Friday, June 22, 2012

အမှိုက်ဗျို့အမှိုက်


by Khin Hnin Kyi Thar on Friday, June 22, 2012 at 3:27am


တချုန်းချုန်းမြည်နေတဲ့ တွန်းလှည်းကြီးတွန်းလာပြီဆို လမ်းမပေါ်ကလူတွေ လွတ်ရာသို့ ရှောင်ရှား သွားကြ သည်။ ထိုတွန်းလှည်းမှ ထွက်လာသော အနံ့၊ ထိုတွန်းလှည်းကြီးကို တွန်းလာသူတို့ကိုယ်မှ ထွက်လာသော အနံ့ကြောင့် အားလုံး ဝေးရာကို ရှောင်ရှားသွားကြသည်။ သူတို့ရပ်ကွက်အတွင်းသို့ အမှိုက်သိမ်းရန် ၀င်လာပြီ ဆိုလျှင်ခွေးများဟောင်ကြသည်။ လူများရှောင်ကြသည်။
ထိုအခြင်းအရာများကို နိစ္စဓူဝ ဖြတ်သန်းကြရင်း အသက်ရှင်ရပ်တည်ရန် ၀င်ငွေရှာဖွေကြရသည်။ ထိုသူတို့သည် ရပ်ကွက်များအတွင်း အခကြေးငွေယူ၍ အမှိုက် သိမ်းကြသော မိသားစုလေးဖြစ်ပေသည်။
“မိသားစုက တစ်နေ့တခြား တိုးပွားလာတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ ဒါနဲ့ ရပ်ကွက်ထဲမှာ လျှောက်သွား နေရင်း အမှိုက် ပစ်ပေးမလား၊ ပိုက်ဆံပေးမယ်ဆိုပြီး အိမ်တစ်အိမ်က ခိုင်းတယ်။ ဒါနဲ့ပဲ စိတ်ကူးရပြီး စလုပ် ဖြစ်တာ။ လုပ်စတုန်းကတော့ အခုလို စည်ပင်က ပုံမှန် အမှိုက်သိမ်းတာမျိုး မလုပ်သေးဘူးလေ။ ဒီတော့ တော်တော်လေး အဆင်ပြေတယ်။ မိသားစုလည်း စားနိုင်သောက်နိုင်ပေါ့။ ကလေးတွေလည်း ကျောင်းထား နိုင်သေးတယ်။ ခုတော့ စည်ပင်က အမှိုက်သိမ်းရက် သတ်မှတ်ပြီး အမှိုက်လာသိမ်းတော့ အရင်လို စီးပွားရေး မကောင်းတော့ဘူး။ ဒီနှစ်တော့ ကလေးတွေကို ကျောင်းနားထားရတယ်။ တစ်မိသားစုလုံးလုပ်မှလောက်ငရုံ ရှိတာလေ”ဟု မြေနီကုန်း အနီးတစ်ဝိုက်တွင် အမှိုက်သိမ်းနေသူတစ်ဦးကဆိုသည်။
၎င်းက ဆက်လက်ပြီး “အစကတော့ အမှိုက်သိမ်းရုံပါပဲ။ နောက်မှ အမှိုက်ထဲကနေ ပြန်သုံးလို့ရတာလေးတွေ၊ ရောင်းစားလို့ ရတာလေးတွေ ပါလာတော့ ရှာဖွေပြီးမှ လွှင့်ပစ်တာပေါ့။ စားလို့ရသေးတဲ့ ဟာတွေဆိုလည်း ရှာဖွေစားသောက်ပေါ့”ဟု သူတို့မိသားစုဘ၀ကို ပြောပြသည်။
