ဘ၀၏အဆင့်အတန်းတရား- Level of Being
ကျနော်တို့တိုင်းပြည်ရဲ့
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေရှိလာလို့
ကျနော်ဆရာတော်ဦးဇောတိက ရဲ့တရားများစွာထဲက အလွန်ကြိုက်နှစ်သက်လို့
အကြိမ်ကြိမ်နားထောင်ခဲ့ဘူးတဲ့ Level of Being ဘ၀၏အဆင့်အတန်း တရား ဆိုတဲ့
တရားတိုကလေးတစ်ခုကို ဝှေင ရင်းကျနော့်အတွေးတချို့ ကိုတင်ပြပါရစေ.။
အဲဒီတရားကလေးနဲ့ လူလောကတခွင်တပြင်လုံးကို ကြည့်မြင်နားလည်နိုင်ပြီး
လူ့ဘ၀ရဲ့ နေ့တဓူဝ ပြသနာတွေကိုလည်း ကြည့်မြင်နားလည်နိုင်ပြီး
အကျိုးများနိုင်တယ်လို့ ယုံကြည်မိလို့ပါ။
ဆရာတော်၏ဟောကြားချက်။ ။
"At a low level of being only a very poor world exists and only a very impoverished life can be lived. universe is what it is but he who limits himself to its lower sides to its biological needs, his creature comfort, or his accidental encounter, will inevitably attracts miserable life"
အားလုံးကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ.
ထွန်းသန်း
03/15/2013
- ဆရာတော်က …"Your level of being attracts your life. သင်ဘ၀အဆင့်အတန်းအခြေအနေ က သင့်ဘ၀ကို ဆွဲဆောင်လိမ့်မယ်။ level of being ဘ၀၏အဆင့်အတန်း မတူရင် သူတို့ဘ၀ဟာလည်း တူမှာမဟုတ် ဘူး။ မွေးကထည်းကမျက်စိမမြင်ခဲ့တဲ့သူနဲ့ မျက်စိမြင်တဲ့သူနဲ့ သူ့တို့ရဲ့ဘ၀အခြေအနေတူနိုင်ပါမလား။ သူ့မှာ ချို့တဲ့မှုတစ်ခုရှိနေတယ်..ချို့တဲ့မှုတစ်ခုရှိတာနဲ့ကိုပဲ လူလောကကို ပြည့်ပြည့်စုံစုံမသိနိုင်တော့ဘူး။ ….. level of being ဘ၀၏အဆင့်အတန်း မှာ တခုခုချို့တဲ့မှု ရှိလာရင် သူရဲ့ world သူ့ရဲ့လောကကလည်း ချို့တဲ့သွားတယ်။ မွေးကတည်းက မျက်စိလည်းမမြင်ဘူး နားလည်းမကြားဘူးဆိုရင် အဲဒီကလေးတစ်ယောက်ရဲ့ အသိ ဥာဏ်အဆင့်အတန်းက ဘယ်လောက်ရှိမလည်း.. သိပ်မရှိနိုင်တော့ဘူးနော်.. သူ့ကိုတောင်စာသင်ပေးဘို့ သိပ်မလွယ်တော့ဘူး"။ လို့သင်ကြားပါတယ်။ ဆက်လက်ပြီး ဆရာတော်ကတိရိစ္ဆာန်လောကက လိပ်ပြာကလေး တစ်ကောင်ရဲ့ဘ၀ တီကောင်လေးတစ်ကောင်တို့ရဲ့ဘ၀နဲ့ ငှက်ကလေးတစ်ကောင် ရဲ့ဘ၀ အဆင့်အတန်း အတွေ့အကြုံ ကွဲပြားခြားနားပုံတွေကို ကိုယှဉ်ပြီး ပြောပြပါတယ်။
