Friday, May 3, 2013

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း

The Voice Weekly's photo.
Photo: မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း
..............................................................
(ပြည့်ဖြိုးလင်း)

မြန်မာနိုင်ငံ၌ လူဦးရေအထူထပ်ဆုံး ဒေသကြီးဖြစ်ပြီး ဆန်စပါး အဓိကစိုက်ပျိုးထွက်ရှိရာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့  ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်ပြီး လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေကြေပျက်စီးခဲ့သည့်  နာဂစ်မုန်တိုင်း  တိုက်ခတ်ခဲ့သည်မှာ (၅) နှစ်ပြည့်မြောက်ပြီဖြစ်ရာ နာဂစ်ဖြစ်ပွားစဉ် ကာလက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ဆောင်နိုင်ခဲ့မှု အနေအထားကို သိရှိနိုင်စေရန် ထိုစဉ်က ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းထားသည် များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice    :    အဲဒီအချိန်တုန်းက မုန်တိုင်း ကြိုတင်ခန့်မှန်းချက် တွေကို မိုးလေဝသဌာန အနေနဲ့ ကြိုတင်ထုတ်ပြန်နိုင် ခဲ့ပါသလား။

UTL   :    နာဂစ် ဒီလိုဖြစ်မှာကို ကြိုတင်မသိဘူးလား ဆိုတော့ သိပါတယ်။ မိုးလေဝသမှာ သတိပေးချက် ထုတ်လို့ရှိရင် မုန်တိုင်းနဲ့ပတ်သက်တာပဲ ပြောပြော၊ ဘာပဲ ပြောပြော အဲဒီသတိပေးချက်ရဲ့တန်ဖိုးကို စံကိုက်တဲ့နေရာမှာ အချက်နှစ်ချက်ရှိတယ်။ ကြိုတင်ပြောနိုင်သလား၊ ကြိုတင်ပြောနိုင်ရင် တန်ဖိုးရှိလေပဲ။ ဒုတိယစံက မှန်ကန်မှု ဘယ်လောက်ရှိသလဲ။ အဲဒီနှစ်ချက်နဲ့သာ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတိပေး ချက်တွေကို စံကိုက်မယ်ဆိုရင် မိုးလေဝသ ဌာနက ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်တွေဟာ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် အကယ်ဒမီ ရပါတယ်။ ငါးရက် ကြိုပြောတယ်။ ဟိုင်းကြီးကို ဝင်မယ်ပြောရင် ဟိုင်းကြီးပဲ ဝင်တယ်။ ပွဲပြီးပြီ ဇာတ်လမ်းက။ တစ်ခုတော့ရှိတယ်။ ဒါအမြဲမှန်လား ဆိုရင် မဟုတ်ပါဘူး။ မမှန်တဲ့ အခါတွေ လွဲတဲ့အခါတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နာဂစ်တုန်းကတော့ မှန်တော့ မှန်ခဲ့တာပဲ။ အဲ့ဒီလိုလုပ်ရင်းနဲ့ပဲ ဒီမုန်တိုင်းက ပိုပိုပြီးခန့်မှန်းတဲ့ အတိုင်း ရွေ့နေတဲ့အခါ ကျတော့ ၃၆ နာရီ အလိုလောက် မေလ ၁ ရက်နေ့မှာ မြန်မာအစိုးရက ထုတ်နေတဲ့ မြန်မာ့အလင်း သတင်းစာမှာ နာဂစ် အကြောင်း အင်တာဗျူး ခေါ်ဗျူးခိုင်းတယ်။ နာဂစ်ဝင်ရင် ဘယ်လို အန္တရာယ်ရှိတယ်၊ ဘယ်လောက်ဖြစ်မယ်ဆိုတာ အန္တရာယ် ကြီးတယ်။ မြစ်ဝကျွန်းပေါ် ဆိုတော့ ပိုဆိုးမယ် စသည်ဖြင့် အင်တာဗျုး လုပ်တယ်။ ဒီအင်တာဗျူးကိုလည်း ခက်ခက်ခဲခဲနဲ့ ပါအောင် ထည့်ပေးပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော မြန်မာ့အလင်းရော၊ ကြေးမုံရောမှာ တိတိကျကျပါလာပါတယ်။ အင်တာဗျူးလုပ်တဲ့ အချိန်က ၂၀၀၈ မေလ ၁ ရက် မနက် ၁၁ နာရီ။ မုန်တိုင်း ကမ်းလွန် မဖြတ်မီ ၃၆ နာရီအလို။ မုန်တိုင်းကမ်းခြေ နဲ့ မိုင် ၁၅၀ အကွာ ဒါပေမဲ့ သတင်းစာ ဆိုတော့ ၂ ရက်နေ့မနက် မုန်တိုင်းမဖြတ် သေးခင် သတင်းပါလာတယ်။ ဒါပေမဲ့ အဲ့ဒီသတင်းကို ဘယ်လောက်ကျယ်ကျယ် ပြန့်ပြန့်လူတွေသိတယ်။ မသိဘူးလည်း မသိနိုင်ဘူး။

