ဦးသိန်းစိန်ဘာလုပ်မလဲ၊ ဘာလုပ်သင့်သလဲ?
by Myo Set on Tuesday, December 11, 2012 at 8:59am
"ဦးသိန်းစိန် တောင်းပန်ဖို့မလို။"
"ဦးသိန်းစိန်တောင်းပန်သင့်တယ်။"
နှစ်ဖက်အမြင်တွေပါ။ ဒီအမြင်တွေကိုကြားနေရတာ ဒီရက်ပိုင်းအတွင်းမှာဖြစ်ပါတယ်။ ကျနော်ကတော့ ဥိီးသိန်းစိန်အနေနဲ့ တောင်းပန်မှုမျိုးကို လုပ်သင့်တယ်လို့မြင်ပါတယ်။
ဘာကြောင့် ဒီလိုမြင်သလဲဆိုတဲ့ ကိစ္စကို ရေးပါမယ်။
(၁) နုသစ်စ ဒီမိုကရေစီ
အခုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးခြေလှမ်းတွေကို အနောက်ဖက်နိုင်ငံတွေက ချီးပနေကြပါတယ်။ အပြည့်အဝ ယုံကြည်မှုနဲ့မဟုတ်ပေမယ့် သူတို့အကျိုး+ဆက်ဆံလို့ရလာနိုင်တဲ့အနေအထားတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒီသဘောတရားကို မြန်မာနိုင်ငံကို လာလည်ခဲ့တဲ့ အမေရိကန်သမ္မတအိုဘားမားရဲ့ မြောက်ကိုးရီးယားကို မြန်မာအားအတုယူဖို့ ပြောခဲ့ခြင်းမှာ အထင်အရှားတွေ့နိုင်ပါတယ်။ သမ္မတအိုဘားမား ရောက်လာခြင်းဟာ နုသစ်စ ဒီမိုကရေစီခြေလှမ်းများကို အားပေးဖို့ဖြစ်တယ်လို့ အတိအလင်းဆိုသွားပါတယ်။ ဒီလို နုသစ်စ ဒီမိုကရေစီ အနေအထားဖြစ်တယ်လို့ ဆိုရခြင်းကလဲ စာနယ်ဇင်းလွတ်လပ်ခွင့်ရလာတာ၊ အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာပြောရေးဆိုခွင့်ရလာတာ၊ ဆန္ဒထုတ်ဖော်ခွင့်ရလာတာ၊ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးခဲ့တာ၊ ပြည်သူအလိုမကျတဲ့ မြစ်ဆုံစီမံကိန်းကို ၇ပ်တန့်လိုက်တာ စတဲ့ အရေးပါတဲ့ Benchmarks များကိုဖြတ်ကျော်ပြီးမှ အသိအမှတ်ပြုခံလာရတာဖြစ်လို့ပါ။
ဒါပေမယ့် အများသိကြတဲ့အတိုင်း ဒီအနေအထားဟာ အချိန်မရွေး ပြောင်းပြန်ဖြစ်သွားနိုင်တဲ့အနေအထားတစ်ရပ်ဖြစ်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေအရ ကာလုံ အဖွဲ့ဟာ လုပ်ပိုင်ခွင့်ပိုမိုရရှိထားတာကြောင့် အချိန်မရွေး စစ်တပ်ဟာ အရပ်ဖက်နိုင်ငံရေးကို ဝင်စွက်နိုင်တဲ့အနေအထားတစ်ရပ်ဖြစ်နေပါတယ်။ ဒါကို လျှော့ချပစ်ဖို့ ယနေ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်နေကြဆဲဖြစ်ပါတယ်။ဒီလိုယုံကြည်မှုတည်ဆောက်နေကြဆဲကာလမှာ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အပြုအမူတစ်ရပ်ရပ်ဟာ အမှားအယွင်းဖြစ်လာခဲ့ရင် လူထုရဲ့ ယုံကြည်မှု ကျဆင်းသွားနိုင်ပြီး