နိုင်ငံများ ကျဆုံးခြင်း (သို့မဟုတ်) ခေတ်သစ် ကျေးညီနောင်ပုံပြင်
by Lu Cifer on Saturday, August 4, 2012 at 2:52am ·
နိုဂဲလက်စ် မြို့ကလေး၏ အလယ်တွင် တံတိုင်းကာထားသည်၊ နယ်နိမိတ်တံတိုင်းဟု ဆိုရမည်၊ တံတိုင်း၏ မြောက်ပိုင်းသည် အမေရိကန် ပြည်ထောင်စု၊ အရီဇိုနားပြည်နယ် အပိုင်ဖြစ်ပြီး တောင်ပိုင်းမှ မက္ကဆီကို၏ ဆိုနိုရာပြည်နယ်အပိုင်းဖြစ်သည်။
ဇာတ်လမ်းမှာ ဤသို့ဖြစ်သည်။
အမေရိကား ဘက်အခြမ်းတွင် နေထိုင်သော နိုဂဲလက်စ်မြို့သားများမှာ ချမ်းသာကြသည်၊ စာတတ်ကြသည်၊ ကျန်းမာရေး ကောင်းကြသည်၊ ဒုစရိုက်မှု နည်းသည်၊ ရွေးကောက်ပွဲများက ဒီမိုကရေစီ ပိုကျသည်၊ ခြံစည်းရိုးချင်း ကပ်နေ၊ လူမျိုးချင်းလည်း အတူတူ ဖြစ်သည့်တိုင်အောင် မက္ကဆီကို ဘက်အခြမ်းမှ နီဂဲလက်စ်မြို့သားများ၏ အခြေအနေမှာ (မက္ကဆီကိုမှ တခြားမြို့မှာနှင့် နှိုင်းယှဉ်လျှင် အခြေအနေ ကောင်းသည်ဟု ဆိုနိုင်သော်လည်း) အမေရိကားဘက်အခြမ်း နီဂဲလက်စ်မြို့သားများနှင့် ပြောင်းပြန် ဖြစ်သည်။
အထက်ပါနိမိတ်ပုံသည် ဒါရွန်း စီမိုးဂလူး Daron Acemoglu နှင့် ဂျင်းမ်ရော်ဘင်ဆင် James Robinson တို့ ရေးသည့် နိုင်ငံများ ကျဆုံးရခြင်း Why Nations Fail စာအုပ်၏ အဖွင့်နိဒါန်းဖြစ်သည်။
ဥပမာ ဆိုကြပါစို့။ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံဝင် နော်ဝေ၏ ကြွယ်ဝမှုသည် အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် ဘရွန်ဒီထက် အဆပေါင်း ၅၀၀ နီးပါး ပိုသည်။ တဦးချင်း ၀င်ငွေမှာ ကမ္ဘာ့ဘဏ်၏ စာရင်းအရ အမေရိကန်ဒေါ်လာ ၈၄၂၉၀ နှင့် ၁၇၀ အသီးသီး ရှိကြသည်။
ထိုကဲ့သို့ ကွာဟချက်အပေါ် စီးပွားရေး ပညာရှင်များ အကြားမှာ ချဉ်းကပ်ပုံနှင့် ကောက်ချက်များ အနည်းနှင့်အများ ကွာခြားနိုင်ပါသည်၊ သို့သော် အများဆုံး ဆွေးနွေးကြသည့် အကြောင်းအရာမှာ Good Institutions ကောင်းမွန်သော အင်စတီကျူးရှင်းများ ကိစ္စဖြစ်ပါ
သည်။ ဆိုကြပါစို့။ လူတွေကို အလုပ် ကြိုးစားလာအောင်၊ စီးပွားရေးအရ ထုတ်လုပ်မှု တိုးတက်လာစေရန်၊ ထိုမှတဆင့် တဦးချင်းမှ တနိုင်ငံလုံး တိုးတက်ကြီးပွား ချမ်းသာလာစေရန် စေစားသော ဥပဒေနှင့် အလေ့အကျင့်များနှင့် ဆိုင်သည်။
ဂဲလက်စ်မြို့ပုံပြင်အကြောင်းကို Why Nations Fail တွင် ဤသို့ဆိုထားပါသည်။
အရီဇိုးနား (အမေရိကား) အပိုင် နိုဂဲလက်စ်သည် ဆိုနိုရာ (မက္ကဆီကို) အပိုင် နိုဂဲလက်စ်ထက် များစွာ ချမ်းသာကြွယ်ဝရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ နယ်စပ်မျဉ်းကို ကျောချင်းကပ် နေထိုင်ကြသူများကြားတွင် မတူညီသော စေ့ဆော်မှုများ (Incentives) ရှိနေသော ကြောင့်ဖြစ်သည်။
