Monday, December 17, 2012

Dalya


by သစ္စာနီ on Monday, December 17, 2012 at 6:31am ·

ဒယ်လ်ယာ

ဒယ်လ်ယာသည် ဝင်းလက်သော ဒူးများရှိသည်။ စကပ်တိုတိုနှင့် ကောင်မလေးလည်းဖြစ်သည်။ ဖယောင်းတိုင်စိုက်တိုင် အထက်က ဓာတ်ပုံထဲမှာတော့ ဖလန်နယ်ဝတ်စုံ ဝတ်ထားသည့် လူငယ်နှင့် တွဲလျက် သူမသည် မိန်းမပျိုတစ်ယောက်လည်း ဖြစ်ပြန်သည်။
(ဓာတ်ပုံထဲမှာ) သူမသည် သူနှင့်တွဲ၍ ပင်လယ်နားက ဆိပ်ခံတံတားတစ်ခုခု သို့မဟုတ် လှေကားတစ်ခုခု၏ ပျဉ်ခင်းများကို ဖြတ်လျှောက်လျက်ရှိသည်။  သူမရယ်နေသည်။ ဓါတ်ပုံရိုက်လိုက်သောကြောင့် သူမရယ်နေသည်။ သို့မဟုတ် သူမဘေးမှ လူငယ်က သူမ၏လက်မောင်းကို ဆိတ်ဆွဲနေသောကြောင့် သူမရယ်နေသည်။ သူမ၏နောက်ဝယ် မိန်းကလေး သူငယ်ချင်းတစ်ယောက် သို့မဟုတ် အသိအကျွမ်း တစ်ယောက် လမ်းလျှောက်နေသည်။ သူမရယ်နေသည်။ ဒယ်လ်ယာနှင့် ဖလန်နယ်ဝတ်စုံ ဝတ်ထားသည့် လူငယ်တို့ ဓါတ်ပုံရိုက်ရန် သူမကပင် ဓာတ်ပုံဆရာကို ခေါ်ခဲ့ခြင်းဖြစ်သည်။

ဒယ်လ်ယာသည် သေဆုံးခဲ့ပြီးလည်း ဖြစ်၏။ ဓာတ်ပုံထဲက ဘုရားသခင်၏ မယ်တော်အပါးမှာ အဝတ်ဖြူ ဖုံးအုပ်၍ သူမသည် သေဆုံးခဲ့ပြီးလည်း ဖြစ်၏။ သူမ၏ လက်များမှာ တစ်ခုပေါ်တစ်ခု ထပ်လျှက်ရှိသည်။ သူမ၏ လက်များကို ထပ်ကာ ပြင်ဆင်ထား၏။ ဟားတူဒူရိုးက သူမ၏ မျက်လုံးများကို ပိတ်ပေးခဲ့သည်။

ဒယ်လ်ယာသည် သူမ၏ စကပ်တိုတိုလေးနှင့် သုဿာန်တစ်ခု၏ ခြံစည်းရိုးနားမှာလည်း ရပ်နေသည်။ ပြီးတော့ သူမ၏ ညာဘက်ဒူးဖြင့် အင်္ဂတေတိုင်လုံးသစ်ကို တွန်းထောက်ထားသည်။ ပြီးတော့ ဒယ်လ်ယာသည် ဖလန်နယ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်နှင့် မြက်ခင်းထဲတွင် လဲလျက်ရှိသည်။ ခုတော့ သူ့ဘေးက ဒယ်လ်ယာသည် အဝတ်ဖြူပေါ်မှ မိုးပြာရောင် ခေါင်းအတွင်းမှာ လဲလျက်ရှိသည်။ ဟားတူဒူးရိုးနှင့် သုဘရာဇာသည် ရွှေရောင်တောက်ပသော အဖုံးကို ခေါင်းပေါ်တင်လိုက်သည်။ ခေါင်းကို ရထားပေါ်သို့ တွန်းတင်ရန် သူတို့ကို အသုဘယာဉ်မောင်းသူက လာကူညီသည်။ ဒယ်လ်ယာသည် သူမ၏ စက်ဘီးဖြင့် မြို့ကို ဖြတ်သန်းစီးနင်းသူလည်း ဖြစ်သည်။ ယနေ့ ဒယ်လ်ယာအတွက် ဟားတူဒူရိုးသည် ဖယောင်းတိုင်များ အားလုံးကို မီးထွန်းညှိလိုက်သည်။