ဆရာတော်၏ဟောကြားချက်။ ။
- လိပ်ပြာလေးတစ်ကောင်ရဲ့ဘ၀မှာ သူအမျိုးမျိုးအရောင်မြင်ရတယ်။ လွတ်လပ်မှုရှိတယ်. သူပျံသွားနိုင်တယ် ဟိုဟိုဒီဒီ အမြင်ကြီးထိအောင်ပျံသွားနိုင်တယ်။ သူစားတဲ့အစားအစာကြည့်မယ်ဆိုရင်လည်း အင်မတန်အနံ့အရ သာနဲ့ပြည့်စုံတဲ့ ပန်းဝတ်ရည်တွေကို စုတ်ယူရတယ်။ တီကောင်ကျတော့မြေကြီးစားတယ်။ စားတဲ့အစားအစာကအစ ဘယ်လောက်ကွာခြားသွားပြီဆိုတာကို တွေ့နိုင်တယ်။ မြေကြီးရဲ့အနံအရသာနဲ့ ပန်းဝတ်ရည်ရဲ့အနံ့အရသာ (အဆင့်မြင့်တဲ့စားစရာလို့ပြောလို့ရတယ်) ဘယ်လောက်ကွာခြားသွားသလည်း။ လိပ်ပြာတစ်ကောင်ရဲ့မြင်ကွင်းကရော အရောင်အမျိုးမျိုးပန်းအမျိုးမျိုး သစ်ပင်အမျိုးမျိုးသူမြင်ရတယ်။ တီကောင်ရဲ့ လောကမှာ မြင်ကွင်းကဘာမှမရှိဘူး အလင်းအမှောင်ဆိုတာလည်းရေးတေးတေးလေးပဲရှိတယ် သူဘာမှ အသေအချာ မမြင်ရဘူး။ အင်မတန်ကျယ်တဲ့အသံမှကိုနဲနဲလေးသိရုံလွဲလို့ အသံကိုလည်း ပီပီပြင်ပြင်မကြားနိုင်ဘူး.. အနံ့နည်းနည်းလေးသိတယ်။ တီကောင်ကမြေကြီးပေါ်ကပ်ပြီး ဖြေးဖြေးခြင်းပဲရွှေ့နိုင်တယ်။ အမြင့်ဆိုတာကို သူမြေကြီးထဲဝင်နိုင်သလောက်ပဲသူသိနိုင်တယ်။ အကယ်လို့ လိပ်ပြာလေးတစ်ကောင်က တီကောင်တစ်ကောင်ကို စကားပြောတတ်လို့ သူပြောမယ်ဆိုပါတော့..
"တီကောင်ရေ ပန်းလေးတွေပွင့်နေလိုက်တာ.. လှလိုက်တာ..မွေးလိုက်တာ" ဆိုရင် တီကောင်က ဘယ်လို ပြန်ပြောမလည်း။
"ဟယ် ပန်းဆိုတာဘာလည်း .. ငါမသိဘူး။ မရှိတာကို မင်းပြောနေတာပါ။"
"မွှေးလိုက်တာ" ဆိုရင်.. "မွှေးတယ်ဆိုတာဘာလည်း" ..သူ (တီကောင်) မသိဘူး။
"ပန်းဝတ်ရည်လေးတွေက ချိုလိုက်တာ" ဆိုရင်ကော ..ချိုတယ်ဆိုတာ တီကောင်မသိဘူး။
"အမြင့်ကြီးကနေတက်ကြည့်လိုက်ရင်လောကကြီးက တော်တော်ကြည့်လို့ကောင်းတယ်" ဆိုရင်ကော..
