အလုံးကလေးတွေ
ကျွန်တော်တို့သည် မျိုးနှင့်ရိုးနှင့်စာရေးဝါသနာပါကြသူများဖြစ်၏။ စာရေးဝါသနာပါသည်ဆိုရာတွင် ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး စသော စာပေကို ဆိုလိုခြင်းမဟုတ်။ အိမ်မှာ သတိပေးကြေညာစာများရေးခြင်း၊ ချိတ်ဆွဲခြင်း၊ ကပ်ခြင်းကို ဆိုလိုသည်။ လွယ်လွယ်ဥပမာပေးရလျှင် “အလိုက်သိပါ”၊ “လူကိုခင်လျှင် ငွေမချေးပါနှင့်”ဆိုသောစာမျိုးပင်ဖြစ်၏။
အဖေ၏အဘိုးက စပြောလျှင်ကောင်းမည်ထင်သည်။
(အဖေ၏အဘိုးဆိုတော့ ကျွန်တော့်နေရာကခေါ်လျှင် လွယ်လွယ်ကူကူ အဖေခေါ်သလို အဘိုးဟု ခေါ်တာပဲ ကောင်းပါလိမ့်မည်။) အဘိုးသည် လူပျော်ကြီးတစ်ယောက်ဖြစ်၏။ လူပျော်ပီပီ ကတ်သီးကတ်သတ်တွေးတတ်သည်။ သူ့အတွေးတွေက အပျော်အပြက် ဆန်သော်လည်း အဖိုးတန်တတ်သည်။
အဘိုးက အိမ်သာတံခါးမှာ စာရေးထားသည်။
“အိမ်သာထဲက ဘယ်သူလဲဟု မမေးပါနှင့်”တဲ့။
ရုတ်တရက်ကြည့်လျှင် ဘာမှ ထူးခြားမှုမရှိ။ စေ့စေ့စပ်စပ်တွေးကြည့်လျှင်တော့ လူတို့၏ စပ်စပ်စုစုလုပ်တတ်သော သဘော သဘာဝကို လှောင်ပြောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
လူတချို့မှာ အကျင့်တစ်ခုရှိသည်။ အိမ်သာတက်ဖို့အလာ တံခါးပိတ်ထားတာမြင်လျှင် တံခါးကိုခေါက်ကြည့်၊ လူရှိလျှင် ပြန်ခေါက်လိမ့်မည်။ သို့မဟုတ် “လူရှိလား”မေးလိုက်၊ “ရှိတယ်”ဆိုလျှင် စောင့်နေ။ ဒီလိုမဟုတ်။
“အိမ်သာထဲက ဘယ်သူလဲ”
ဟု မေးတတ်သည်။ ထိုမေးခွန်းမှာ စေ့စေ့တွေးလေ အဓိပ္ပာယ်မရှိလေပင်ဖြစ်၏။ အိမ်သာထဲက လူသည် ဘယ်သူဘယ်ဝါဟု သိလိုက်ရသဖြင့် ဘာအကျိုးထူးလာမည်နည်း။ ဘာမျှမထူး။ အိမ်သာထဲကလူအဖို့သာ အနေရ အထိုင်ရခက်ပြီး မလွတ်မလပ်ဖြစ်သွားစရာ အကြောင်းရှိသည်။ လူတစ်ယောက်၏လွတ်လပ်စွာ အိမ်သာသွားခွင့်ကို စော်ကားရာရောက်သည်။
အဘိုး၏အိမ်သာတံခါးမှ စာတန်းကလေးသည် လူ့သဘောသဘာဝကို ဖော်ပြနေသည်။
တယ်လီဖုန်းစကားပြောရာတွင် ဖြစ်တတ်တာမျိုးနှင့်ဆင်သည်။ ဖုန်းမှားခေါ်မိပြီး ဘယ်ကပါလားဆို၍ မဟုတ်ပါဘူး၊ ဖုန်းမှားနေပါတယ်ဆိုလျှင် ပြီးရောပေါ့။ မဟုတ်။ ဒါဆို အခုပြောနေတာ ဘယ်ကပါလဲဟု ဆက်မေးတတ်သည်။ ဘယ်ကို မှားဆက်မိတာလဲလို့ သိချင်လိုက်ကြသေးသည်။
☼ ☼ ☼ ☼ ☼
အဘိုး၏သမီး ကျွန်တော့်အဖေ၏အမေကျတော့ အိမ်မှာစာကပ်တာတို့ ဘာတို့ လုပ်လေ့မရှိ။ အဘယ်ကြောင့်ဆိုသော် အဘွားက စာမတတ်သောကြောင့်ဖြစ်၏။
အဘွား၏သား ကျွန်တော့်အဖေကျတော့ စာကပ်တာ ၀ါသနာပါသလားမမေးနှင့်။ သူ့တစ်အိမ်လုံး နေရာတကာမှာရှိသည်။ လှေကားအတက်မှစသည်။
“အရည်မရ အဖတ်မရစကားတွေပြောပြီး နှောင့်ယှက်ဖို့ဆိုရင် ဒီနေရာက ပြန်ကြွပါ”
သူ့ဧည့်ခန်းမှာတော့...