Voice    :    လူပေါင်းတစ်သိန်း သုံးသောင်းကျော် သေခဲ့တဲ့ နာဂစ်မုန်တိုင်း ဖြစ်ပွားချိန်မှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ့အနေနဲ့ ကိုယ့်လုပ်ရပ်အပေါ်  စိတ်ကျေနပ်မှု အပြည့် ရှိရဲ့လား။

UTL   :    ကျွန်တော့်ရဲ့စိုးရိမ်စိတ်ကြောင့် ဒါကြီးကို လုပ်ဖြစ်ခဲ့တယ်။ တကယ်တမ်း သွေးအေးအေးနဲ့ ပြန်တွေးကြည့်တော့ ဒီလုပ်ရပ်က အလွန်ကို အန္တရာယ်ကြီးတယ်။ ဘာကြောင့်လဲဆိုတော့ မုန်တိုင်းကြီးက ဝင်တော့မယ်၊ ရေကတက်တော့မယ်။ သတိပေး ဘာပေးနဲ့ ကိုယ်ကတော့ ကိုယ့်ဇောနဲ့ကိုယ် လုပ်လိုက်တော့ တကယ်လို့များ ဒီမုန်တိုင်းဟာ ပြောတဲ့ အတိုင်း မဖြစ်ခဲ့ရင်။ ဆိုလိုတာက ဟိုင်းကြီး မဝင်ဘဲနဲ့ ရခိုင်ဘက်ကို ဝင်ခဲ့ရင် ဒါကလည်း ဖြစ်နိုင်တယ်။ မုန်တိုင်းဆိုတာ သွားချင်ရာ သွားတာ။ အဲဒီအချိန်မှာ ကျွန်တော့်ဘဝဟာ အကြီးအကျယ် ဒုက္ခရောက်သွား နိုင်တယ်။ ဒါပေမဲ့ ဆရာကံကောင်းပြီး ပြည်သူတွေ ကံမကောင်းခဲ့ဘူး။ ကံကောင်းတယ် ဆိုတာက ပြောတဲ့အတိုင်း ဖြစ်သွားတယ်။ ပြည်သူတွေ ကံမကောင်းတာကတော့ အားလုံးသိတဲ့အတိုင်း သေကြေပျက်စီးမှု တွေ အများကြီး ဖြစ်ခဲ့ရတယ်။ ကံကောင်းပေမယ့် တစ်ရက်မှ မပျော်ပါဘူး။ မခံချိ မခံသာနဲ့ ကနေ့ထိ ခံစားရနေဆဲ။ သိနေပါလျက်နဲ့ လူတွေရဲ့အသက်ကို မကယ်နိုင်တဲ့ ဖြစ်ရပ်ဟာ အလွန်ခံရခက်ပါတယ်။ တစ်နည်းအားဖြင့် စနစ်က အလုပ်မလုပ်ဘူးဆိုတဲ့ အဖြေကိုရပါတယ်။ အမှန် ကတော့ ကွင်းဆက်တစ်ခုလို သွားရမှာ ကျွန်တော်တို့က ခလုတ်နှိပ်လိုက်တာ ကျန်တာ တွေကအကုန်လုံး Function ဖြစ်ရမှာ။ ဒါပေမဲ့ နာဂစ်မှာ အဲလိုမဖြစ်ခဲ့ဘူး။ နောက် နာဂစ် ပြီးနောက်မှာလည်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်မှာ ထိုင်းနိုင်ငံ AIT က အဖွဲ့ တစ်ဖွဲ့နဲ့ ကွင်းဆင်းပြီး အင်တာဗျူး လုပ်ခဲ့တယ်။ ထင်တဲ့အတိုင်းပဲ စစ်တမ်းကောက်တဲ့ ရှစ်ချက်မှာ ခုနစ်ချက်က နိုင်ငံတကာစံနှင့် မညီပါဘူး။ ရှစ်ချက်ထဲမှာ တစ်ချက်ပဲ အောင်ပါတယ်။ အဲဒီတစ်ချက်က ကြိုတင် သတိပေးချက်ပါ။ နိုင်ငံတကာစံ ထက်တောင် ကျော်နေပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အဲဒါတွေကို လူမသိပါဘူး။ နာဂစ်ဖြစ်ပြီးတာနဲ့ အားလုံးသော မျက်စောင်း၊ လက်ညှိုးက မိုးလေဝသဌာန ကိုပဲ လာပါတယ်။ ဒါပေမဲ့ နာဂစ်မဖြစ်မီမှာ နာဂစ်လာရင် ဒီလို ဒီလိုဖြစ်မယ်ဆိုတာ ထုတ်ပြန်လိုက်နိုင်တယ်။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ၊ စေတနာကို အဲဒီ အင်တာဗျူး နှစ်ခုကပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ် အပေါ်မှာလည်း ကနေ့အချိန်ထိ လူတွေရဲ့အသက်ကို မကယ်နိုင်လို့ စိတ်မကောင်းဖြစ်ရတာက လွဲရင် နောင်တ ရစရာတော့မရှိခဲ့ပါဘူး။