တနည်းအားဖြင့် အမေရိကန်နှင့် မက္ကဆီတို့ကြားက နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အင်စတီကျူးရှင်းများက ဆင်းရဲချမ်းသာကို အဆုံးအဖြတ် ပေးသွားခြင်းဖြစ်သည်။ ဥပမာဆိုရလျှင် ပုဂိလက ပိုင်ဆိုင်မှု ဆိုကြပါစို့၊ အကျိုးအမြတ်ရှိလျှင် လူတိုင်း အလုပ် ကြိုးစားကြမည်၊ အခွင့်အလမ်းနှင့် အကျိုးအမြတ်နည်းလျှင် အလုပ်မကြိုးစားချင်၊ မိမိ အလုပ်ကြိုးစားပင်ငြား ရလာသည့် အကျိုးအမြတ်အပေါ် တနည်းနည်းဖြင့် ခေါင်းပုံဖြတ်ခံရ၊ သို့မဟုတ် တနည်းနည်းဖြင့် လုယူ သိမ်းယူခံရဖွယ်ရှိလျှင် လုပ်ချင်ကိုင်ချင် စိတ်နည်းမည်၊ လူတဦးချင်းက လေးဖင့်နေသော လူ့အဖွဲ့အစည်းတခုလုံး ထိုင်းမှိုင်း နေမည်။ ရိုးရှင်းပါသည်။
ကမ္ဘာပေါ်တွင် နိုဂဲလက်စ်ကဲသို့ပင် နောက်ထပ် ဥပမာများစွာရှိသေးသည်။
တောင်နှင့် မြောက်ကိုရီယား၊ အရှေ့နှင့် အနောက်ဂျာမနီ (ဆိုဗီယက်မပြိုခင်) တို့သည်လည်း ပထ၀ီဒေသချင်း၊ ယဉ်ကျေးမှုချင်း၊ ရာသီဥတုချင်း၊ အစားအသောက်နှင့် ပျံ့နှံ့သည့် ပိုးမွှားအဆုံး အားလုံး အတူတူ၊ သို့သော် နိုင်ငံသားများ၏ လူနေမှု အဆင့်အတန်းမှာ မိုးနှင့် မြေကဲ့သို့ ကွာခြားသည်။
အင်စတီကျူးရှင်း ကွာဟချက်ကြောင့်ဟု ယတိပြတ် ပြောနိုင်ပါသည်။ (အင်စတီကျူးရှင်းများ စတင်ပေါ်ပေါက်လာရသည့် နောက်ခံ အကြောင်းရင်း များစွာ ရှိနိုင်ပါသည်၊ ထိုကိစ္စကို ဤဆောင်းပါးတွင် မဆွေးနွေးတော့ပါ)
Why Nations Fail တွင် ဒါရွန်း စီမိုးဂလူး နှင့် ဂျင်းမ်ရော်ဘင်ဆင်တို့ အဓိက ဇောင်းပေးသည်မှာ တိုင်းပြည် ဖွံ့ဖြိုးရေးတွင် အများကို လမ်းဖွင့်ပေးသာ စီးပွားရေးနှင့်လူမှုရေးစနစ်များသည် တခြားသော အကြောင်းရင်းများထက် အရေးကြီးသည်ဆိုသောအချက်ဖြစ်သည်၊
ဆိုကြပါစို့။ Inclusive Economic and Political Institutions ကိစ္စဖြစ်ပါသည်။ လူတိုင်း မိမိတို့၏ အကောင်းဆုံး အရည်အချင်းများကို မိမိဆန္ဒအတိုင်း (လွတ်လွတ်လပ်လပ်) ထုတ်ဖော် လုပ်ကိုင်နိုင်သည့် စနစ်ကို ဆိုလိုပါသည်။
စီးပွားရေးအပိုင်းကို ကြည့်ကြရအောင်။
“Inclusive economic institutions…are those that allow and encourage participation by the great mass of people in economic activities that make best use of their talents and skills and that enable individuals to make the choices they wish.”
