နေမျိုး မှတ်စု (၁)
by Nay Myo on Thursday, August 9, 2012 at 9:20pm
နည်းနည်း အချိန်လည်း နည်းနည်း နောက်ကျသွားတယ်။ ဒီအပတ်တော့ နည်းနည်း၊ တိုတိုပဲ ပြောတော့ မယ်ဗျာ။ နည်းနည်းလဲ သိပ်ပြီး နေမကောင်းချင်သလို ဖြစ်နေတယ်။ ဒီကနေ့ အရာရှိကြီးများ သင်တန်းမှာ ကျွန်တော်တို့ ဒီ ငါးနှစ်ကျော် ကာလအတွင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ တနည်း အားဖြင့် တပ်မတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု၊ မသိသေးတဲ့ အကြောင်းအရာလေးတွေ ကျွန်တော် ဒီနေ့ ရှင်းပြပါမယ်။
ကျွန်တော်တို့ တပ်မတော် အနေနဲ့ နိုင်ငံရဲ့ အရေးအခင်းတွေ ပေါ်တိုင်း ပေါ်တိုင်း၊ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ နိုင်ငံတော်ကို ကယ်တင်ခဲ့တာ အကြိမ်ပေါင်းမြောက်မြားစွာ ရှိခဲ့ပါတယ်။
နိုင်ငံတစ်ခု ချောက်ကမ်းပါးထဲ ကျတော့မယ်ဟေ့ ဆိုရင် ခိုင်မာတဲ့ တပ်မတော်ရှိမှ အဲဒီတိုင်းပြည်ကို ကယ်တင်နိုင်မှာ။ ခိုင်မာတဲ့ တပ်မတော် မရှိဘူးဆိုရင် အဲဒီတိုင်းပြည်ဟာ အလူးအလဲနဲ့ ချောက်ကမ်းပါးထဲကျပြီး ဖရိုဖရဲ ပြိုကွဲတယ် ဆိုတဲ့ သာဓကတွေဟာ အများကြီးပါ။
တစ်ချို့ကျတော့လည်း ကိုယ့်တပ်မတော် ခိုင်မာတယ်ဆိုပြီးတော့ စမ်းကြည့်တာ၊ လုပ်ကြည့်တဲ့ အခါကျတော့ မခိုင်မာတဲ့အခါကျတော့ ရည်မှန်းချက် မအောင်မြင်ဘူးပေါ့။ ဥပမာအားဖြင့် ကြည့်မယ်ဆိုရင် မကြာသေးမီကာလ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ဆူချင်ဒါ ခေါင်းဆောင်တဲ့ တပ်မတော်အနေနဲ့ နိုင်ငံကို တပ်မတော်ကပဲ ဦးဆောင်မယ်ဆိုပြီးတော့ နိုင်ငံရေးသမားတွေနဲ့ ပဋိပက္ခဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ နိုင်ငံရေးသမားတွေကတော့ နည်းပညာ အစုံတတ်တာပေါ့ဗျာ။ နိုင်ငံရေး နည်းပညာတွေ အစုံတတ်တယ်။ အဲဒီ ထိုင်းတပ်မတော် အနေနဲ့ အဲဒီ အရေးအခင်းကာလမှာ သူ့တပ် တစ်တပ်ချည်း၊ တပ်ကြီးဟာ ခိုင်မာလိမ့်မယ်လို့ သူထင်တယ်။ နောက်တစ်ခုက သူ့နောက်မှာ ရပ်တည်ပေးမယ့်သူတွေ၊ ထောက်ခံမယ့်သူတွေ ရှိတယ်ဆိုပြီးတော့ သူလုပ်လိုက်တာပဲ။
