Wednesday, June 12, 2013

ဝတ္ထုတို တစ်ပုဒ် ရေးနည်း

by ဗိုလ် နင့် (Notes) on Wednesday, June 12, 2013 at 2:10am
သင် ၀တ္ထုတို တစ်ပုဒ်ကို မည်သို့ရေးပါသနည်း။
ထိုမေးခွန်းသည် အချို့သူများအတွက် လွယ်ကူစွာ ဖြေလို့ရမည် ဖြစ်သလို တစ်ချို့သူတွေ အတွက် အင်မတန်မှ ခက်ခဲစေမည့် မေးခွန်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် စာရေးနည်းဆိုသော ခေါင်းစဉ် များ၊ ဘောင်များ အတွင်းမှ ရေးသူတို့အတွက် လွယ်လွယ်ကလေး ဖြေလိုက်ရုံပင်။ ထိုမေးခွန်းကို ဖြေရန် ခက်ခဲသူများတွင် နှစ်မျိုးနှစ်စား ရှိနိုင်သည်။
ပထမ တစ်မျိုးမှာ ၀တ္ထုတို မရေးတတ်သူများဖြစ်၍ ဒုတိယတစ်မျိုးမှာ ရေးတတ်ပါလျက် ဖြေရခက်နေသူများ ဖြစ်သည်။
ဒီတော့ ဒီနေရာတွင် သင့်အနေဖြင့် မည်သည့် အမျိုးစားဖြစ်နေသနည်း ဟုစဉ်းစားစေလိုပါသည်။

ဝတ္ထုတို တစ်ပုဒ်ကို ရေးလေ့ ရေးထ ရှိသော ယေဘုယျ အချက်များ

အကြောင်းအရာများကို ရှာဖွေ စုဆောင်းခြင်း


ဒီအချက်တွင် အကြောင်းအရာမှာ တစ်ခါတရံ Result ရလဒ် ဖြစ်နိုင်သလို တစ်ခါတရံ Event အဖြစ်အပျက်တစ်ခုလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုတစ်ခုဖြင့် စတင်နိုင်သည်။



အကြမ်းအားဖြင့် ဇာတ်အိမ်ကို စတင် ချရေးခြင်း (၀ါ) စိတ်ကူယဉ်ခြင်း

Result တစ်ခုကို ပထမအဆင့်တွင် စတင်စဉ်းစားခဲ့သူများအဖို့ ထို Result ရရန် အဖြစ်အပျက်ကို စတင်၍ အကြမ်းဖျင်း ဖန်တီးရမည်။ ဥပမာ လူတစ်ယောက် သေဆုံးသွားခြင်းကို သင်စတင်စဉ်းစားခဲ့လျှင် သူမည်သို့ သေမည့် Event ကို စတင် စဉ်းစားရမည်ဖြစ်သည်။
Event တစ်ခုကို ပထမအဆင့်တွင် စတင် စဉ်းစားခဲ့ပါလျှင် ထို အဖြစ်အပျက်၏ နောက်ဆက်တွဲ Result ကို စတင် စဉ်းစားရပေတော့မည်။ ဥပမာ လူနှစ်ယောက် ရန်ဖြစ်သည့်အကြောင်းကို စတင်စဉ်းစားခဲ့လျှင် သင်အနေဖြင့် ထိုလူနှစ်ယောက်ကို ထပ်၍ ပိုဆိုးကာ တစ်ဦးကို တစ်ဦး သတ်ဖြတ်သည်အထိ ရေးမလား၊ သို့မဟုတ် ထိုလူနှစ်ယောက်သည် ပြေလည်သွား၍ ငြိမ်းချမ်းရေးရသွားသည်ဟု ရေးမလား စဉ်းစားရမည် ဖြစ်သည်။