တောင်နှင့်မြောက်ကိုရီးယား ဥပမာဆိုကြပါစို့။ တောင်ကိုရီးယားနိုင်ငံသားများ သည် ပညာတတ်ကြသည်၊ ကိုယ်ပိုင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုရှိသည်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ထူထောင် လုပ်ကိုင်နိုင်သည်၊ ကုန်စည်နှင့် ၀န်ဆောင်မှုများကို ထုတ်ရောင်းနိုင်သည်။ လွတ်လပ်ဈေးကွက် ရှိသည်။ အပေါင် စာချုပ်ဖြင့် အိမ်ဝယ်နိုင်သည်၊ ထိုလှုံ့ဆော်မှု (Incentive) များ ကြောင့် အလုပ်ကြိုးစားကြသဖြင့် ပို၍ပို၍ ချမ်းသာ လာကြသည်၊ သို့သော် မြောက်ကိုရီးယား အခြေအနေမှာ ပြောင်းပြန်ဖြစ်သည်။
အထက်ပါ Inclusive Economic Institutions စီးပွားရေး ရေခံမြေခံ များကို ဖန်တီးသော အရာမှာ နိုင်ငံရေးစနစ်ဟု Why Nations Fail တွင် အတိအလင်း ဆိုထားပါသည်။ Inclusive Political Institutions ဟု ဆိုကြပါစို့။ အာဏာသည် လူတဦး၊ လူတစု၏ လက်ထဲတွင် မရှိဘဲ လူမှု အသိုက်အ၀ိုင်းတွင် ဖြန့်ကျက်ထားပြီး ထိန်းကြောင်းမှုရှိသော စနစ်ကို ဆိုလိုပါသည်။
“...political institutions that distribute power broadly in society and subject it to constraints…. Instead of being vested in a single individual or a narrow group, [inclusive] political power rests with a broad coalition or a plurality of groups.”
ဥပမာ ဗြိတိန်နှင့် အမေရိကားတွင် သက်တမ်းရှည်ကြာ ကျင့်သုံးနေသော စနစ်ဖြစ်ပြီး တောင်ကိုရီယားက မကြာသေးခင်က ကျင့်သုံး လာခဲ့ပါသည် မြောက်ကိုရီးယားတွင် ထိုစနစ်မရှိပါ။
ဤနေရာတွင် Inclusive Political Institutions မရှိဘဲ စီးပွားရေး တိုးတက်နေသော မျက်မှောက်ခေတ် တရုတ်ပြည်နှင့် ပတ်သက်၍ မေးစရာေ ပ်ါလာနိုင်ပါသည်။ တရုတ်ပြည်ဘာကြောင့် မကျဆုံးရသနည်း၊ Why Nations Fail တွင် ထိုကိစ္စကို အဖြေပေးထားပါသည်။
သူတို့ အသုံးအနှုန်း အရ လူနည်းစုက လူများစုအပေါ် အမြတ်ထုတ်သော နိုင်ငံရေး Extractive Political Institutions သည် ရံဖန်ရံခါ စီးပွားရေး တိုးတက်မှုကို ဖန်တီးပေးနိုင်သော်လည်း သက်ဆိုးမရှည်နိုင်။ အကြောင်းမှာ ရေရှည်တည့်တံ့မည့် စီးပွားရေး ဖွံ့ဖြိုးမှုသည် တီထွင်မှုနှင့် နည်းပညာ အပြောင်းအလဲ များ အပေါ်မှာ အခြေခံ တည်ဆောက်ရသောကြောင့်ဟု ဆိုထားပါသည်။ Extractive Institutions များသည် တီထွင် ဆန်းသစ်မှုကို အားမပေး။ Extractive Institutions စနစ်မှာ ရှိနှင့်ပြီးသား နည်းပညာကို အားထားရသဖြင့် တချိန်တွင် အားကုန်ပြီး ပြိုကျ ပျက်စီးသွားမည်ဟု ဆိုပါသည်။ (ဥပမာ ဆိုဗီယက် ပြည်ထောင်စုနှင့် အော်တိုမန် အင်ပါယာတို့ ကျဆုံးသွားပုံမျိုး)၊ ထို့ကြောင့် ပြုပြင် ပြောင်းလဲမှု များကို လက်မခံလျှင် တရုတ်ပြည် လည်း တနေ့မှာ မုချ ကျဆုံးသွားရမည် ဟောပါသည်။