ဒီလို Weak ဖြစ်သွားတဲ့အခြေအနေအပေါ် ကာလုံမှ အခွင့်ကောင်းယူကာ အာဏာတရားမဝင်သိမ်းခြင်းမျိုး ထပ်ဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်။ အာဏာတရားဝင်သိမ်းတာကတော့ ဖြစ်နိုင်ချေနည်းမှာပါ။ တရားမဝင်သိမ်းတယ်ဆိုတာက လက်ရှိ နာမည်ကောင်းတစ်ဆင့်ပြီးတစ်ဆင့််ရလာကာ လူထုယုံကြည်မှုကို သိမ်းပိုက်စပြုလာတဲ့ ဦးသိန်းစိန်ကို ဖယ်ရှားပြီး ရုပ်သေးသမ္မတတစ်ယောက်အစားထိုးခြင်းကို ရည်ရွယ်ပါတယ်။
(၂) အာဏာရှင်တို့ရဲ့စရိုက်
အာဏာ၇ှင်နိုင်ငံမှာ နိုင်ငံရဲ့အရေးပါတဲ့ကိစ္စရပ်တော်တော်များများကို အာဏာ၇ှင်တွေကပဲ တိုက်၇ိုက်ကွပ်ကဲပါတယ်။ သူတို့လုပ်ရပ်မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သတင်းထုတ်ပြန်ခြင်း၊ တာဝန်ယူခြင်းမျိုးဟာ အတော်ကိုနည်းပါးတာကိုတွေ့ရမှာပါ။ အထူးသဖြင့် နာဂစ်မုန်တိုင်းမှာ ဂရုစိုက်မှုပေးဖို့ပျက်ကွက်ခဲ့တာ၊ ၂ဝဝ၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ကျူးလွန်ခဲ့တာတွေကို ဝန်ခံဖို့လုံးဝ စကားဥိးမသန်းခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ အာဏာ၇ှင်တွေဟာ ဒီလို ဝန်ခံခြင်းကို ပျော့ညံ့ခြင်းလို့ ယူဆလေ့ရှိတတ်ကြပါတယ်။ တင်းမာကြံ့ခိုင်တဲ့အသွင်သဏ္ဍာန်ကိုဖော်ပြမှသလျှင် လူထုကိုအကြောက်တရားနဲ့ အုပ်ချုပ်နိုင်မယ်လို့ ယုံကြည်ကြတဲ့အတွက်ဖြစ်ပါတယ်။ ဒီလို အနေအထားတစ်ရပ်မှာ ဦးသန်းရွှေ နအဖ ကောင်စီကို ကွပ်ကဲစဉ်က ဘာမှ လူထုနဲ့တိုက်ရိုက်မထိတွေ့ခဲ့တာ၊ လူထုရဲ့ ဖိအားပေးမှုကို လုံးဝရှောင်ခဲ့တာတွေမှာ တွေ့နိုင်မှာပါ။ ဒီလို ဖြစ်ရခြင်းကလဲ အုပ်ချုပ်ပုံစံနစ်သည် အာဏာရှင်စံနစ်(အာဏာသိမ်းအစိုးရ) ဖြစ်ပြီး လူထုထောက်ခံမှု၊ လူထုဆန္ဒမဲနဲ့သွားတဲ့ စံနစ်မဟုတ်သောကြောင့်ဖြစ်ပါတယ်။
(၃) ဒီမိုကရေစီမှာဆိုရင်
အခုမြန်မာနိုင်ငံရဲ့ အနေအထားဟာ ဒီမိုကရေစီမဟုတ်သေးပါ။ Quasi-Democracy လို့ပြောရင်တောင် နည်းနည်းလျော့နေဆဲဖြစ်ပါမယ်။ ဒါပေမယ့် အဲ့ဒီကို သွားနေတဲ့လမ်းကြောင်းပေါ်နေပြီဆိုပြီး အတိုက်အခံခေါင်းဆောင်နဲ့ အစိုးရပိုင်းက ထပ်တလဲလဲပြောနေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ လူထုကေ၇ွးကောက်တင်မြှောက်တဲ့အစိုးရတစ်ရပ်ဖြစ်၇ပါတယ်။ ဒီမိုကရေစီမှာ လူထုကို ပစ်ပါယ်ထားလို့မ၇ပါ။ လူထုဆန္ဒသည် အခရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစံနစ်မှာ ခေါင်းဆောင်တွေဟာ လူထုနဲ့ တစ်သားတည်းရှိကြောင်း (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ပြသကြရတာ ထုံးစံပဲဖြစ်ပါတယ်။အခု ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေတယ်လို့ ကမ္ဘာကိုလဲကြေငြာ၊ လူထုကိုလဲ ယုံကြည်အောင်လုပ်ဆောင်ပြနေတဲ့ ဦးသိန်းစိန်အနေနဲ့ လူထုနဲ့ တစ်သားတည်းရှိကြောင်းပြသဖို့တော့ လိုအပ်ပါလိမ့်မယ်။ လူထုကို ပစ်ပါယ်မထားကြောင်း ပြသဖို့တော့ လိုအပ်ပါလိမ့်မယ်။ ယခင် အာဏာရှင်စံနစ်မှာ ဦးသန်းရွှေအနေနဲ့ Hardliner တစ်ဦးအနေနဲ့ သူ့ရဲ့ Iron Fist ကို မဖြေလျော့ဘဲ အာဏာကို တည်ဆောက်ခဲ့ပေမယ့် ဦးသိန်းစိန်လို အာဏာထီး၇ိပ်တစ်ခုအောက်က ခေါင်းဆောင်(Supposedly Weak Leader under influence of Previous General) တစ်ဦးအနေနဲ့တော့ လူထုထောက်ခံမှုကို ရအောင်ယူုပြီး လုပ်ပိုင်ခွင့်နဲ့ အာဏာကိုတည်ဆောက်ယူဖို့လိုကောင်းလိုပါလိမ့်မယ်။
ဒီလိုအနေအထားမှာ ဦးသိန်းစိန်ဟာ လက်ပံတောင်းတောင်စီမံကိန်းသပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွဲမှုနဲ့ပတ်သက်ပြီး တောင်းပန်မှုမျိုးလုပ်ဖို့၊ နှစ်သိမ့်အားပေးမှုမျိုးလုပ်ဖို့ကိုတော့ လိုအပ်မှာအမှန်ပါပဲ။ဒါမှသာ ဒီအကြပ်အတည်းကနေ လွတ်မြောက်ဖို့ လွယ်ကူမှာပါ။
(၄) ပြီးခဲ့တဲ့သင်ခန်းစာ
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက အဖြစ်ကိုပြန်လည်သတိရမိပါတယ်။ ပခုက္ကူသံဃာတော်တွေနဲ့ အစိုးရစစ်တပ်နဲ့ဖြစ်တဲ့ ပဋိပက္ခမှာ သံဃာတော်တွေက သူတို့ထံ ဝန်ချတောင်းပန်ဖို့ တောင်းဆိုတာကို မသိချင်ယောင်ဆောင်ပြီး နှိမ်နင်းခဲ့တဲ့အတွက် နိုင်ငံရေးမှာ အာဏာ၇ှင်အစိုးရ အ၇ှိုက်ထိခဲ့ရပါတယ်။ ပိုမိုဖိနှိပ်ပြပြီး အကြောက်တရားကို ကြီးစိုးအောင်လုပ်ခဲ့ပေမယ့် နာဂစ်မုန်တိုင်းအပြီးမှာ ၂ဝဝ၈ အခြေခံဥပဒေကိုဖန်တီးပြီး အဆင်းလမ်းသက်သာအောင် ဖန်တီးသွားခဲ့ရတာဟာ ဖိနှိပြခြင်းနဲ့ အစိုးရတစ်ရပ်အနေနဲ့ ယူသင့်တဲ့တာဝန်ကို မယူခဲ့ခြင်းတွေရဲ့ နောက်ဆက်တွဲလို့မြင်နိုင်မှာပါ။ ၁၉၈၈ ကာလအတွင်းကလဲ အာဏာရှင်ဦးနေဝင်းဟာ လူထုကို စော်ကားတဲ့စကားတွေပြောခဲ့ပြီး မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ ဆင်းသွားခဲ့ရပါတယ်။ လူမြင်သူမြင် ထွက်မလာနိုင်တော့ပါ။ ဒါတွေကို ဦးသိန်းစိန်အနေနဲ့ အတွင်းကျကျသိရှိထားပြီးဖြစ်မှာပါ။ ဒါတွေကနေ သင်ခန်းစာထုတ်တတ်ဖို့လိုပါတယ်။