Voice    :    မုန်တိုင်းမဖြစ်ခင် ဧပြီလ  ၃ဝ ရက်နေ့လောက်မှာ ဆရာ့အနေနဲ့ အင်တာဗျူးတချို့မှာ မုန်တိုင်းက စိုးရိမ် စရာမရှိပါဘူးလို့ ပြောထားတယ်ဆိုပြီး ပြောတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

UTL   :    မီဒီယာတွေက ဘာသာ ပြန်လွဲနေတာ။ စိုးရိမ်စရာမရှိဘူးလို့ ပြောတာမဟုတ်ဘူး။ အစိုးရိမ် မလွန်ပါနဲ့လို့ ပြောတာ။ အစိုးရိမ်လွန်တယ်။ အဲဒီတော့ ခဏခဏ ဖြေရှင်းနေရတယ်။ သတင်းစာ မှာလည်း ပါလာတယ်။ ပြန်ဖတ်ကြည့် လိုက်ပါ။ ဘာပြောထားလဲဆိုတာ အဲဒါကို လူတွေက စိုးရိမ်စရာ မရှိဘူးလို့ ထင်နေတာ။ စိုးရိမ်မလွန်နဲ့ဆိုတာ ခြေမကိုင်မိ လက် မကိုင်မိ မဖြစ်နဲ့လို့ ပြောတာ။ ခေါင်းအေးအေး ထားပါလို့ပြောတာ။ ကနေ့ အမေရိကမှာ Cool, Cool လို့သုံးနေတာ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ဖို့ပြောနေတာပဲ။ သဘာဝ ဘေးအန္တရာယ်မှာ စိုးရိမ်လွန်တာဟာ အလွန်အန္တရာယ်ကြီးတယ်။ အဲဒါကို လူတွေက မစိုးရိမ်ပါနဲ့ ပြောတယ်ချည်းပဲ ထင်ပြီးပြောနေကြတာ။ သာဓကပြောရရင် သတင်းစာမှာ ပြောထားတာတွေကို ဖတ်ကြည့်လိုက်ပါ။ နောက်ဆုံး ဘာပြော ထားလဲ ဆိုတာ သိပါလိမ့်မယ်။ အစိုးရိမ် မလွန်ပါနဲ့ဆိုတာ ဘာပြောပြော လူတွေက နားမထောင်ဘူး။ ပြာနေတာ။ သေမှာပေါ့။ အဲဒါကို ပြောတာ။