စီးကရက်သောက်ပါဦး ဟု ဟားတူဒူရိုးက ပြော၏။ ဤစီးကရက် သက်တမ်းမှာ နှစ်ဆယ့်ငါးနှစ် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ဤစီးကရက်ကို သံတမန်ဟု ခေါ်ပါသည်။ ဗူးပေါ်မှာ ကြည့်ပါ။ ဘူလ်ဂေးရီးယန်းဘုရင် ရုပ်ပုံ၊ ကလေးတစ်ယောက်ရဲ့ ပန်းချီလိုပါပဲ။

ယနေ့ညတွင် ဒယ်လ်ယာသည် အုန်းထန်းနှစ်ပင်၏ အကြားမှာ ကလျက်ရှိသည်။ သူမသည် က, တတ်သူလည်း ဖြစ်သည်။ သူမ၏ အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမလဲကျသွားသောအခါ ဟားတူဒူရိုးက မျက်လုံးများကို ပိတ်ပေးခဲ့သည်။ ရထားပေါ်မှ အသုဘယာဉ်မောင်းသူက သူ့လက်များကို မြင်းပုလေး ပေါ်တင်လိုက်သည်။ သူဘရာဇာက သူ့ဦးထုပ်ကို ပြန်ပြင်ဆောင်းသည်။ ပြီးတော့ သူ့စီးကရက်ပေါ်ကို ကျနေသော မိုးစက်များ ရပ်သွားရန် ထီးကို ဖွင့်လိုက်သည်။ သူသောက်နေသော စီးကရက်သက်တမ်းမှာ နှစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်သောကြောင့် အနံ့အသက်ပင် ကင်းမဲ့နေလေသည်။

ဖလန်နယ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်သည် ယခုအခါ ဘယ်သူနှင့် ကခုန်နေမလဲ ကျွန်တော်မသိချေ။ ဓာတ်ပုံဆရာကို ခေါ်ခဲ့သော သူတို့၏ မိန်းကလေး မိတ်ဆွေနဲ့လား။ ဟားတူဒူရိုးသည် သောကြာနေ့ညနေခင်းတွင် သူ့ရှူးဖိနပ်ကို အရောင်တင်ရန် သွားသည်။ သူသည် အူလစ်ဇာတွင်ရှိသော ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။ ဒယ်လ်ယာသည် အိမ်ခေါင်မိုးပေါ်မှ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်။ ဖရူတူဒူရိုးသည် ရပ်ဝေးသို့ ထွက်သွားသည်။ ဟားတူဒူရိုးသည် အရာရှိတစ်ယောက်နှင့် သိဟောင်းကျွမ်းဟောင်း တစ်ယောက်၏အကြား မြင့်မားသော ခုံတစ်လုံးတွင် ထိုင်သည်။

စီးကရက်သောက်ပါဦး။ ဟားတူဒူရိုးက သူ၏ သိဟောင်းကျွမ်းဟောင်းလူကို ပြောသည်။ ဒယ်လ်ယာသည် အိမ်ခေါင်မိုးပေါ်ရှိ ဥယျာဉ်၏ လက်ရမ်းပေါ်တွင် ထိုင်နေသည်။ အရာရှိသည် သူ့ညာဘက် ဘွတ်ဖိနပ်ကို ဖိနပ်တိုက်သူထံ ထိုးပေးလိုက်သည်။ ဖိနပ်သန့်သောဆိုင်အတွင်းရှိ ကုလားထိုင်များ အားလုံးပေါ်မှာ အရွယ်ရောက်ပြီးသော ယောက်ျားကြီးများသည် ထိုင်ကာ ဆေးလိပ်သောက်ရင်း အသံချဲ့စက်မှ တူရကီဂီတသံကို နားထောင်နေကြသည်။ ဒယ်လ်ယာသည် ဝက်မြီးပုံဆံပင်တိုတွင် ဖဲကြိုးမျှင်နှင့် အထက်တန်းကျောင်းသူဆောင်း ဦးထုပ်ပျော့ကို ဆောင်းထားသော ကျောင်းသူလေးဖြစ်သည်။ လေယာဉ်ပျံပစ် အမြောက်များ ပစ်ခတ်နေသကဲ့သို့ ဒယ်လ်ယာသည် အိမ်ခေါင်မိုးပေါ်မှ လက်ရမ်းပေါ်တွင် ထိုင်နေလျက်ရှိသည်။ အရာရှိသည် ဟားတူဒူရိုးကို လေယာဉ်ပျံပစ် အမြောက်များ၏ ပြောင်းအကျယ်ကို ပြောပြလျက်ရှိသည်။ သုဘရာဇာက ရထားမောင်းသူ၏နားကို လက်သီးနှင့်ထိုးသည်။ အဘယ်ကြောင့်ဆိုသော် ဈေးဖိုးရသော ဝေစုကို သူ့အား ခွဲမပေးသောကြောင့် ဖြစ်သည်။ သူ့ ညာဘက် အင်္ကျီအိတ်ထဲတွင် ရှိနေသလား။ ဘယ်ဘက် အင်္ကျီအိတ်ထဲတွင် ရှိနေသလား။ ဘူလ်ဂေးရီးယန်းဘုရင်သည် မသိချေ။ ဂရုလည်း မစိုက်ချေ။