သို့သော်ငြားလည်း အဲဒီ ထိုင်းတပ်ကြီးဟာ သူတို့ရဲ့ ကြိုးပမ်းမှု မအောင်မြင်တဲ့အတွက် ဒီကနေ့ ထိုင်းတပ်ဟာ ထိုင်းနိုင်ငံရဲ့ ပြည်သူတွေ ကြားထဲမှာ မျက်နှာမပြရဲအောင်ကို ရောက်တယ်။ ဘယ်သူကမှ အခုထိ မလေးစားဘူး။ နိုင်ငံရေးသမားတွေက ထိုင်းတပ်မတော်ကို အနုနည်းမျိုးစုံနဲ့ ဖိနှိပ်ပြီးတော့ ထားတဲ့ သဘော ရှိတယ်။ အဲဒီအခါမှာ အခု ထိုင်းတပ်မတော်အနေနဲ့ ကျွန်တော်တို့ကို လာပြီးတော့ ချဉ်းကပ်တာပေါ့ဗျာ။ ချဉ်းကပ်တာက မြန်မာနိုင်ငံသည် အစဉ်အလာအားဖြင့် သူတို့နိုင်ငံထက် ယှဉ်ကြည့်မယ်ဆိုရင် အမှန်တော့ နောင်တော်နိုင်ငံပါပဲ။ သမိုင်းအစဉ်အလာအားဖြင့် ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံကို ကျွန်တော်တို့က အမြဲတမ်းပဲ အသားစီးနဲ့ ကျွန်တော်တို့ နေခဲ့တာပါ။ အသာစီးနဲ့ ကျွန်တော်တို့က ဆက်ဆံခဲ့တာပါ။
ဘုရင့်နောင် လက်ထက်ကတည်းကစပြီး၊ ထိုင်းနိုင်ငံကို အသာစီးနဲ့ ကျွန်တော်တို့ ဆက်ဆံခဲ့တယ်။ ဘုရင့်နောင်လက်ထက်မှာ မြန်မာနိုင်ငံဟာ၊ မြန်မာ့တပ်မတော်ဟာ အိမ်နီးနားချင်း နိုင်ငံတွေအပေါ်မှာ သြဇာလွှမ်းမိုးဆုံးအချိန်၊ သြဇာအလွှမ်းမိုးဆုံး၊ အင်အားအကြီးဆုံး၊ ပတ်ဝန်းကျင်နိုင်ငံတွေက ခန့်ငြား၊ လေးစားမှု အခံရဆုံးကာလ ဖြစ်ပါတယ်။ နောက်ပြီးတော့မှ နောက်ဆုံး ဦးအောင်ဇေယျ၊ အလောင်းဘုရား လက်ထက်ကျတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံကိုတော့ နိုင်တော့ နိုင်တယ်။
သို့သော်ငြားလည်း ခန့်ငြားလေးစားမှု မခံရဘူး။ ဘုရင်ချင်း တူတောင်မှ၊ နိုင်လည်း နိုင်တယ်၊ ဘုရင့်နောင်က လေးစားမှုလည်း ခံရတယ်။ အခုထိ ထိုင်းနိုင်ငံက ဘုရင့်နောင်ကို လေးစားတယ်။ အလောင်းဘုရားကျတော့ မလေးစားဘူး။ ဒါ အားလုံးအသိပဲ။ အဲဒီတော့ အဲဒီလို ခန့်ငြားလေးစားဖို့၊ အိမ်နီးနားချင်းနိုင်ငံတွေကနေပြီး၊ အိမ်နီးနားချင်းနိုင်ငံတွေအပေါ်မှာ သြဇာသက်ရောက်မှု အစဉ်အမြဲရှိနေဖို့ ဆိုတာမှာ အဓိက စစ်ရေးအသာစီးမှု၊ စစ်ရေးအသာစီးမှု ရမှ၊ စစ်ရေးအသာစီးမှု ရတယ်ဆိုတဲ့ နေရာမှာလည်း ခေါင်းဆောင်ကောင်းတွေ ဖြစ်ဖို့ လိုတာပေါ့။ ခေါင်းဆောင်ကောင်းတွေဖြစ်မှ တပ်မတော်ကို ပိုပြီး ခိုင်မာသည်ထက် ခိုင်မာအောင် တည်ထောင်မယ်၊ တပ်မတော်ဟာ စည်းလုံးညီညွတ်မှုရှိမယ်။ သိပ်သည်းကျစ်လျစ်မှု ရှိမယ်။
အဲဒီတော့ အဲဒီလို ခေါင်းဆောင်ကောင်းတွေ ပေါ်တိုင်း ပေါ်တိုင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်အရှိန်အ၀ါဟာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ခန့်ငြားလေးစားမှု ခံရတယ်။ အခု ကျွန်တော်တို့ တပ်မတော်အနေနဲ့ ကြည့်မယ်ဆိုရင် စောစောပိုင်းတုန်းက ကျွန်တော်တို့ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ကျွန်တော်တို့ကို သိပ်ပြီး မလေးစားကြဘူး။ ပတ်ဝန်းကျင် အိမ်နီးနားချင်းနိုင်ငံတွေကပါ ကျွန်တော်တို့အပေါ်မှာ အထင်အမြင် လွဲမှားတယ်။ အထင်သေးတယ်။ တပ်မတော်ဟာ အနိုင်ကျင့်တယ်လို့ ဒီလို ယူဆခဲ့ကြတယ်။