 နောက်တစ်ခုရှိသေးတယ် ပြည်ပမီဒီယာ ... တွေရဲ့ လုပ်ဆောင်ချက် ရှိသေးတယ်။ 
ဒီမုန်တိုင်းကြီးက နှစ်ပတ် လောက်ဖြစ်နေတယ်။ ပထမမုန်တိုင်း ကြီးက အနောက်ကိုသွားတယ်။ အိန္ဒိယကို သွားတယ်။ ကျွန်တော့်ကို လှမ်းမေးတယ်။ ကျွန်တော်က စိုးရိမ်စရာမရှိပါဘူး။ လောလော ဆယ်မှာ ဟုတ်လား။ ဒီကောင် ဒီလို သွားနေပါတယ်။ ပြောတယ်။ အဲဒါ ဘယ်တုန်းကမေးတာလဲဆိုတော့ မုန်တိုင်း ကမ်းလွန် မဖြတ်မီ တစ်ပတ်လောက်အလိုမှာ မေးတာ။ နောက် မုန်တိုင်းကြီးက ပြန်ကွေ့ လာတော့ အဲဒီစိုးရိမ်စရာမရှိပါဘူး ဆိုတဲ့ အပိုဒ်လေးကိုပဲ ဖြတ်ပြီးတော့ ကျွန်တော်က ဒီလိုပြောပါတယ် ဆိုပြီးတော့ လုပ်တယ်။ စဉ်းစားကြည့်လေ ဒါလုပ်ကြံတယ်လို့ ခေါ် တယ်။ တကယ်လို့  ကျွန်တော် ၂၈ ရက်က စပြီး သတိပေးနေတဲ့အချိန်မှာ မေးရင် ဒီစကားမျိုး ကျွန်တော်ပြောမလား၊ မဟုတ် ဘူးလား။ နှစ်ပတ်လောက်က ကြိုပြောတာ ကြီးကို အဲဒီတုန်းက မုန်တိုင်းက အနောက်ကို သွားနေတဲ့ကာလမှာ မှန်တယ်လေ။ စိုးရိမ် စရာမှ မရှိတာ။ ဒါပေမဲ့ အဲဒီအသံဖိုင်ကို ယူလိုက်တယ်။ ဦးထွန်းလွင်က ဒီလိုပြောပါတယ် ဆိုပြီး လုပ်တယ်။ အမှန်တော့ အစိုးရကို အပုပ်ချတာပါ။ ကျွန်တော့်ကိုလည်း သူတို့မသိပါဘူး။ အဲဒါမျိုးကို ကျွန်တော်ပြောတယ်လို့ ထင်နေရင်တော့  မှားမယ်။

Voice    :    နာဂစ်တုန်းက ဒီလောက်ထိ လူတွေသေဆုံးရ လောက်အောင် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အတွက် ကြိုတင်ကာကွယ်မှု မလုပ်နိုင်ခဲ့ တာက ဘယ်အရာတွေမှာ အားနည်းချက် ရှိနေတာလဲ။ 