ဒယ်လ်ယာသည် အိမ်အမိုးပေါ်မှ ဆင်းလာခဲ့သည်။ လှေကားပေါ်မှာ သူမ အနည်းငယ် ခလုတ်တိုက်သွားသည်။ သို့သော် သူမအတွက် ပန်းခွေတစ်ခွေ ပြင်ဆင်ထားနှင့်ပြီး ဖြစ်သည်။ ဟားတူဒူရိုးနှင့် သုဘရာဇာတို့ ခေါင်းဖုန်းကို တွန်းဖွင့်လိုက်သောအခါ သူမသည် အရာရာကို မေ့လျော့သွားသည်။ စတုတ္ထထပ်မှ မြေညီထပ်အထိ တစ်လျှောက်လုံး ဒယ်လ်ယာ ရယ်မောနေသည်။ လေယာဉ်ပျံပစ် အမြောက်များ တဖျောက်ဖျောက် မြည်နေသည်။ ဒယ်လ်ယာသည် ကျောင်းပွဲတော်၌ ကျောင်းအလံ၏ အောက်တွင်ရပ်ရင်း သီချင်းဆိုနေသည်။ ဖလန်နယ်ဝတ်စုံဝတ် လူငယ်သည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ပြေးပွဲဝင်စဉ် ဝတ်သော ဘောင်းဘီတိုနှင့် ရပ်နေရင်း သီချင်းဆိုနေသည်။

ဖိနပ်တိုက်သူက ဟားတူဒူရိုး၏ ရှူးဖိနပ်ခုံသည် အနည်းငယ် ပါးနေပြီဖြစ်ကြောင်း သတိပေးသည်။ သိဟောင်းကျွမ်းဟောင်းသူက ဟားတူဒူရိုး၏ ရှူးဖိနပ်အရွယ်အစားနှင့် လေယာဉ်ပစ်အမြောက်များ၏ ပြောင်းအကျယ်ကို နှိုင်းယှဉ်ကာ နောက်ပြောင်နေသည်။ အရာရှိသည် တူရကီ ဂီတသံကို နားထောင်ရင်း တောက်ပြောင်သော သူ့ဘွတ်ဖိနပ်ကို လှုပ်ရမ်းနေ၏။ ဒယ်လ်ယာသည် ဖလန်နယ်ဝတ်စုံဝတ် လူငယ်ဆီသို့ သွားနေသည်။ သူသည် အူဇလာဇားဘိုရစ်တွင် နေထိုင်သည်။ သူတို့က ရထားကို မြင်းတင်းကုပ်ဆီသို့ အသားကျ မောင်းနှင်သွားသောအခါ ဒယ်လ်ယာသည် ရထားမောင်းသူ၏ မြင်းပုလေးများလို အားသွန်ကာ ပြေးရသည်။ ထို့နောက် သူတို့က မြင်းစားဂျုံကို စားသည်။ ပြီးတော့ သူတို့မျက်လုံးများကို ပိတ်လိုက်သည်။ တစ်နေ့သူတို့ လက်ထပ်မင်္ဂလာပွဲ တစ်ခုသို့ အသားကျကလေး ပြေးသွားရနိုင်သည်ဟု တောင့်တနေကြသည်။ ဒယ်လ်ယာသည် ဝတ်စုံဖြူနှင့် သတို့သမီး ဖြစ်သည်။ ဖြူညစ်ညစ် အရောင်ဖြစ်သည်။ သူမသည် အိပ်ယာပေါ်တွင် သူမ၏ ပန်းခွေနှင့်အတူ လဲလျောင်းနေသည်။ သတို့သား သေသည်။ မိန်းကလေး မိတ်ဆွေနှင့် တွဲမကနိုင်တော့။