“အချိန်ရှိသရွေ့ အလုပ်ရှိသည်။ ကိစ္စပြီးက ပြန်”
သူ့အိပ်ခန်းအ၀တွင်..
“မ၀င်နဲ့”
အကယ်၍ မလိုက်နာဘဲ စွတ်ဝင်သွားလျှင် အထဲကစာတန်းတစ်ခုက ဆီးကြိုနေလိမ့်မည်။
“မ၀င်နဲ့ဆိုတာ ဘာဖြစ်လို့ ၀င်လာသလဲ။ ဒါ သိပ်ရိုင်းတဲ့အပြုအမူ”
ကျွန်တော့်အစ်ကိုတွေ အရက်သောက်တာ သူ သိသွားသောအခါ ပိုစတာတိုက်ပွဲဆင်ပြီး သတိပေးသည်။
“နာနာမှတ်၊ ဖိနပ်ဖြစ်မယ်”
“ငါ့အဖေသည် အရက်မသောက်တတ်သဖြင့် အရက်သမားသားဟု အခေါ်မခံခဲ့ရသည်ကို ဂုဏ်ယူခဲ့ရသည်။ ယခု အရက်သမားအဖေဟု အခေါ်မခံရလျှင် ဂုဏ်တစ်ခု ထပ်တိုးလိမ့်မည်”
အဖေသည် ငယ်ငယ်ကတည်းက စာကပ်ဝါသနာပါသူဖြစ်၏။ အင်္ဂလိပ်ခေတ်က အင်္ဂလိပ်ကုမ္ပဏီများ၏ ဘတ်စ်ကားလိုင်းများနှင့် မြန်မာလူမျိုးတို့၏ ဘတ်စ်ကားများ အပြိုင်ပြေးဆွဲကြရသည်။ သူတို့က ကုမ္ပဏီဖြစ်၍ စနစ်ကျသည်။ ဘတ်စ်ကားအသစ်တွေ သုံးနိုင်သည်။ သူတို့လူမျိုးက အုပ်ချုပ်နေခြင်းဖြစ်၍ အခွင့်အရေးတွေ ပိုရသည်။ မြန်မာဘတ်စ်ကားတွေက စုတ်လည်းစုတ်သည်၊ စနစ်တကျလည်းမရှိ။ ထို့ကြောင့် မြန်မာကားတွေ လူစီးနည်းသည်။
ဒါကို အဖေက မကျေနပ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုး ကိုယ်အားပေးရမည်။ သို့ဖြင့် သူ့ပိုက်ဆံနှင့်သူ ပိုစတာကြော်ငြာစာတန်းတွေ ရိုက်ပြီး မြန်မာပိုင်ဘတ်စ်ကားတွေမှာ လိုက်ကပ်သည်။ စာသားက -
“မြန်မာဘတ်စ်ကားတွေကို မြန်မာလူမျိုးမှမစီးရင် ဘယ်သူကစီးပါ့မလဲခင်ဗျာ”ဟူ၍ဖြစ်၏။
☼ ☼ ☼ ☼ ☼