Why Nations Fail တွင် တင်ပြထားချက်များနှင့် ပတ်သက်၍ ရာနှုန်းပြည့် ရေပက်မ၀င်ဟု မဆိုနိုင်သော်လည်း ဆက်လက်ဆွေးနွေးစရာ၊ ဆင်ခြင်စရာများ အပြည့်ရှိနေသည်က အမှန်ဖြစ် သည်။ ဥပမာ ဆိုကြပါစို့။
ပညာရှင်အသိုင်းအ၀ိုင်းတွင် အစဉ်အဆက် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော အချက်ရှိသည်။ အီကွေတာနှင့် တောင်နှင့်မြောက် (၂၃။ ၂ ပိုင်း ၁ ပိုင်းမျဉ်းကြားက ရပ်ဝန်းတွင် ကျရောက်သော အာဖရိက နိုင်ငံများသည် ရာသီဥတုနှင့် ရေခံမြေခံကြောင့် ရောဂါထူ၊ ကလေးသေပျောက်နှုန်းများပြီး ဆင်းရဲကြသည်၊ Why Nations Fail က ထိုအဆိုကို လက်မခံ။ စောဒက တက်ပါသည်၊ ရောဂါထူ ရသည့် အကြောင်းသည် အစိုးရ၏ ညံ့ဖျင်းမှု၊ သို့မဟုတ် ပြည်သူအပေါ် စေတနာ အားနည်းခြင်း၏ အကျိုးဆက်ဖြစ်သည်၊ ထိုကြောင့် ဆင်းရဲရခြင်း၏ အကြောင်းရင်းမဟုတ်။
နိုင်ငံရေးစနစ်၏ အကျိုးဆက်ဟု ဆိုသည်၊ အလားတူ (ဆာဟာရတပိုင်း အာဖရိက နိုင်ငံများတွင်) စိုက်ပျိုးရေး ထုတ်ကုန် ကျဆင်းခြင်း၊ တိုးတက်ရခြင်းသည်လည်း မြေဆီလွှာ၏ အရည်အသွေးက အကြောင်းရင်း မဟုတ်၊ မြေယာ ပိုင်ဆိုင်မှုဆိုင်ရာစနစ်များနှင့် အစိုးရနှင့် နိုင်ငံတွင်းရှိ စနစ်များ၏ အကျိုးဆက်ဟု ဆိုပါသည်။ (ရာသီဥတုမျှတ၊ မြေသြဇာကောင်းသော နိုင်ငံများ ကျဆုံးနေခြင်းအတွက်မှု အင်စတီကျူးရှင်းပြဿနာကိုပင် ယတိပြတ် အပြစ် ပုံချနိုင်ပါလိမ့်မည်-စကားချပ်)
ပြန်ချုပ်လျှင် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကျဆုံးခြင်းသည် အင်စတီကျူးရှင်းများအပေါ် မူတည်သည်။
အတိအကျဆိုရလျှင် နိုင်ငံရေး အင်စတီကျူးရှင်းက အခရာကျသည်။ Inclusive Political institutions က Inclusive Economic institutions ကို မွေးဖွားပေးပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်စေမည့် ချမ်းသာသုခစက်ဝန်း (Virtuous circle)ကို ဖန်တီးသည်။ ဆန့်ကျင်ဘက်အနေဖြင့် Extractive Political Institutions က Extractive Economic Institutions ကို မွေးဖွားပေးပြီး တိုင်းပြည် ဆင်းရဲတွင်း နက်စေမည့် အဆိုးသံသရာ (Vicious Circle) ကို ဖန်တီးသည်။
ထို့ကြောင့် Why Nations Fail ၏နောက်ဆုံးကောက်ချက်ကပြတ်သားသည်။ နိုင်ငံများ ကျဆုံးရသည့် အဓိက အရင်းအမြစ်ဖြစ်သည့် လူတစုက ခြယ်လှယ်ထားသော နိုင်ငံရေးစနစ် ပြဿနာကို အရင် မဖြေရှင်းဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်းတီးမည့်ဆိုသော ကြိုးပမ်းချက်သည် အဟောသိကံ ဖြစ်ဖို့ များသည်ဟု ဆိုပါကြောင်း၊
“Attempting to engineer prosperity without confronting the root cause of the problems—extractive institutions and the politics that keeps them in place—is unlikely to bear fruit.”
နေသွင်
(ဇူလိုင် ၃၁၊ ၂၀၁၂)
(ဆက်ပါမည်)
စာဖတ်ခန်း
မောက္ခပညာရေးမဂ္ဂဇင်း
http://www.maukkha.org/index.php/book-store/reading-room-maukkha/2259-why-nations-fail
0 comments:
Post a Comment