သို့သော်ငြားလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ တဖြည်းဖြည်းနဲ့ ဦးတည်ချက်ရှိတယ်။ နိုင်ငံရေးဦးတည်ချက် ရှိတယ်။ နိုင်ငံရေးလမ်းကြောင်းအမှန်အတိုင်း ကြိုးပမ်းဆောင်ရွက်တယ်။ တပ်မတော်ကြီး အနေနဲ့လည်း စည်းလုံးညီညွတ်မှု ရှိတယ်။ ခေါင်းဆောင်တွေ အနေနဲ့လည်း တပ်မတော်ကို ဦးဆောင်မှု ပေးနိုင်တယ်။ ခေါင်းဆောင်ကောင်းတွေဖြစ်တယ်ဆိုတဲ့ အခါကျတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေပေါ့။ နိုင်ငံရေးရည်မှန်းချက်၊ စီးပွားရေးရည်မှန်းချက်၊ အုပ်ချုပ်ရေးရည်မှန်းချက်၊ အဲဒီရည်မှန်းချက်တွေဟာ ပိုပြီးတော့ အောင်မြင်သည်ထက် အောင်မြင်မှုတွေ ရရ၊ ရရလာတဲ့ အခါကျတော့ တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက လေးစားလာတဲ့ အနေအထားမျိုး။ ဟိုးအဝေးကြီးက နိုင်ငံတွေက ဘယ်လိုပဲ ပြောကြ ပြောကြ၊ အဝေးကြီးက နိုင်ငံတွေဆိုတာက မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးချင်တဲ့ နိုင်ငံကြီးတွေ၊ မြန်မာနိုင်ငံကို သူတို့လိုသလို ကြိုးဆွဲချင်တဲ့ နိုင်ငံကြီးတွေကတော့ မြန်မာနိုင်ငံအပေါ်မှာ စွပ်စွဲမှုတွေ အမျိုးမျိုးနဲ့ ဘယ်လိုပဲ လုပ်လုပ်၊ ကျွန်တော်တို့ အိမ်နီးနားချင်း နိုင်ငံတွေက ကျွန်တော်တို့ မြန်မာနိုင်ငံ အပေါ်မှာ တဖြည်းဖြည်းနဲ့ လေးစားခန့်ငြားလာတဲ့ အနေမျိုးတွေရှိတယ်။
ထိုင်းနိုင်ငံအနေနဲ့၊ ထိုင်းတပ်မတော် အနေနဲ့လည်း ကျွန်တော်တို့အပေါ် လေးစားလာတယ်။ ထိုင်းက နိုင်ငံရေးအဖွဲ့အစည်းတွေလည်း အခု ကျွန်တော်တို့အပေါ်မှာ လေးစားခန့်ငြားမှုတွေ ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံက ထွက်ပြေးတဲ့ မွတ်ဆလင်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အပေါ်မှာ စောစောပိုင်းက တစ်မျိုးမြင်တယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်၊ ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ဟာ မှန်ကန်မှုရှိတယ်ဆိုတာကို သိလာတဲ့ အခါကျတော့၊ သဘောပေါက်လာတဲ့ အခါကျတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံကို အင်မတန်မှ လေးစားလာတယ်။ အနေအထားမျိုး ရောက်လာတယ်။