UTL   :    မြစ်ဝကျွန်းပေါ်ဒေသ အနေနဲ့ ဆုံးရှုံးနစ်နာနိုင်ခြေ များတာ ၁၀ ချက် ရှိတယ်။ မြစ်ဝကျွန်းပေါ် ဒေသမှာ လူဦးရေ ထူထပ်တယ်။ သယ်ယူပို့ဆောင်ရေးစနစ်က အားနည်းတယ်၊ မုန်တိုင်း ဒီရေနဲ့ ပတ်သက်တဲ့ ဗဟုသုတမရှိဘူး။ ဒေသနဲ့ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အန္တရာယ် ကျရောက်နိုင်တဲ့ ဒေသပြတဲ့မြေပုံ၊ အန္တရာယ် အမျိုးအစားပြတဲ့ မြေပုံ ဘာတစ်ခုမှမရှိဘူး၊ အုပ်ချုပ်သူနဲ့ လူထုကြားမှာလည်း သဘာဝ ဘေးနဲ့ ပတ်သက်လာရင် ချိတ်ဆက်မိမှု အားနည်းတယ် စတာတွေ ရှိနေတယ်။ ဒီလို အနေအထားမျိုး ရှိနေတဲ့ဒေသဟာ ဒီလို မုန်တိုင်းဝင်ရင် ဒီလိုပဲဖြစ်မှာပဲ။ လူဦးရေ ထူထပ်တာကို စနစ်တကျနေထိုင်တဲ့ စနစ် မရှိဘူး။ ဒါကို ထူထောင်ရမယ်။ နောက်ပြီးတော့ လူတွေ သဘာဝဘေး အသိတွေ မရှိတာကို သိအောင်လုပ်ရမယ်။ သွားလာရေး လွယ်ကူအောင် အစိုးရလုပ်တဲ့အပိုင်း တွေမှာ ရွာချင်းဆက်လမ်းတွေ ထူထောင်ရမယ်။ မုန်တိုင်းကာတဲ့ Shelter တို့၊ အသက် ကယ်ကုန်းတို့ ရှိရမယ်။ သဘာဝအတား အဆီးဖြစ်တဲ့ဟာတွေ တိုးမြှင့်ဆောက်ရမယ် စသည် စသည်ဖြင့် Hazard ကို မကာကွယ် နိုင်ပေမယ့် ထိခိုက်မှုကို လျော့ကျအောင် ကာကွယ်လို့ရပါမယ်။ ဒီကနေ့ နာဂစ် နှစ်ပတ်လည်နေ့မှာပေးချင်တဲ့ Message ကတော့ ဒါပါပဲ။ အသိပညာ ဦးဆောင်တဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တဲ့ စနစ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု တွေ လိုအပ်နေပါတယ်။ ဒါကို တစ်နိုင်ငံလုံး အနေနဲ့ ဦးစားပေးလုပ်ဆောင်သင့် ပါတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း တွေမှာ နာမည်ဆိုးနဲ့  ကျော်ကြားနေ ပါတယ်။ ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်ဆုံးထိပ်တန်း ၁၀ နိုင်ငံမှာ မြန်မာ က နံပါတ် ၂ ဖြစ်နေပါတယ်။ ဒီအချက်ကိုပဲ အားလုံး တရေးတယူရှိကြဖို့နဲ့ ဒီအလုပ်တွေ အောင်မြင်ဖို့ Political Support အများကြီး လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။
(ပြည့်ဖြိုးလင်း)

မြန်မာနိုင်ငံ၌ လူဦးရေအထူထပ်ဆုံး ဒေသကြီးဖြစ်ပြီး ဆန်စပါး အဓိကစိုက်ပျိုးထွက်ရှိရာ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်ပြီး လူပေါင်း တစ်သိန်း သုံးသောင်းကျော် သေကြေပျက်စီးခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ (၅) နှစ်ပြည့်မြောက်ပြီဖြစ် ရာ နာဂစ်ဖြစ်ပွားစဉ် ကာလက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ဆောင်နိုင်ခဲ့မှု အနေအထားကို သိရှိနိုင်စေရန် ထိုစဉ်က ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းထားသည် များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

1

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...