ကျွန်မတို့နေထိုင်ရာ ရပ်ကွက်လေးထဲတွင်တော့ နံနက် ၈ နာရီလောက်ဆိုရင် သူတို့၏ “အမှိုက်၊အမှိုက်”ဟူသော အသံ စာစာလေးများကို ကြားရသည်။ စည်ပင်သာယာမှ အမှိုက်လာ မသိမ်းခဲ့သော ကာလများမှာ ဆိုလျှင် သူတို့သည်ကျွန်မတို့ လမ်းများ၏ အထင်ကရများသာဖြစ်ကြသည်။
သူတို့အသံကိုသာ နားစွင့်နေကြပြီး အလုအယက် အမှိုက်ပစ်ကြရသည်။ သိပ်မကြာသေးမီက စည်ပင်က အမှိုက် ပုံမှန်သိမ်းမည်ဟူသော စာတန်းများ ချိတ်ဆွဲခဲ့ပြီး အမှိုက်သိမ်းရက်သတ်မှတ်ကာ ပုံမှန်လာသိမ်း ကြသောကြောင့် ရပ်ကွက်အတွင်း အခကြေးငွေယူ၍ အမှိုက်သိမ်းကြသော သူတို့မိသားစုလေးမှာ ကျပ်တည်းခဲ့ကြရသည်။
“အရင်တုန်းက အိမ်တိုင်း အမှိုက်ပစ်ကြတော့ အဆင်ပြေတာပေါ့။ အခုတော့ အထပ်မြင့်တွေလောက်ပဲ ပစ်ကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ ပစ်တဲ့သူတွေ ရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ”ဟု ထိုမိသားစုက ဆိုသည်။
ခေါင်းလောင်းသံနှင့် အတူ အမှိုက်သိမ်းကား ၀င်လာပြီဆို အိမ်တိုင်းထွက်၍ အမှိုက်ပစ်ကြရသော်လည်း ထိုမိသားစု သယ်ဆောင်လာသော အမှိုက်များသည် ပစ်ခွင့်မရကြပေ။
“အမှိုက်ကားနဲ့ကြုံပေမယ့် ကျွန်တော်တို့က ပစ်လို့မရဘူးဗျ။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က ပိုက်ဆံယူပြီး သယ်လာတာဆိုတော့ ဒီကားနဲ့ သယ်မပေးဘူး။ တင်ချင်တယ်ဆိုရင် ပိုက်ဆံပေးရတယ်။ အဲဒီအခါကျရင် ဈေးညှိပြီး တင်ပေးလိုက်တယ်။ အမှိုက်ကားမလာတဲ့ နေ့တွေဆိုရင်တော့ အမှိုက်စုရပ်လေး လုပ်ထားတယ်။ အဲဒီစုရပ်မှာ အမှိုက်ရှာဖို့ထားတဲ့ သူတွေက ရှာပေါ့။ ရောင်းဖို့ခွဲတဲ့သူတွေကခွဲ။ ရောင်းဖို့သွားတဲ့ သူကရောင်း။ အမှိုက်ပစ်ဖို့ပြန်ထုပ်တဲ့သူကထုပ်နဲ့ အဲဒီလိုလုပ်ကြတယ်။ အမှိုက်တွေက ကျန်ခဲ့လို့မရဘူး။ ပတ်ဝန်းကျင်က နံလို့နှင်မှာလေ။ ဒီတော့ စနစ်တကျနဲ့ လုပ်ရတာ။ ညနေစောင်းဆိုရင် ရောင်းမယ့်ဟာတွေကို ထမ်းပြီး အမှိုက်ပစ်ဖို့ သွားကြတာပေါ့။ စည်ပင်က ညနေအမှိုက်ပစ်ဖို့ နေရာနဲ့အချိန် သတ်မှတ်ပေးထားတယ်။ အဲဒီမှာ စည်ပင် ၀န်ထမ်းရှိနေရင် ပိုက်ဆံပေးပြီးပစ်ခဲ့တယ်။ ပြီးရင် ကျူးကျော်တဲလို့ခေါ်တဲ့ နေရာမှာ ပြန်ပြီး နားကြတယ်။
