ဇာတ်တော်လာ ကြောက်စ၇ာကောင်းသော ယောက်ျားမာယာများ
Posted by ကိုမျိုး on January 9, 2013 at 12:30amဘလော့ ပိုစ်ကြည်မယ်
ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့အမည်ပေးရသလဲဆိုတော့ မွေးကင်းစကလေးငယ်ကနေဘုံ (၇) ဆင့်၊ တိုက်အပေါ်ဆုံးထပ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူးအောင် ထိန်းသိမ်းထားတဲ့ မိန်းကလေးကို ဖျက်ဆီးဖို့ရန် ကြံစည်နိုင်တဲ့ ယောက်ျားတို့ရဲ့မာယာဟာ ပေါ့သေးသေး မဟုတ်တာကြောင့် ကြောက်စရာကောင်းတဲ့ ယောက်ျားမာ
ယာလိုအမည်ပေးလိုက်တာပါ။ဒီလိုမာယာရှိတဲ့ယောက်ျားများကမ္ဘာပေါ်တွင်ရှိနေတယ်ဆိုတာကို မိန်းကလေးများသိ ရှိပြီး သတိထားရှောင်ကြဉ်နိုင်စေရန် ရေးသားတင်ပြပေးလိုက်တာပါ။
ယောက်ျားလေးတွေအကြောင်းမရေးလို့လည်းမဖြစ်ပြန်ပြန်ဘူးလေ။
မနေ့ကမိန်းမပျက်အင်္ဂါ(၂၅)ချက်ကို ဇာတ်တော်ထဲမှ ကောက်နှုတ်တင်ပြပေးခဲ့ရာ ယောက်ျားသားများမှမိန်းမသားများအတွက် ရှောင်ကြဉ်စရာရေးပြီးရင် မိန်းမသားများအနေနဲ့လည်းဘယ်လိုယောက်ျားသားများကို ရှောင်ကြဉ်ရမလဲဆိုတဲ့ အချက်အလက်တွေ ရှာဖွေရေးသားတင်ပြပေးပါဦးဆိုလို့
ခုလို ရေးသားတင်ပြပေးလိုက်တာပါ။
ဘယ်လိုကြောက်စရာကောင်းတဲ့ မာယာတွေလဲဆိုတာသိရအောင် ဇာတ်တော် ကို အကျဉ်းချုပ် ရေးသားပေး ပါမယ်။
ဒီဇာတ်လမ်းလေး ကိုပြီးဆုံးအောင်ဖတ်ကြည့်ရင် သိရပါလိမ့်မယ်။
တစ်ခါကရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ဟာမိတ်ဆွေတွေမို့ နှစ်ဦးဆုံတဲ့အခါ ကြွေအန်ကစားလေ့ရှိကြပါတယ်။အဲဒီလိုကစားတဲ့ အခါပုဏ္ဏားကြီးကသူ့အိမ်မှာ မွေးစားထားတဲ့မိန်းကလေးဟာဘယ်သူနဲ့မှမတွေ့မထိဖူး။ ဖောက်ပြန်ခြင်းမရှိဘူးဆိုပြီးရွတ်ဆိုကာ အန်စာတုံးပစ်ကစားတယ်။အဲဒီစကားဟာ မှန်ကန်နေတာမို့ ပုဏ္ဏားကြီးက အမြဲနိုင်ပြီး မင်းကြီးအမြဲရှုံးလေတယ်။
ဒါနဲ့မင်းကြီးကပုဏ္ဏားအိမ်မှာဘယ်ယောက်ျားလေးမှမတွေ့မမြင်ဖူး၊မတွေ့ထိဖူးတဲ့မိန်းကလေးရှိ မရှိကိုစုံးစမ်းခိုင်းရာ ကလေးငယ်ဘ၀တည်းကဘုံ(၇) ဆင့် တိုက်ပေါ်မှာထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် ပုဏ္ဏားကြီး မှာ ရှိတယ်လို့သိရတာနဲ့ မင်းကြီးကအရက်သေစာသောက်စားတဲ့ လူတစ်ယောက်ကိုခေါ်ပြီး သင်ဟာပုဏ္ဏားကြီး အိမ်က အမျိုးသမီးကိုဖျက်ဆီးပေးနိုင်မလား။ ပေးနိုင်ရင် ငွေပေးမယ်ပြောတော့ အရက်သမားက ရတယ်၊ မပူနဲ့၊ သူမာယာသုံးပြီးဖျက်ဆီးနိုင်အောင် ကြိုးစားမယ်လို့ပြောပြီး မင်းကြီးဆီက ငွေယူခဲ့လေတယ်။