လှုပ်ရှား အသက်ဝင်မှုများ စတင် စဉ်းစားခြင်း

ဒီနေရာတွင် Introduction, Initiation Action, Rising Action, Climax, Falling Action, Resolution စသည်ဖြင့် အဆင့် (၅) ဆင့် ခွဲခြားနိုင်သည။
Introduction: ဇာတ်ကောင်တို့၏ ပုံစံ၊ စိတ်ထား၊ အချိန်၊ ရာသီဥတု၊ နေရာ စသည်တို့ကို စတင်ဖန်တီးခြင်း။
Initiation Action: လှုပ်ရှားမှုတို့ကို စတင်ခြင်း
Rising Action: လှုပ်ရှားမှုတို့ကို အရှိန် စတင် မြင့်တင်ခြင်း
Climax: မြှင့်တင်လာသည့် လှုပ်ရှားမှုများ ခဏတာ ရပ်တန့်လိုက်ခြင်း
Falling Action: လှုပ်ရှားမှုအရှိန်များကို စတင်လျှော့ချခြင်း
Resolution: ဖြစ်ပျက်ခဲ့သမျှရဲ့ လှုပ်ရှားမှုများကို ရပ်တန့်လိုက်၍ ထိုရလဒ်တစ်ခုခုကို ထုတ်ပြခြင်း၊ သို့မဟုတ် ထုတ်မပြဘဲ စာဖတ်သူကို စဉ်းစားစေခြင်း၊ သို့မဟုတ် နောက်ထပ်၍ ဘာတွေ ဆက်ဖြစ်မည်၊ ထိုဖြစ်စဉ်မဖြစ်ခင်က ဘာတွေ ဖြစ်ခဲ့သည် ဆိုသည်ကို တင်ပြလိုက်ခြင်း။

ယခု ဖေါ်ပြသော အဆင့်များသည် လှုပ်ရှား အသက်ဝင်မှုတွင် ပါဝင်ရမည့် အချက်များ ဖြစ်သည်။ သင်သည် ယခုအဆင့်ကို ဖြတ်ကျော်ဖို့ ခက်ခဲပေလိမ့်မည်။ ၀တ္ထုတစ်ပုဒ်၏ အဓိက အချက်ထဲမှ တစ်ချက် အပါအ၀င်လည်း ဖြစ်သည်။

ပြင်ပ လူပုဂ္ဂိုလ်များမှ ကွန့်မြူးစရာများ ရှာဖွေခြင်း

ဒီအချက်သည် မလိုအပ်သလိုနှင့် တကယ်စာရေးသူများအဖို့ လိုအပ်ကြောင်း နားလည်ကြပါလိမ့်မည်။ သင့်အနေနှင့် ဇာတ်ကောင်တစ်ကောင်အတွက်လည်းကောင်း၊ ပုံစံ၊ စရိုက်၊ အနေအထားများ၊ စကားများ စသည်တို့ကို တကယ် ပြင်ပမှ လူများဆီမှ ရှာဖွေနိုင်သည်။ လမ်းသွားရင်းဖြင့်၊ အလုပ်လုပ်ရင်းဖြင့်၊ ဘက်စ်ကားစီးရင်းဖြင့် ရှာဖွေနိုင်သည်။

သင့်ရဲ့ ဇာတ်ကောင်တွေ အကြောင်းကို သင်သိခြင်း

ဇာတ်ကောင်များကို သင်လေ့လာရမည်။ သူသည် ဘယ်လို လူမျိုး၊ ဘယ်လို စိတ်ထားရှိသည်။ မည်သို့ ပြုမူနေထိုင်တတ်သည်။ စကားပြောပုံ၊ ဆက်ဆံပုံ စသည်ဖြင့် အသေးစိတ် သင်ဖန်တီးပြီးသား ဖြစ်ရမည်။ ဇာတ်ကောင်သည် Realistic ဖြစ်ရမည်ဟုလည်း အချို့က ဆိုပါသည်။





သင့်ဇာတ်အိမ်၏ အကျယ်အ၀န်းကို ကန့်သတ်ခြင်း

ဇာတ်အိမ်၏ အကျယ်အ၀န်း၊ ဧရိယာကို သတ်မှတ်ပါ။ ဇာတ်ကောင်သည် အဖေရှိမည်၊ အမေရှိမည်။ မောင်နှမ ၃ ယောက် ရှိမည်။ သူငယ်ချင်းပေါင်း ၁၀၀ ကျော်ရှိမည်။ မည်သူတွေအထိ သင့်အတွက် လိုအပ်ပါသလဲ။ မလိုအပ်သည်များကို ဖြုတ်ပါ။ ကန့်သတ်ပါ။