ထိုနည်းလည်းကောင်းပဲ အိန္ဒိယနိုင်ငံဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဆိုပြီးတော့မှ မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ စောစောပိုင်းက ကျွန်တော်တို့ကို တော်တော်ကို သူတို့ အထင်အမြင်လွဲမှားတယ်။ ကျွန်တော်တို့ နိုင်ငံက ထွက်ပြေးတဲ့ လူငယ်လူရွယ်တွေကို အိန္ဒိယနိုင်ငံထဲမှာ စခန်းကြီး နှစ်ခု ဖွင့်ပြီးတော့ လက်ခံတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆောင်ရွက်ချက်၊ ကြိုးပမ်းချက်တွေက မှန်ကန်တယ်ဆိုတာကို တဖြည်းဖြည်း သိလာတဲ့အခါကျတော့ အိန္ဒိယက ကျွန်တော်တို့ကို အရေးတယူဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုလာပြီးတော့မှ နှစ်နိုင်ငံဆက်ဆံမှုဟာ ပိုကောင်းသည်ထက် ကောင်းအောင် ကြိုးပမ်းလာတဲ့ အနေအထားမျိုး ရှိတယ်။
တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ ဟိုစောစောပိုင်းတုန်းက သမိုင်းကြောင်း ဖြန့်ချိမယ်ဆိုရင်တော့ ဗကပတွေ သိပ်ပြီးတော့ အခြေအနေကောင်းတဲ့ အချိန်တုန်းကတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံဟာ နည်းနည်း ဆက်ဆံမှုဟာ နည်းနည်းလေး တစ်မျိုးတစ်မည် ဖြစ်နေတာပေါ့။ ဒါ အားလုံး အသိပဲ။ အဲဒီတော့ ဗကပကို နောက်ကနေပြီးတော့ ကျောထောက်နောက်ခံပြုတယ်။ အဲဒီအချိန်တုန်းက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တာပဲ။ အဲဒီတော့ အလူးအလဲ ကျွန်တော်တို့ ဖြစ်ခဲ့တာပဲ။ သို့သော်ငြားလည်း ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ရပ်တည်ချက်၊ ကျွန်တော်တို့ရဲ့ တပ်မတော်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို တဖြည်းဖြည်း နားလည် သဘောပေါက်လာတဲ့ အခါကျတော့ ဗကပကို နောက်ပိုင်းမှာ ကျောထောက်နောက်ခံပြု ပံ့ပိုးဆောင်ရွက်မှုတွေကို တဖြည်းဖြည်း လျှော့ လျှော့လာပြီးတော့ နောက်ဆုံးကျတော့ ဖြတ်လိုက်တဲ့အဆင့်ထိ ရောက်သွားတယ်။
အဲဒါက ဘယ်အချိန်က စဖြတ်သလဲဆိုရင် ၁၉၈၅ ခုနှစ်လောက်က စဖြတ်တယ်။ ၁၉၈၁ ခုလောက် အထိကတော့ ၈၁ ခုလောက်က နေပြီးတော့ နည်းနည်း၊ နည်းနည်းတော့ ပေးနေတယ်။ ၁၉၈၅ ခုနှစ်ကျတော့ လုံးဝဖြတ်လိုက်တဲ့ အနေအထား။ ဖြတ်လိုက်တဲ့အခါကျတော့ ဗကပအတွင်းမှာ အကြပ်အတည်းတွေ ဖြစ်တယ်။ ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ၁၉၈၈ ခုနှစ် အရေးအခင်း ပေါ်တဲ့အခါမှာ သူတို့ အာဏာရရှိရေး အတွက်ကို ဗပက က နောက်ဆုံးအကြိမ် ကြိုးပမ်းမှုလုပ်တယ်။ ဒါ ခင်ဗျားတို့ အသိပဲ။ မိုင်းယန်းတိုက်ပွဲ၊ ဟုတ်လား။ မြေပေါ်မှာက နိုင်ငံရေးသမားတွေနောက်က လှုပ်ရှားတယ်။ ဗကပရဲ့ မြေပေါ် (Cell) တွေ၊ ပြီးတော့မှ တစ်ဖက်ကနေပြီးတော့ အရေးအခင်းကို ပိုပြီး ကြီးသည်ထက် ကြီးအောင် မြေပေါ်ကနေ လှုပ်ရှားတယ်။