အရက်သမားဟာပုဏ္ဏားကြီးအိမ်ရဲ့အခြေအနေကိုလေ့လာကြည့်တဲ့အခါဘုံ(၇)ဆင့်စလုံး ရဲ့တံခါးမုခ် တိုင်း တွင် မိန်းမအစောင့်အရှောက်များသာထားပြီး ယောက်ျားဆိုရင်အနားမကပ်ရအောင် ပြုလုပ်ထားတာကို တွေ့ရတယ်။အမှိုက်သွန်လှည်းကိုပင် အ၀င်အထွက်စစ်ဆေးတယ်။ပုဏ္ဏားကြီးအိမ်ကမိန်းကလေးရဲ့အထိန်းတော်ကြီးတစ်ယောက်သာပန်းနံ့သာများဝယ်ရန် နေ့စဉ်အပြင်ထွက်ရတယ်။ဒါနဲ့အရက်သမားလည်းဘယ်ရမလဲ၊ ယောက်ျားမာယာသုံးမယ်ဆိုပြီး ပုဏ္ဏားကြီး
အိမ်အနီး လမ်းမတွင်ပန်းနံ့သာဆိုင်ကြီးတစ်ဆိုင်ကိုခမ်းနားစွာဖွင့်ထားလိုက်တယ်။
နေ့စဉ်အပြင်ထွက်ဈေးဝယ်ရတဲ့ အထိန်းတော်ကြီးဟာပန်းနံ့သာဆိုင်အသစ် ခမ်းခမ်းနားနားတွေ့ရတော့ စိတ်ဝင်စားပြီး လေ့လာကြည့်တဲ့အခါ ဆိုင်ရှင်အရက်သမားလည်း အထိန်းတော်မိန်းမကြီးကိုမြင်တာနဲ့ ခြေရင်းတွင်လှဲပြီး ခြေထောက်ဖက်ပြီး အမေရယ် ဒီလောက်ကြာအောင်ဘယ်သွားနေလဲ အမေ့ကို ရှာလိုက်ရတာကြာလှပါပြီလို့ ပြောရင်း ငိုနေ ပါတော့တယ်။ အရက်သမားစီစဉ်ထားတဲ့ အတိုင်းနဘေးက လူတွေ ကလည်းအထိန်းတော်ကြီးကြားအောင် သားအမိ ဆိုတာဟုတ်မှာပဲ၊ မျက်နှာချင်းကလည်း ဆင်လိုက်တာလို့ပြောပြီးနဘေးကနေတွန့်ပေးကြတယ်။အဲဒီလို ဘေးက၀ိုင်းပြောပေး
မှုကြောင့်အထိန်းတော်ကြီးဟာမိခင်ပျောက်တဲ့သားတစ်ယောက်လို့ထင်မြင်လာပြီးသူပါရောငိုမိနေလေရဲ့။
ဒီလိုနဲ့ အရက်သမားနဲ့အထိန်းတော်ကြီးတို့ဟာ သားအမိလိုဖြစ်သွားကြတဲ့အခါ အရက်သမားက အထိန်းတော်ကြီးကို နန်းတော်တွင်းသာသုံးဆောင်နိုင်တဲ့ အလွန်လှပတဲ့ ပန်းနံ့သာအမွေးအကြိုင်တွေ အခမဲ့ပေးပြီးစည်းရုံးလေတော့တယ်။
အထိန်းတော်ကြီးက အဖိုးတန်တဲ့ပန်းတွေ အများကြီးယူလာတော့ ပုဏ္ဏားကြီးရဲ့ မိန်းကလေးက ဒီပန်းတွေဘယ်ကရတာလဲလို့ မေးတဲ့အခါ ငါ့သား ပေးလိုက်တာ။ ဒါနဲ့ မိန်းကလေးက အမေ့သားဘယ်အရွယ်လောက်ရှိပြီလဲလို့ မေးတော့ သမီးနဲ့ရွယ်တူလောက်ပဲ၊ လူချော လူခန့်ကြီးလို့ ဖြေလိုက်တယ်။ ပုဏ္ဏားအဘိုးကြီးမှလွဲပြီး တခြားယောက်ျားလေး မမြင်ဖူးရှာတဲ့ မိန်းကလေးဟာ ရွယ်တူယောက်ျားလေး၊ ခန့်ချောကြီးလည်းပြောလိုက်ရော စိတ်ဝင်စားသွားလေတယ်။