ကျွန်တော်တို့ညီအစ်ကိုတွေ လူပျိုဘ၀က အခန်းတစ်ခုတည်းတွင် ကုတင်တစ်လုံးစီဖြင့် အိပ်ကြရသည်။ အစ်ကိုတွေက အခန်းနံရံမှာ ကဗျာတွေရေးကြသည်။ မြေဖြူနှင့်ရော၊ စာရွက်နှင့်ရေးပြီးကပ်တာရော၊ သူတို့သူငယ်ချင်းတွေက အိမ်မှာ တစ်လ ကိုးသီတင်း၊ တချို့ဆို နှစ်နှင့်ချီ၍လာနေကြသည်။ ထိုအခါ သူတို့လည်း နံရံကပ်ကဗျာတွေ ၀င်ရေးကြသည်။ တစ်ခါတစ်ရံ အပြန်အလှန် ကဗျာရေးပြီး တိုက်ပွဲဆင်ကြသည်။
ကျွန်တော်လည်း သူတို့လိုကဗျာတွေ ရေးချင်သည်။ မရေးရဲ။ သူတို့ဖတ်ပြီး ဟားမှာကြောက်သည်။ သို့ဖြင့် သူတို့ရေးသော ကဗျာများကိုသာ ဖတ်နေရသည်။ ထိုအခန်းသည် ကျွန်တော်၏ကဗျာသင်တန်းခန်းမဖြစ်သည်။ ကဗျာတွေ ရေးကပ်ထားသောနံရံသည် ကျောက်သင်ပုန်းဖြစ်သည်။ အိမ်ထောင်အသီးသီး ကျသွားသောအခါ အစ်ကိုတွေက အိမ်ခွဲနေကြသည်။ ကျွန်တော်က အမေနှင့်ကျန်ခဲ့သည်။
ကျွန်တော် အိမ်ထောင်ကျခါစတွင် အတော်အသင့်အဆင်ပြေသည်ဟု ဆိုရမည်။ နာမည်ရကာစ စာရေးဆရာကလေး၊ ၀င်ငွေက မများလှသော်လည်း အမေရယ်၊ လင်မယားနှစ်ယောက်ရယ် စားလောက်သောက်လောက်ရှိသည်။ တစ်ခါတစ်ရံ နည်းနည်းပါးပါးပိုသဖြင့် စုနိုင် ဆောင်းနိုင်သေးသည်။
ကလေးတစ်ယောက်ရလာတော့လည်း ပြဿနာသိပ်မရှိ။ ၀င်ငွေကလေးပိုလာသဖြင့် ခုမိကာမိရှိသေးသည်။
ကလေးနှစ်ယောက်။ နည်းနည်းကြပ်လာသည်။ ၀င်ငွေက ဒီအတိုင်း။ ထွက်ငွေက တိုးလာသည်။ စားဝတ်နေရေးသာမက အမေ၏ ကျန်းမာရေး၊ ကလေးနှစ်ယောက်၏ကျန်းမာရေး၊ ပြီးတော့ အသက်အရွယ် အချိန်အခါအရ လူမှုရေးကိစ္စတွေရှိလာသည်။ ကူညီရတာ၊ ထောက်ပံ့ရတာ။
နောက်တစ်ကြောင်းက အရေးအကြီးဆုံးဖြစ်၏။ လူကနေပေမယ့် ကုန်ဈေးနှုန်းက မနေဘူးဆိုသည့်ကိန်းပင်။