မြေအောက်ကနေပြီးတော့မှ ဗကပရဲ့ ကြံရွယ်ချက်က မြို့တစ်မြို့ကို ရအောင်သိမ်းမယ်။ အဲဒီ မြို့ တစ်မြို့ကနေ ဆက်ပြီးတော့ နယ်မြေချဲ့ပြီးတော့မှ နောက်ဆုံး ဘယ်အထိရောက်အောင် ချီတက်မလဲဆိုရင် မန္တလေးကို ချီတက်မယ်၊ မန္တလေးကို သိမ်းမယ်ဆိုပြီး သူတို့ အစီအမံတွေ ရှိခဲ့တယ်။ ဒါ အရင်တုန်းက သတင်းစာရှင်းလင်းပွဲတွေမှာလည်း ကျွန်တော် ပြောခဲ့ပြီးဖြစ်ပါတယ်။ ဗကပ ပေါ်လစ်ဗြူရို အစည်းအဝေးမှာလည်း ဒါ သူတို့ ဆွေးနွေးညှိနှိုင်းတဲ့ ဗွီဒီယိုတိပ်ခွေကြီးကို ခင်ဗျားတို့ တီဗွီကနေပြီးတော့မှ တွေ့ရမှာပါ။ ဒါ သူတို့ရဲ့ မဟာဗျူဟာ စီမံကိန်းပေါ့။ ဒါ နောက်ဆုံး ကြိုးပမ်းခဲ့တာ။ ကြိုးပမ်းချက်ပဲ။
သို့သော်ငြားလည်း မအောင်မြင်ခဲ့ဘူး။ မိုင်းယန်းတိုက်ပွဲ၊ သူတို့ ဖရိုဖရဲနဲ့ ပြိုကွဲသွားတယ်။ မြေပေါ်က လှုပ်ရှားမှုတွေကလည်း သူတို့ရဲ့ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာဘူး။ ဖြစ်မလာတဲ့အခါကျတော့ အဲဒီမှာတင် တဖြည်းဖြည်းနဲ့ ဗကပဟာ ၀ါးအစည်းပြေသလို ပြေ ပြေပြီးတော့မှ နောက်ဆုံး ၁၉၈၉ ခုနှစ်မှာ သူတို့ရဲ့ လက်အောက်ခံ တိုင်းရင်းသားအဖွဲ့အစည်းတွေကနေပြီး သူတို့ပြန်ပြီး တော်လှန်ပြီးတော့မှ ဒါ ကျွန်တော်တို့နဲ့ တရားဥပဒေဘောင်ထဲကို ၀င်လာပြီးတော့ လက်တွဲပြီးတော့မှ အခုထိ ဆောင်ရွက်နေတာ။ ဒါ အားလုံးအသိပဲ။
ဒါ ဘာလဲဆိုရင် တပ်မတော်ရဲ့ ခိုင်မာမှု၊ စည်းလုံးညီညွတ်မှု။ ဒါကြောင့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ကျွန်တော်တို့၊ လက်ရှိ ကျွန်တော်တို့ တပ်မတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုဟာ သမိုင်းတင်လောက်အောင် ကျွန်တော်တို့ အောင်မြင်မှုတွေ ရခဲ့တယ်။ အဲဒီအောင်မြင်မှုရတဲ့ဟာမှ မသိတဲ့၊ မသိသေးတဲ့ အကြောင်းအရာလေးတွေ၊ ခင်ဗျားတို့ မသိတဲ့ အကြောင်းလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ လျှို့ဝှက်ထားတာလေးတွေ ရှိတယ်။ အဲဒီ လျှို့ဝှက်ထားတာလေးတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အားလုံးသိအောင် ဒီနေ့ ကျွန်တော် ရှင်းပြပါ့မယ်။
0 comments:
Post a Comment