အဲဒီအချိန်ကစပြီး မိန်းကလေးဟာ လူချောလူခန့်ကြီးဆိုတာကို စဉ်းစားကြည့်နေမိတယ်။ အရက်သမားကလည်း မိန်းကလေးအခြေအန ဘယ်လိုရှိလဲဆိုတာကို အထိန်းတော်ကြီး မေးတဲ့အခါ မိန်းကလေးက လှတယ်။ကိန္နရီလေးလိုပဲ။အထိန်းတော်ကြီးလည်း အရက်သမားက နေ့စဉ် မိန်းကလေးအကြောင်းမေးတာကို သတိထား မိပြီး စိတ်ဝင်စားနေ မှန်းသိတဲ့အတွက် အဲဒီမိန်းကလေးကို တွေ့ရဖို့တောင်မလွယ်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ အရက်သမား လည်း ရိုးရိုးနည်းနဲ့ မရရင်
ယောက်ျားမာယာ နောက်တစ်နည်းသုံးမယ်ဆိုပြီး ဆိုင်မဖွင့်ဘဲ နေလိုက်တယ်။
အထိန်းတော်ကြီးပန်းလာယူတဲ့အခါအရက်သမားဘယ်သွားလို့ဆိုင်မဖွင့်တာလဲ။ဘာဖြစ်နေလို့လဲ လို့ စုံးစမ်းကြည့်လိုက်တော့ နေမကောင်းမှန်းလည်းသိရောအရက်သမားထံသွားမေးလေတယ်။အရက်သမားကအထိန်းတော်ကြီးကိုအကျွန်ုပ်မိန်းကလေးရဲ့ အလှအပကိုသာကြားရပြီး မမြင်တွေ့ရရင် သေရပါတော့မယ်။အဲဒါကြောင့်အမေဖြစ်သူအထိန်းတော်ကြီးကူညီပေးပါဆိုပြီး မာယာအကုန်သုံးကာ ပြောပါလေတော့တယ်။
အထိန်းတော်ကြီးလည်း မနေနိုင်တော့တဲ့အဆုံး ကူညီပေးမယ်ပြောပြီး အရက်သမားကို အမှိုက်တွန်းလှည့်တွင်ထည့်ကာ အပေါ်မှ ပန်းများ နဲ့ဖုံးပြီး မိန်းကလေး အဆောင်တွင်း ခေါ်ဆောင်ပေး လိုက်တယ်။ မိန်းကလေး လည်း အခန်း တွင်းမှာရောက်လာတဲ့ အရက်သမားကိုတွေ့တဲ့အခါ သက်တူရွယ်တူချင်းမို့ ချစ်ခင်မိသွားရှာတယ်။ သူတို့နှစ်ယောက်ဟာ ပုဏ္ဏားကြီးလာရင် အရက်သမားက ပုန်းနေပြီး ကျန်တဲ့ချိန်မှာ နှစ်ယောက်သား အကြည့်စိုက်နေလေရဲ့။
နှစ်ရက်သုံးရက်အတူနေပြီးတော့မိန်းကလေးကအရက်သမားကို ပြန်ဖို့ သင့်ပြီ လို့ ပြောတဲ့အခါ ပုဏ္ဏားကို တံတောင်နဲ့ထောင်းပြီးမှ ပြန်မယ်လို့ ယောက်ျားဖြစ်ပေမဲ့ မာယာသုံးပြီး ကနွဲ့ကလျပြောတာနဲ့ မိန်းကလေးလည်း စီစဉ်ပေး မယ်လို့ ကတိပေးလိုက်တယ်။ ပုဏ္ဏားကြီး မိန်းကလေးအခန်းဝင်လာတဲ့အခါ မိန်းကလေးက စောင်းတီးပေးပါ၊ ကချင်တယ်လို့ပြောတာနဲ့ ပုဏ္ဏားကြီးက ကောင်းပြီ တီးပေးမယ် ဆိုပြီး စောင်းတီးပေးနေလေတယ်။ ဒါတင်မက ဘဲ မိန်းကလေး ကသူကတာကို ပုဏ္ဏားကြီးမြင်မှာ ရှက်တယ်။ တစ်ယောက်တည်း ကချင်တယ်ဆိုပြီး ပုဏ္ဏားကြီးမျက်နှာကို အ၀တ် စည်းထားလိုက်တယ်။