အိမ်ထောင်ကျခါစအချိန်တုန်းက လက်ဖက်ရည်တစ်ခွက် တစ်ကျပ်၊ ခု.. နှစ်ကျပ်၊ နှစ်ကျပ်ခွဲ။ ဟိုတုန်းက ဆီတစ်ပိဿာ သုံးဆယ်။ ခု.. ငါးဆယ်ကျော် ခြောက်ဆယ်။ ဆေးတွေဆိုလျှင် ပြောမနေနှင့်တော့။ လားရှိုးဘက်ကလာသောဆေးတွေရှိနေလို့သာ တော်တော့သည်။ မနက် အိပ်ရာထတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် မြန်မာပြည်မြောက်ပိုင်းသို့ မျက်နှာမူ၍ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းသင့်လှ၏။
ထားပါးတော့။ ဆိုလိုတာက ၀င်ငွေနှင့်ထွက်ငွေ မမျှသည့်ကိစ္စ။ ဘယ်လိုလုပ်လျှင်ကောင်းမလဲ စဉ်းစားသည်။ ထိုအခါ ဘောဂဗေဒဆိုင်ရာ နိုဘယ်ဆုကြီးတောင်ရနိုင်သည့် သီအိုရီတစ်ခုကို သွားတွေ့သည်။
“တတ်နိုင်သမျှ လျှော့စား၊ တတ်နိုင်သမျှ ပိုရှာ”
ဟူ၍ ဖြစ်သတည်း။
ကောင်းပြီ။ ပိုရှာဖို့ဆိုလျှင် ပိုအလုပ်လုပ်ရပေလိမ့်မည်။ ပိုလုပ်လျှင် ပိုရနိုင်သည့်အခွင့်အရေးကလေးရှိနေခြင်းကိုပင် ကံကောင်းလေစွဟု ယူသော်ရ၏။
ကျွန်တော်သည် စာရေးနည်းသူတစ်ယောက်ဖြစ်၏။ ဘာကြောင့်နည်းရသလဲဆိုလျှင် စာရေးနှေးသောကြောင့်ပင်။ ဒါတောင် ခုနောက်ပိုင်းနည်းနည်းသွက်လာခြင်းဖြစ်၏။ လူပျိုတုန်းကဆိုလျှင် တစ်နှစ်မှ စာအုပ်တစ်အုပ်လောက် ထွက်ချင်ထွက်တတ်သည်။
ဤသို့လျှင် စာရေးနှေးရခြင်းအကြောင်းရင်းကို ဆန်းစစ်ကြည့်လိုက်သောအခါ...
ကောင်းသထက်ကောင်းအောင် အချိန်ယူရေးသားနေခြင်းမဟုတ်။ အချိန်ြုကာမြင့်နေခြင်းသာဖြစ်၏။ စာရေးနှေးခြင်းမဟုတ်။ စာရေးပျင်းခြင်းသာဖြစ်၏။ ဘယ်လောက်ပျင်းသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မို့ ကောင်းကောင်းသိသည်။
စာရေးစားပွဲမှာထိုင်မိလျှင် စာရေးနေရမည်စိုး၍ အကြောင်းအမျိုးမျိုးပြပြီး ရှောင်သည်။ စာရေးဖို့ အချိန်တန်တော့မှ ကိစ္စတစ်ခုခု ပေါ်ခိုင်းသည်။ စာရေးနေတုန်း မီးပြတ်သွားလျှင်...
