင်း၊ တက္ကသိုလ်၏ ေ အာသ် စ့နမန မွာ သဘာဝက်က် အနုပညာ ရပ်ဝန်းဖြစ်နေ လျှင် လူငယ်တို့၏ သွေးသားထဲတွင် ရသစာပေနှင့် အနုပညာသည် စီးဆင်းလည်ပတ်နေ လိမ့်မည်။

0 comments:
Post a Comment