မိန်းကလေးက ပုဏ္ဏားကြီးအနား မထိတထိ ကတဲ့အခါ ပုဏ္ဏားကြီးခများ ပျော်နေရှာတယ်။ မိန်းကလေးက ပုဏ္ဏားကြီးရဲ့နဖူးပြောင်ပြောင်ကြီးကိုတံတောင်နဲ့ထောင်းချင်လိုက်တာ၊အူယားနေတာပဲလို့ ပြောတဲ့အခါ ပုဏ္ဏားကြီးက ထောင်းစေဗျာ၊ထောင်းစေဗျာလို့ ပြောရှာလေတယ်။ ဒါဆို ထောင်းမယ်နော်လို့ပြောပြီး ပုန်းနေတဲ့အရက်သမားကို ခေါ်လိုက်တဲ့အခါ အရက်သမားက ပုဏ္ဏားကြီးနောက်ကျောမှရပ်ပြီး ဦးခေါင်းကို တံတောင်နဲ့ တအားထောင်း လိုက်တယ်။ ပုဏ္ဏားကြီး မှာ နာလွန်းလို့ ‘’အားခနဲ’’နဲ့ ဖြစ်သွားတယ်။ ဒါနဲ့ ဒီလက်ဟာ မိန်းကလေးလက်မဟုတ်ပါဘူးလို့ ပြောတဲ့အခါ မိန်းကလေးက ဟုတ်ပါတယ်။ ဒီမှာကြည့်ဆိုပြီး လက်ကိုထိုးပေးလိုက်တယ်။ပုဏ္ဏားကြီးက ဟုတ်ပါရဲ့၊လက်ကလေး က နု့ညံ့ လိုက်တာ။
ထောင်းလိုက်တော့လည်း နာလိုက်တာနော်ဆိုပြီး ဖြစ်နေရှာလေရဲ့။
အရက်သမားလည်း မိန်းကလေးကို ဖျက်ဆီးပြီးပြီ ဆိုတဲ့ အကြောင်း ရှင်ဘုရင်ကို အကြောင်းကြား လိုက်တယ်။ ဒါနဲ့ရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ ကြွေအန်ကစားတဲ့အခါ ပုဏ္ဏားကြီး အရင်လိုရွတ်ဆိုပေမဲ့ မှန်ကန်တဲ့စကား မဟုတ်တော့တာကြောင့် ရှုံးလေတော့တယ်။
ဒါကတော့ ယောက်ျားတွေဟာ သူတို့လိုချင်တာ၊ ဖြစ်ချင်တာဆို မရ, ရအောင်ယူမယ်ဆိုပြီး တရားတာ၊ မတရားတာနားမလည်ဘဲ မာယာသုံးပြီး ယူလေ့ရှိတယ်ဆိုတာကို သိထားဖို့ရန်အတွက် ဇာတ်တော်ထဲ ကနေ ကောက်နှုက်တင်ပြပေးလိုက်တာပါ။ ဇာတ်တော်အကျယ်ကို ဖတ်ချင်တယ်ဆိုရင်တော့
(အဏ္ဍဘူတဇာတ်၊ ဇာတကအဋ္ဌကထာ၊ပထမအုပ်၊ စာမျက်နှာ(၃၀၈)တွင် ဖတ်ရှု့နိုင်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ ယောက်ျားမာယာကို သဘောပေါက်နားလည်မယ်ဆိုရင် ကျန်တဲ့မာယာများကိုလည်း နည်းယူပြီး နားလည်စွာနဲ့ လူမိုက်ယောက်ျားများ ဖျက်ဆီးမှဘေးကနေ မိန်းကလေးများ ရှောင်ကြဉ်နိုင်လိမ့်မယ် ထင်ပါတယ်။
အရှင်ကောမလ ဆန်နီနေမင်း
0 comments:
Post a Comment