အမြင့်ကြီးဆိုတာဘာလည်း သူမသိဘူး နော်.။ သူမသိရှာဘူး။ ဘာဖြစ်လို့လည်းဆိုတော့ level of being သိပ်ကွာနေတယ်။ အဆင့်သိပ်ကွာနေတယ်။
- ဆရာတော်က အဲဒီကနေတဆင့် ငှက်ကလေးတွေရဲ့ဘ၀ကို လိပ်ပြာလေးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ပြောပါတယ်။ ငှက်ကလေးတွေရဲ့ဘ၀က လိပ်ပြာထက်ပိုမြင့်ကြောင်းပြောပြပါတယ်။ ငှက်ကလေးတွေက ခန္ဓာလည်းပိုကြီးတယ် သက်တန်းလည်းပိုရှည်တဲ့အခါကျတော့ သူ့ဘ၀အတွေ့အကြုံကပိုများမယ်။ လိပ်ပြာကျတော့ သိပ်သက်တန်း မရှည်ဘူးရက်ပိုင်း လောက်ပဲရှည်တယ်။ သက်တန်းမရှည်တဲ့အတွက် ဘ၀အတွေ့အကြုံ အတော်နည်းတယ်။ ငှက်က လူနဲ့လည်း relationship ရှိကြောင်း သီချင်းလည်းဆိုတတ်ကြကြောင်းပြောပြပါတယ်။ အခုလိုပြောပြီးတဲ့အခါ ဆရာတော်ကအခုလိုဆုံးမပါတယ်….
"At a low level of being only a very poor world exists and only a very impoverished life can be lived. universe is what it is but he who limits himself to its lower sides to its biological needs, his creature comfort, or his accidental encounter, will inevitably attracts miserable life"
- သူ့ဘ၀အခြေအနေနှိမ့်ကျရင် လောဟာလည်း အင်မတန်ဂုဏ်နည်းတဲ့ quality အင်မတန်နိမ့်တဲ့လောကပဲဖြစ်မှာပါ။ level of being နိမ့်လေလေ သူလောကကလည်း နိမ့်လေလေပဲဖြစ်မှာပါ။ level of being နှိမ့်လို့ရှိရင် အင်မတန်ချို့တဲ့တဲ့ဘ၀ကို ပဲနေလို့ထိုင်လို့ရမယ်။ ကိုယ့်ဘ၀ကိုမချို့တဲ့စေချင်ရင် ကိုယ့်ဘ၀အဆင့်အတန်း (လူနေမှုအဆင့်အတန်းကိုဆိုလိုတာမဟုတ်) စိတ်ဓါတ်နဲ့အသိညာဏ်ကို ကိုယ့်ဘာသာကိုယ်မြင့်မှရမယ်။ စကြာဝဋာကြီးကတော့ သူ့နကိုယ်သူ့အတိုင်းပဲရှိနေတာပါ။ သို့သော် လောကကြီးရဲ့အနှိမ့်ဆုံးအပိုင်းကိုပဲ ကိုယ့်ဘာသာ ကိုယ်ကန့်သတ်ပြီးတော့နေမယ်ဆိုရင် ... သူ့ရဲ့ခန္ဓာကိုယ် လိုအပ်ချက်လောက် ကိုပဲအဓိကထားပြီးနေမယ်ဆိုရင်.... ဒီခန္ဓာ ကိုယ်ချမ်းသာဖို့ (သို့မဟုတ် ) ခေတ် အခြေအနေ ပတ်ဝန်းကျင်အခြေနေအရ တွေ့နေမြင်နေရတဲ့ အထဲမှာပဲ အကန့်အသတ်ဖြစ်နေမယ် ကန့်သတ်ပြီးနေနေမယ်ဆိုရင်..... အဲဒီလူဟာ အင်မတန်ချို့တဲ့ပြီးတော့ ကျေနပ်စရာမရှိတဲ့ ဘ၀မျိုးကိုပဲဆွဲဆောင်မိမှာပဲ" လို့ ပြောပြဆုံးမပါတယ်။