“ဘာမှအသုံးမကျဘူး”
ဟု လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကို အသားလွတ်ဆဲပြီး စိတ်ထဲကကြိတ်၍ ၀မ်းသာသည်။ ဖယောင်းတိုင်မီးခွက် ထွန်းရေးဖို့ စိတ်မကူး၊ ရေနံဆီဝယ်လို့မရ၊ ဖယောင်းတိုင် ဈေးကြီးတယ်။ (စာအုပ်ကောင်းကောင်းတစ်အုပ်ဖတ်နေတုန်း မီးပျက်သွားလျှင်ကား ဖယောင်းတိုင်မရှိလျှင်ပင် ခုနစ်ကျပ်၊ ရှစ်ကျပ်တန် ဘက်ထရီအကုန်ခံပြီး လက်နှိပ်ဓာတ်မီးထိုး၍ ဖတ်တတ်ပေသည်)
နောက်ဆုံး ဘယ်လိုမှရှောင်လွှဲမရဘဲ စာရေးရပြီဆိုတော့လည်း ကြာကြာမထိုင်။ ဖင်မငြိမ်။ စာတစ်ပိုဒ်လောက်ရေးလိုက်၊ လမ်းထလျှောက်လိုက်၊ ပြတင်းမှငေးလိုက် လုပ်တတ်၏။ တစ်ခါတစ်ခါ ၀ါကျတစ်ကြောင်းဆုံးအောင်ရေးဖို့တောင် စိတ်မရှည်။ တစ်ဝက်တစ်ပျက်ထားခဲ့ပြီး လက်ဖက်ရည်ဆိုင် ထွက်ချင်ထွက်သွားတတ်သည်။
ဤသို့လျှင် ကျွန်တော်သည် အလုပ်တော့ ကြိုးစားမလုပ်ချင်ဘဲ စာလေးဖတ်လိုက်၊ လက်ဖက်ရည်ထိုင်လိုက်၊ သူငယ်ချင်းတွေ အိမ် လျှောက်လည်လိုက်နှင့် “ဘက်စုံပျင်းရိခြင်း”ကိုသာ အဖော်ပြုခဲ့ရာ...
☼ ☼ ☼ ☼ ☼
ဤနေရာတွင် စောစောကပြောခဲ့သော အိမ်မှာစာကပ်သည့်ကိစ္စ ၀င်ရောက်လာခြင်းဖြစ်ပါ၏။
ကျွန်တော်သည်လည်း မျိုးရိုးဗီဇအရ အိမ်မှာ သတိပေးကြော်ငြာစာ ကပ်ချင်သည့်ဝါသနာလေးရှိသည်။ သို့ရာတွင် ဒီလိုကိစ္စမျိုးမှာ သြဇာရှိသည့်လူမှကောင်းသည်။ ကျွန်တော်တို့အဖေလို လူမျိုးဆိုလျှင် အိမ်သူအိမ်သားအားလုံးက လေးစားလိုက်နာမည်။ ကျွန်တော့်လို ကောင်မျိုးကျတော့ ကျွန်တော့်ဦးလေးတစ်ယောက်လိုဖြစ်မှာ စိုးရသည်။
ဦးလေးသည် အဖေ့ကိုအားကျပြီး သူ့အိမ်မှာ စာတွေကပ်တတ်သည်။ သူ့အလုပ်နှင့်ပတ်သက်သော ပစ္စည်းကိရိယာတွေကို စနစ်တကျစီထားပြီး “ဒီလိုသပ်ရပ်နေပါစေ”ဟု မြားပြပြီး စာကပ်ထားသည်။ သူ့ကို ဘယ်သူမှမကြောက်ကြသဖြင့် ထိုစာ၏အောက်မှာ ပစ္စည်းတွေက အမြဲလိုဖရိုဖရဲ။
ကိုယ်ရေးသည့်စာကို သူများက မလိုက်နာ မလေးစားလျှင် ကိုယ်ပဲ သိက္ခာကျမည်။ မလိုက်နာလို့ဆိုပြီး စာကို ပြန်ဖျက်ပစ်ဖို့ကလည်း ရှက်စရာ။ ထိုစာသည် ကိုယ့်ကို အမြဲလှောင်ပြောင်သလိုဖြစ်နေတော့မည်။
တကယ်တော့ ကျွန်တော့်အိမ်မှာ အမေရယ်၊ မိန်းမရယ်၊ ကျောင်းမနေရသေးသော ကလေးနှစ်ယောက်ရယ်သာရှိ၏။ သူတို့တွေမှာ စာထုတ်ပြီး သတိပေးရလောက်အောင် အပြစ်မရှိ။ သူ့တာဝန်သူ ကျေကြသူတွေချည်း။
အလုပ်ကို ဖိဖိစီးစီးမလုပ်ဘဲ အပျင်းထူသူက ကျွန်တော်တစ်ယောက်ပဲရှိသည်။ ဒီတော့ ကိုယ့်ကိုယ်ကို သတိပေးစာကပ်ဖို့ပဲ ရှိတော့၏။
ဘယ်လို သတိပေးစာမျိုးကပ်မလဲ။ ဒဿနိကဗေဒသင်ခဲ့သူပီပီ နည်းနည်းကြီးကြီးတွေးသည်။ ဂရိတွေးခေါ်ရှင်ကြီးသေးလိစ် အဆိုအမိန့်။ ဂရိဘာသာဖြင့်...