ဖလန်နယ်ဝတ်စုံဝတ် လူငယ်သည် သူ့ဘာသာသူ အန္တရာယ် ရှာခဲ့သည်။ အရာရှိသည် တောင်ပြောင်သော ဘွတ်ဖိန်နှင့် သူ့မျက်နှာကို နင်းသည်။ ဒယ်လ်ယာသည် နောက်ကျမှ ရောက်လာသည်။ ဖလန်နယ်ဝတ်စုံနှင့် လူငယ်၏ တံခါးပေါက်ဝတွင် အရာရှိသည် ဘူလ်ဂေးရီးယန်းဘုရင့် ရုပ်ပုံဖြင့် (ထုတ်သော) စီးကရက်ကို သောက်နေသည်။ သေနတ်ပြောင်း တချို့ရဲ့ စီးကရက်၊ ဟားတူဒူရိုး၏ သိဟောင်းကျွမ်းဟောင်းလူက ပြောသည်။

ပြီးတော့ အရာရှိကို အရေးပေးသလို သူ့ဦးထုပ်ကို ချွတ်လိုက်သည်။ ဟားတူဒူရိုးသည် သူ့ရှူးဖိနပ် အောက်ခုံကို သံမှိုစွဲပြီးပြီ။ သူသည် ဖာထေားထားသော အပြာရောင် ခြေအိတ်တိုကို ဝတ်ဆင်ကာ ကုလားထိုင်မြင့်ပေါ်မှာ ထိုင်နေသည်။

ဖရူးတူဒူရိုးသည် ရပ်ဝေးမှ အိမ်သို့ ပြန်လာ၏။ ဒယ်လ်ယာသည် ပြတင်းပေါက်တွင် ရပ်ရင်း ကားဆီသို့ လက်များ ဝှေ့ယမ်းပြသည်။ အရာရှိက ရထားမောင်းသူကို ရက်ရက်ရောရော ဈေးဖိုးပေးခဲ့လျှင် သူသည် ဖလန်နယ်ဝတ်စုံနှင့် လူငယ်ကို သူ့မြင်းပုကလေးများဖြင့် မြေအောက်သို့ ထုတ်ဆောင်သွားလိမ့်မည်။ ရထားမောင်းသူသည် သုဘရာဇာနှင့်အတူ ခွဲဝေယူရပေလိမ့်မည်။ မြင်းပုအနက်လေးများသည် သတို့သားကို သစ်တောထဲသို့ ရုံးဆွဲသွားသည်။ ဒယ်လ်ယာသည် ပြတင်းပေါက်တွင်ရပ်ကာ သူတို့ကို လက်များဝှေ့ယမ်းပြနေသည်။ သူမသည် ဟားတူဒူရိုးတစ်ယောက် ဖိနပ်သန့်သည့် ဆိုင်အတွင်းမှ ဇနီးသည်နှင့်အတူ ဖိနပ်မပါဘဲ ပြေးထွက်လာသည်ကို မြင်ရသကဲ့သို့ ရယ်ပြီးရင်း ရယ်နေသည်။ ဒယ်လ်ယာ ငိုနေသဖြင့် ဟားတူဒူရိုးက သူမကို အိပ်ယာ (သံမဏိပြွန်များနှင့် ပြုလုပ်ထားသော အိပ်ယာ) ပေါ်လှဲသိပ်သည်။ နောက်နေ့တွင် ဒယ်လ်ယာ ရယ်မောနေပြန်သည်။ ထို့နောက် သူမ သေဆုံးသွား၏။ ဓာတ်ပုံပေါ်က ဘုရားသခင်၏ မယ်တော်အပါး လူသေဖုံးသည့် အဝတ်ဖြူအောက်မှာ သူမသေဆုံးနေသည်။ သူမ၏ လက်များကို ထပ်ကာ ပြင်ဆင်ပေးခဲ့ကြ၏။

ဟားတူဒူရိုးက ရထားမောင်းသူ သုဘရာဇာနှင့် ကျွန်ုပ်ကို ပေးသော စီးကရက်မှာ သက်တမ်း နှစ်ဆယ့်ငါးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အနံ့အသက်ပင် ကင်းမဲ့နေလေပြီ။


(ဂျာမန်စာရေးဆရာ Manfred march ၏ Dalya ကို ပြန်ဆိုသည်။)

(ရုပ်ရှင်ကောင်စီ မဂ္ဂဇင်း၊ ၁၉၈၀)
(ပြာဖြစ်သွားသောပန်းသီးနှင့် အခြားမော်ဒန်ဝတ္ထုတိများ၊ ၂၀၀၅)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...