- ဆရာတော်ရဲ့ တရိစ္ဆာန်လောကက လိပ်ပြာကလေးနဲ့ တီကောင်ကလေးနဲ့ ငှက်ကလေး ဘ၀ခြားနားတဲ့ ဘ၀၏အဆင့်အတန်းတရားကနေတဆင့်- ကျနော်တို့ နေ့တဓူဝ ဘ၀တွေ လူလူချင်းဆက်ဆံရေးကိစ္စတွေ နိုင်ငံရေးရာကိစ္စတွေ ကို သိမြင်နားလည်နိုင်ပါတယ်။ ကျနော်တို့လူ့လောကမှာလည်း အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် လူလူချင်းဖြစ်ပေမယ့်လည်း ဘ၀အဆင့်အတန်းခြင်း အသိဉာဏ်ဗဟုတုသခြင်း တွေးခေါ်ရှမြင်နိုင်တဲ့ အရည်အသွေးခြင်း စတာတွေ ကွာခြားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို လူချင်းတူပေမဲ့ စဉ်းစားနိုင်စွမ်းတွေ မတူကွဲပြား ဖြစ်နေရတာကလည်း (ကျနော်တို့နိုင်ငံကိုကြည့်မယ်ဆိုရင်) တိုင်းပြည်ကဖြတ်သန်းခဲ့ရတဲ့အခြေအနေအောက်က ရရှိလာခဲ့တဲ့ သူတို့ ရဲ့ ပညာရေး၊ ဖြတ်သန်းခဲ့ရတဲ့ဘ၀ပေါ်အခြေပြုပြီး ရခဲ့တဲ့ အရည်အသွေးအရည်အချင်းစတဲ့ ဘ၀အဆင့်အတန်းတွေ ကွာခြားနေကြလို့ပါပဲ။ လူ့အဖွဲ့အစည်းပေါ်ထားရှိတဲ့ တာဝန်ယူစိတ်နဲ့စဉ်းစားမယ်ဆိုရင် ကျနော်တို့အနေနဲ့ အဲဒီ ကွာခြားမှုတွေကို နည်းနိုင်သမျှနည်းအောင်လုပ်ဘို့ လိုနေတယ်ဆိုတာတွေကိုပါ သဘောပေါက်နားလည်လာမှာဖြစ်ပါတယ်။ ကျနော်တို့အဲဒီလိုနားလည်လာနိုင်တဲ့ အခါ ကိုယ့်ဆိုလိုချက် ကိုယ့်တင်ပြချက် ကိုယ့်သဘောထားကို အခြားတဖက်က လူကမသိရကောင်းလား နားမလည်ရကောင်းလား တုံးလှချည်လားရယ်လို့ ဆိုတာမျိုးလည်း ဒေါသနဲ့ တဘက်သက်ခံယူပြီး မတွေးဖြစ်တော့ပဲ နားလည်နိုင်စွမ်းမရှိတဲ့ ဘ၀နှိမ့်တဲ့ တဖက်သားကိုနားလည်မူတွေပေးလာနိုင်စွမ်းရှိမှာဖြစ်ပါတယ်။
- "Some can't see a forest for the trees." တချို့ အမြင်တိုရှိတဲ့ လူတွေက နီးစပ်ရာ သစ်ပင်ကိုပဲမြင်နိုင်စွမ်းရှိကြပြီး သစ်တောတတောလုံး (တခွင်တပြင်လုံး) ကို မြင်နိုင်စွမ်းမရှိကြပါဘူး။ အဲဒီလိုလူမျိုးတွေဟာ သူတို့တွေရဲ့ ရေတိုအကျိုးစီးပွားလောက်ကိုပဲ နားလည် ရှေ့ရှုနိုင်စွမ်းရှိကြပြီး အချို့ပညာရှိတဲ့သူတွေ တခွင်တပြင်လုံးကို မြင်နိုင်စွမ်းရှိတဲ့သူတွေကျပြန်တော့လည်း ရေတိုအကျိုးစီးပွားတွေကို စွန်လွတ်ပြီး အများလူထုကောင်းစားရေး နောင်လာနောင်သားတွေကောင်းစားရေးကို သာရှေ့ရှူလုပ်ကြပါတယ်.။