သင့် ၀တ္ထုကို ဘယ်သူပြောမှာလဲ ဆုံးဖြတ်ခြင်း

ယခုအချက်သည်လည်း အရေးကြီးပေသည်။ သင့်ဝတ္ထုကို ဘယ်သူပြောမည်ဆိုသည်မှာ သင့်ဝတ္ထုကို ဘယ်သူ့ဘက်က ရေးမည်နည်းကို ဆိုလိုသည်။ ဇာတ်ကောင်တစ်ကောင်ဘက်မှ နေ၍ ရေးမည်လား။ သို့မဟုတ် သင့်အနေနှင့် ရေးမည်လား။
“အောင်မြင့်မြတ် လမ်းလျှောက်လာပြီးနောက် သူ့ချစ်သူနှင့် တွေ့သည်။”
“ကျွန်တော် လမ်းလျှောက်လာပြီးနောက် သူမနှင့် တွေ့သည်။”
သင်သည် သင်ပဲလား။ သင်သည် အောင်မြင့်မြတ် လုပ်မှာလား ဆိုသည်ကို ဆုံးဖြတ်ပါ။ ပြီးနောက် ၀ါကျတို့ကိုလည်း စကားပြောနှင့် ရေးမှာလား။ စာသားဝါကျ ခိုင်ခိုင်မာမာဖြင့် ရေးမှာလား ဆုံးဖြတ်ပါ။ သင့် ဇာတ်အိမ်သည် မည်သို့ဖြစ်သည်ကို မူတည်၍ တစ်ချို့ကို ဇာတ်ကောင်နေရာမှ ၀င်ရေးသင့်သည်။ ထိုအတိုင်း တစ်ချို့ကို စကားပြော၊ တစ်ချို့ကို စကားပြေ စာသားဖြင့် ရေးသင့်သည်ကို ဆုံးဖြတ်ရမည်။ (စာရေးသက်များလာပါက သင်အလွယ်တကူ ဆုံးဖြတ်လာနိုင်မည်)

သင့်စိတ်ကူများစုစည်းပါ၊ ပြီးနောက် ချရေးပါ။

ယခုအချက်တွင် သင်စဉ်းစားခဲ့သမျှ သို့မဟုတ် ချရေးထားသမျှ အချက်အလက်များကို စတင်စုစောင်းကာ ချရေးရန်ဖြစ်သည်။

ပြုပြင်ခြင်း၊ သတ်ပုံစစ်ခြင်း

သင်ရေးပြီးသော ၀တ္ထုအား ပြန်ဖတ်ပါ။ စစ်ဆေးပါ။ ပြုပြင်ပါ။ အကြိမ်ကြိမ် ဖြစ်နိုင်သည်။

နိဂုံး

ယခု အချက်များသည် အင်တာနက်မှ တွေ့ရှိမိသော ၀တ္ထုတို တစ်ပုဒ်ရေးနည်း ဖြစ်ပေသည်။ အကြမ်းအားဖြင့် စာရေးဖို့ ကြိုးစားနေသူများ အသုံးချကြည့်နိုင်သည်ဟု ယူဆ၍ မျှဝေခြင်း ဖြစ်သည်။ မျှဝေသည်ဟု ဆို၍ ကျွန်တော်သည် ထိုအဆင့်များအတိုင်း ရေးသည်ဟု မထင်မှတ်လိုက်လေနှင့်။ ထိုအချက်များ တစ်ခါခါ ပါလာနိုင်သော်လည်း အစီအစဉ်မကျ ကမောက်ကမသာ ဖြစ်လေသည်။

ဒီတော့ နောက်ဆုံးအနေဖြင့် အစပိုင်းက မေးခွန်းဖြစ်သည့် သင်ဝတ္ထုတို တစ်ပုဒ်ကို ဘယ်လို ရေးပါသလဲ ဟု မေးပါက ကျွန်တော်သည် အောက်ပါအတိုင်း ဖြေမည် ဖြစ်ပေသည်။

“မသိဘူးလေ”


----------------------------------------------------------------------------
ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...