“ကျွန်တော်တို့ အိမ်ကတော့ ကြယ်မြင် လမြင်တဲ့ ခေါင်မိုးနဲ့ ကျောက်ခဲရေလို့ ရတဲ့ ကြမ်းခင်းတွေ ခင်းထား တယ်။ အဲဒီပေါ်မှာ ရောင်းစရာ ဘူးတွေ၊ ခွက်တွေနဲ့ ရောထွေးပြီး အိပ်လိုက်ကြတာပဲ” ဟု သူတို့၏ တစ်နေ့တာ ဘ၀ဖြတ်သန်းမှုကို ဖွင့်ဆိုလေသည်။
“သန့်သန့်ရှင်းရှင်းနဲ့ ရေချိုးပါတယ်လို့ ပြောရင် ဘယ်သူယုံမှာလဲ။ ကျွန်တော်တို့က အမြဲနံစော်နေတာကိုး။ သပ်ရပ်ပြီး လှပနေရင်လည်း ဘယ်သူက ခေါ်ပြီးအမှိုက်ပစ်ကြမှာလဲ”ဟု ဆိုသည်။
ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာ ကျောင်းများ ဖွင့်ခဲ့ပြီဖြစ်သည်။ ကျောင်းအဖြူအစိမ်းဆင်တူဖြင့် ကျောင်း တက်ကြသော ကလေးငယ်များကို ဟိုဟိုဒီဒီ မြင်တွေ့နေရပြီဖြစ်သည်။ ထိုအမှိုက်သိမ်းကြသော မိသားစုထဲတွင် ကျောင်းနေအရွယ် ကလေးငါးဦးခန့် ပါဝင်သောကြောင့် သူတို့ကျောင်းပညာရေးနှင့် ပတ်သက်၍ စူးစမ်းကြည့်ရာ
“မူလတန်းတုန်းကတော့ ကျောင်းက ပိုက်ဆံမပေးရဘူးလေ။ သမီးတို့ လေးတန်း အောင်သွားတော့ ကျောင်းဆက်မတက် နိုင်တော့ဘူး။ အဖေတို့နဲ့အတူ အမှိုက်သိမ်းတာပဲ။ ကျောင်းစိမ်းလေးတွေ ၀တ် ထားတဲ့သူတွေမြင်ရင်တော့ ကျောင်းသွားချင်တယ်။ ဒါပေမယ့် အဖေတို့နဲ့ဒီလိုလုပ်ရတာ ပျော်တယ်”ဟု အသက် ၁၂ အရွယ်ရှိ မိန်းကလေးက သူမ၏ဖခင်ကိုကြည့်ရင်းဆိုသည်။
မြို့တော်စည်ပင်သာယာ၏ အမှိုက်သိမ်းမှု အားနည်းရာမှ ပေါ်ပေါက်လာသော ဤအခပေး အမှိုက်သိမ်း စနစ်အပေါ် မှီခိုနေရသော ဤမိသားစု၏ အခက်အခဲများကလည်း မသေးပေ။
“အစကတော့ ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာနေတာ။ ခုတော့ လှိုင်သာယာ ကျူးကျော်တဲမှာပဲ နေတော့တယ်။ ကြုံရတဲ့အခက်အခဲက အများကြီးပဲ။ လူတွေက အမှိုက်သာပစ်ခိုင်းတာ၊ သူတို့အိမ် ရှေ့မှာ အမှိုက်ထားရင် မကြိုက်ဘူး။ ဒီတော့ လူသိပ်မရှိတဲ့နေရာမျိုးမှာ ရွေးပြီး အမှိုက်စုရပ်လုပ်ထားတယ်။ နောက်တစ် ခုက စည်ပင်က ဖမ်းပြန်ရင်လည်း ပြေးရပြန်တာပဲ။ အမှိုက်ထဲက ရောင်းဖို့ပစ္စည်းတွေ ထုပ်ရပိုးရနဲ့ တစ်နေ့တစ်နေ့ ရှုပ်နေတာပဲ”ဟု ဆိုသည်။