- ဒီနေရာမှာ မှတ်သားစရာတစ်ခုက တစ်ခါတစ်ခါကျပြန်တော့ စဉ်းစားနိုင်စွမ်းရှိတဲ့သူတွေ တခွင်တပြင်လုံးကို မြင်နိုင်စွမ်းရှိတဲ့သူတွေဟာ ရေတိုမှာ တခဏတာ (သို့) အချိန်ကာလတစ်ခု အရှုံးပေါ်ကောင်းပေါ်တတ်ပါတယ်။ ငှက်ကလေးနဲ့ တီကောင်ကလေးရဲ့ ဘ၀၏အဆင့်အတန်းတရားပုံပြင်လေးနဲ့ ဆင်တူတဲ့ တစ်ကယ့်ဖြစ်ရပ်မှန်တစ်ခုကိုပြောပြချင်ပါတယ်။ ကျနော်တို့ငယ်စဉ်က သင်ကြားမှတ်သားခဲ့ဘူးတဲ့ ကမ္ဘာကြီးလုံးတာကို ရှာဖွေတွေ့ရှိခဲ့ တဲ့ အီတာလီယန် လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ် ပညာရှင်လည်းဖြစ်ပြီး အတွေးအခေါ်ပညာရှင်လည်းဖြစ်တဲ့ ဂလီလီယို Galileo ဆိုတဲ့ ပညာရှင်ဟာ "ကမ္ဘာကြီးဟာ လုံးတယ်" လို့ မိမိရှာဖွေတွေ့ရှိချက်ကို အများနဲ့ဆန့်ကျင်ပြီး ရဲရဲပြောခဲ့တဲ့အတွက် အဲဒီအချိန်ကခရိယာန်တွေက ဘုရားရဲ့တရားတွေကို ဆန့်ကျင်တယ်လို့ ဂလီလီယိုကို စွတ်ဆွဲပြီးထောင်သွင်း အကျဉ်းချထားခဲ့လို့ ဂလီလီယိုဟာ အကျယ်ချုပ်ဘ၀နဲ့နေထိုင်ပြီး အသက်ဆုံးပါးခဲ့ရဘူးပါတယ်။ အခုတော့ ကျနော်တို့ ကသူကို" ခေတ်သစ် ရူပဗေဒရဲ့ ဖခင်" "Father of Modern Physics" လို့ ခေါ်ဝေါ်နေရပါပြီ။ အဲလိုအလားတူဖြစ်ရပ်မျိုးဖြစ်လာရင် (အဘက်ဘက်က ဆုတ်ယုတ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့ နယ်ပယ်အများအပြားမှာ ဘ၀အဆင့်အသိဉာဏ်ခြင်းကွာလို့ မလိုလားအပ်တဲ့ပြသနာဖြစ်နေတာတွေ ထိုပြသနာတွေကို ဖြေရှင်းဘို့ နည်းလမ်းရှာမရ ဖြစ်နေတာကိုတွေ့နေရပါတယ်) ကျနော်တို့ လုပ်ရမယ့်တာဝန်က မိမိအကျိုးစီးပွားပျက်မှာစိုးလို့.. အများမုန်းမှာကြောက်လို့ အခြေအနေတခုအောက်မှာ အဲဒီအခြေအနေကဖန်တီးတဲ့ အများစုဘက်ရပ်တာထက် တကယ့်အမှန်တရားဘက် ပြည်သူအများစုကြီးရေရှည်အကျိုးစီးပွားအကျိုးရှိမယ့်ဘက် ကနေရဲရဲကြီးရပ်တည်လုပ်ကိုင်ကြဘို့လိုပါတယ်။ တိုင်းပြည်ငြိမ်းချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေး တိုင်းသူပြည်သားအားလုံးနဲ့ တိုင်းပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့သူများရဲ့အခွင့်အရေးကိုဖေါ်ဆောင်ရေး စတာတွေကို အကောင်အထည်ဖေါ်တဲ့လမ်းကြောင်းမှာ မလျှောက်နိုင်တဲ့သူ မစဉ်းစားနိုင်တဲ့သူတွေကိုလည်း ဖေးမ ကူညီသင်ကြားလမ်းပြပြီး စိတ်ရှည်ရှည်နဲ့ လက်တွဲခေါ်ယူရပါမယ်.။ ဒါကကျနော်တို့လက်ကိုင်ထားရှိသင့်တဲ့ ပေါ်လစီပဲဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ.
ထွန်းသန်း
03/15/2013
0 comments:
Post a Comment