မရှိခဲ့သလိုမျိုး
by Mar Ga Luelin on Tuesday, November 20, 2012 at 11:50pm ·
သေဆုံးသွားတဲ့အခါ အကျိုးအပြစ်တွေ စစ်ဖို့
ဘုရားသခင် , ငရဲ မင်းကြီး , သိကြားမင်း
အမည်မဖော်နိုင်သူ ဘယ်သူနဲ့ပဲတွေ့တွေ့
ဘာ ကုသိုလ်တွေလုပ်ခဲ့
ဘာ အကုသိုလ်တွေလုပ်ခဲ့သလဲမေးရင်
ဘာမှ ဖြေနိုင်မယ်မထင်ဘူး
လွန်ခဲ့သောတပါတ်က ဘာဟင်းနဲ့စားခဲ့သလဲတောင်
အခု အချိန်မှာမေးရင် ပြန်သတိမရ . . .
နှင်းမိုးတွေ ရွာချတဲ့အခါ
နေပူပူ အောက်မှာ
ခံစားတတ်တဲ့ မှတ်ညဏ်
သတိရစေတတ်တဲ့ နှလုံးသား လုံးပါးပါးလာ
ညီမလေးရဲ့ မြေပုံကို မမြင်ဖူး
အဖွားရဲ့ မြေပုံ ကို မရောက်တော့ဘူး
တနေ့တော့ပြန် တွေ့ရမယ် . . . တဲ့
တယောက်ပြီးတယောက် လက်ပြသွားကြတာလဲ များပြီ . . .
စား ၀တ် နေ ရေး . . . လုံးထွေး
တခါတလေ သူတို့မရှိခဲ့သလိုမျိုး
တခါတလေ သူတို့ ပျောက်သွားသလိုမျိုး
ဇာနည်ရေ . . . မင်းနဲ့ငါ ပြောခဲ့သလို
လက်ဖ၀ါးက အသက်လမ်းကြောင်းတိုနေလို့ ပြတ်နေလို့
သေဆုံးရကြေးဆိုရင် ငါလည်း သက်တမ်းတ၀က်ပါပဲကွာ . . . ညီလေး
အေးအေး . . . မင်းကတော့ ဆိုင်ကယ်တစီးနဲ့သက်သေပြသွားခဲ့ပြီ
ငါကရော ဘယ်လိုသက်သေပြဦးမလဲ မသိရသေး . . .
အခု လက်ရှိ မိတ်ဆွေတွေ
အခု လက်ရှိ ရန်သူတွေ
အခု လက်ရှိ စကားပြောနေတဲ့ လူတွေ
အခု လက်ရှိ လှုပ်ရှားသွားလာနေတဲ့လူတွေ
နောင်နှစ်ပေါင်းတရာကျော်မှာ ရပ် တန့် သွား ကြ မှာ ပါ . . .
သူတို့မရှိခဲ့သလိုမျိုး
သူတို့ မ ရှိ ခဲ့ သ လို မျိုး . . .
မာဃသစ္စာ
0 comments:
Post a Comment