“Ex Nihilo Nihil Fit”
မြန်မာလို...
“ဘာမှမရှိသောအရာမှ ဘာမှဖြစ်မလာနိုင်”တဲ့။
နောက်တစ်ခုက ဟေရာကလိုက်တပ်၏အဆို...
“မြစ်တစ်ခုအတွင်း၊ နှစ်ကြိမ်ဆင်းရန် မဖြစ်နိုင်”
မဖြစ်သေးပါဘူး။ ကျွန်တော်လိုချင်တာက စာရေးချင်အောင်၊ မပျင်းအောင် တွန်းအားပေးသည့်စာမျိုး။ စာပေဆိုင်ရာ စာတမ်းတစ်စောင်တွင် ဖတ်ဖူးသောစကားတစ်ခုရှိသည်။ ဘယ်သူ့အဆိုအမိန့်လဲတော့ မမှတ်မိ။
“Literature is half a trade and half an art”
“စာပေဟူသည် ကုန်သွယ်မှုတစ်ဝက်၊ အနုပညာတစ်ဝက်ဖြစ်သည်”တဲ့။
အမယ် မဆိုးပါလား။ သို့ရာတွင် ကုန်သွယ်မှုဆိုတာကြီးက စီးပွားရေးဆန်သည်။ လိပ်ပြာမလုံ။
ရှုပ်ပါတယ်။ ရိုးရိုးပဲရေးတာကောင်းတယ်။
“မပျင်းနဲ့”
ဆိုလျှင်ကော။ တော်ကြာ သူများတွေမြင်လျှင် ဒီအရွယ်ရောက်မှ ကျောင်းသားသူငယ်လေးလို သတိပေးနေရတုန်းပါလားဟု ထင်မည်။ စဉ်းစားရင်းစဉ်းစားရင်း ဖျတ်ခနဲ အကြံပေါ်လာသည်။ ကောင်းလိုက်တဲ့စာသားလေး။ ဘာမျှကြီးကြီးကျယ်ကျယ်မဟုတ်။ စာလုံး လေးလုံးထဲနဲ့ အဓိပ္ပာယ်အများကြီးပါသော၊ စာရေးချင်စိတ်ကို ထိပ်ဆုံးထိ တွန်းတင်ပေးသော....
“၄၅၀၀”
ဆိုသည့် ဂဏန်းကလေး လေးလုံးမျှသာ။
စာရေးစားပွဲရှေ့တည့်တည့်နံရံတွင် ထိုလေးလုံးကို မြေဖြူဖြင့်ရေးပြီးသည့်အချိန်မှစ၍ ကျွန်တော် စာရေးစားပွဲမှာ ဖင်မြဲလာသည်။ စာလည်း ပိုရေးဖြစ်လာသည်။ လက်လည်းသွက်လာသည်။ တစ်ခါတစ်ရံ ငုပ်နေရရှာသော ပျင်းရိခြင်းရောဂါပေါ်လာပြီး စားပွဲမှထရန် ဖင်ကြွလိုက်မိလျှင်ပင် ထိုစာကိုမြင်သည်နှင့် ဖုတ်ခနဲ ပြန်ထိုင်ကျသွားသည်သာဖြစ်၏။
ထိုဂဏန်းလေးလုံးကား ကျွန်တော့်အပေါ်တင်ရှိနေသော ကြွေးမြီအရပ်ရပ် စုစုပေါင်းတန်ဖိုးပင်ဖြစ်ပေတော့သတည်း။
မင်းလူ
-------------
မိုးဝေမဂ္ဂဇင်း၊
ဧပြီ၊ ၁၉၈၈။
0 comments:
Post a Comment