(၅) ဂါရဝေါစ၊ နိဝါတောစ မင်္ဂလာ
ရိုသေထိုက်သူကိုရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်းဟာ မင်္ဂလာဖြစ်ပါတယ်။ သံဃာတော်တွေဟာမြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေးတွေမှာ ဖယ်ထားလို့မရတဲ့ Class တစ်ခုဖြစ်ပါတယ်။ သံဃာဆောင်ရင် လူထုပါလာပါတယ်။ ဒါကြောင့် ဒီသံဃာတော်တွေကို အထူးအလေးပေးဖို့လိုအပ်ပါတယ်။ ဘာသာရေးအရမဟုတ်ရင်တောင် နိုင်ငံရေးအရ လေးစားသမှု အများကြီးထားဖို့လိုအပ်ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ ဒီအကြမ်းဖက်နှီမ်နင်းမှုကို တောင်းပန်ခြင်းဟာ နှစ်ဖက်ကျေနပ်စရာ မင်္ဂလာတစ်ခုသာဖြစ်လာနိုင်ပါတယ်။ သံဃာတော်တွေဟာ တောင်းပန်ဝန်ချတဲ့ ဦးသိန်းစိန်ကို ရာထူးက အခုဆင်းလို့ ပြောမယ့်အနေအထားမှာ ရှိနေကြတဲ့သူတွေမဟုတ်ပါဘူး။ ခပ်ရှင်းရှင်းပြောရရင် သံဃာတော်တွေဟာ နိုင်ငံရေးရည်မှန်းချက်တစ်ခုနဲ့လွှတ်တော်ထဲတက် အာဏာယူမယ့်သူတွေမဟုတ်ပါဘူး။ ဒါကြောင့် ဒီလို တောင်းပန်သမှု ပြုခြင်းဟာ ဦးသိန်းစိန်ရဲ့ Public Relation Skill ကို ထုတ်ဖော်ပြသရာလဲေ၇ာက်နိုင်သလို ဘယ်စစ်တပ်ခေါင်းဆောင် (ဦးနေဝင်းနဲ့သူ့နောက်လိုက်များ)ကမှ မရဘူးတဲ့ လေးစားသမှုနဲ့ ယုံကြည်မှုကို ရရှိခြင်းဆိုတဲ့ အကျိုးအမြတ်ပါ ရလာနိုင်ပါတယ်။
(၆) လူထုယုံကြည်မှု
လူထုယုံကြည်မှုဆိုတာ နိုင်ငံရေးမှာအသက်ပဲဖြစ်ပါတယ်။ အာဏာရှင်စံနစ်မှာ နောက်လိုက်လက်နက်ကိုင်တောင့်တင်းမှုက အခရာကျပါတယ်။ ဒီမိုကရေစီပုံစံသွားရင် လူထုထောက်ခံမှုက အဓိက ကျပါတယ်။ ဒါကြောင့် Reformist လို့ နာမည်ရနေတဲ့ဥိးသိန်းစိန်အနေနဲ့ လူထုအငြိုငြင်မခံဖို့ ကို အထူးပဲ လိုအပ်ပါတယ်။ လူထုယုံကြည်မှုရသွား၇င် ဒီနိုင်ငံရေးသမားတစ်ဦးဟာ ဆေးကြိမ်လုံးရသလို ဖြစ်လာနိုင်ပါတယ်။ ဒါကို မြင်တတ်ဖို့လဲ လိုပါလိမ့်မယ်။ ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေရဲ့ အမှားကို တာဝန်ယူတောင်းပန်ခြင်းအားဖြင့် နာယက ဂုဏ်နဲ့ပြည့်စုံတယ်ဆိုတဲ့ အမှတ်တစ်ခုလဲရမှာဖြစ်သလို၊ အရေးအကြီးဆုံး လူထု ထောက်ခံမှုကိုပါ ရလာနိုင်မယ်လို့ မြင်မိပါတယ်။
(ဆန့်ကျင်ဖက်အမြင်တွေကိုကြားချင်ပါရဲ့)
0 comments:
Post a Comment