“ဒီကနေရတဲ့ ငွေကလောက်သလားဆိုတော့ တစ်နေ့စာကတော့လောက်တာပေါ့။ ကလေးက ငါးယောက် ဆိုတော့ ကျောင်းထားဖို့မလောက်ဘူးလေ။ တစ်မိသားစုလုံးညီမှ လောက်လောက်ငင စားကြရတာဆိုတော့။ သူတို့ကို ကျောင်းထားချင်တယ်။ မိဘပဲဗျာ။ ကိုယ့်သားသမီးကို ဘယ်သူကမှ ဒီလိုနံစော်နေတဲ့အမှိုက်တွေ သိမ်းခိုင်းချင်ပါ့မလဲ”ဟု မျက်ရည်များဝဲ၍ ကလေးငယ်များကိုကြည့်ကာ ထိုအမှိုက်သိမ်းသူ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသားက ဆိုသည်။
အခကြေးငွေယူ၍ အမှိုက်သိမ်းကြ သူတို့သည် အများအားဖြင့်အကာအကွယ်မဲ့ရုံသာ အမှိုက်သိမ်းကြ၊ ထိုအမှိုက်တို့မှ ရှာကြဖွေကြလေသည်။ ထိုကိစ္စနှင့်ပတ်သက်၍
“အကာအကွယ်ယူရမယ် ဆိုတာတော့ သိတာပေါ့။ ဒါပေမယ့် အဲဒါတွေ ၀ယ်ဖို့ငွေမှ မပေးနိုင်တာ။ အဲဒီ နေရာမှာ သုံးလိုက်ရင် မလောက်တော့ဘူးလေ။ ဒီတော့ သတိထားပြီးတော့ လုပ်ရတာပေါ့။ ထိသွားရှသွား ရင်လည်း အ၀တ်လေးနဲ့ ဖိပြီး ဒီလိုပဲနေလိုက်တာပဲ။ ကြာတော့လည်းမဆန်းတော့ဘူးဗျ”ဟု အမှိုက်သိမ်းသော မိသားစုမှ ဦးလေးဖြစ်သူက ပြောသည်။
“တချို့လူတွေက ကျွန်တော်တို့ လှည်းတွေကြောင့် လမ်းပျက်တယ်ပြောကြတယ်။ နံတယ်ပြောကြတယ်။ ဘယ်လို ပြောပြောဗျာ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့ စကားပုံလိုပေါ့။ အမှိုက်ပစ်ဖို့အတွက် ကျွန်တော်တို့ကို လိုအပ်သလို ကျွန်တော်တို့ ရပ်တည်ဖို့အတွက်လည်း သူတို့ကိုလိုအပ်တယ်။ ဒီတော့ တွန်းကြရတာပဲ”ဟု အမှိုက်သိမ်းမိသားစုကပြောသည်။
နေညိုလေပြီ။ ရပ်ကွက်အတွင်းမှ“အမှိုက်၊ အမှိုက်”” ဟူသော အသံစာစာလေးတို့လည်း ပျောက်သွား လေပြီ။ ထိုအမှိုက်သိမ်းသူတို့သည် အမှိုက်ထုပ်များ အတွင်းမှ ရောင်းစရာများ ယူငင်ထုပ်ပိုး၍ အိမ်ပြန်ကြ လေပြီ။ မြို့တော်၏ အလှကို မြို့တော်စည်ပင်သာယာက ဖော်ဆောင်ကြသကဲ့သို့ ထိုအခကြေးငွေယူ၍ အမှိုက် သိမ်းကြသူတို့ကလည်း မြို့တော်၏ သန့်ရှင်းမှုကို တစ်ထောင့်တစ်နေရာမှ ၀င် ရောက်အားဖြည့် ကူညီပေးကြ လေသည်။
နောက်တစ်နေ့ နံနက် မိုးလင်းပြီဆိုလျှင် ထိုအမှိုက်သိမ်းကြသော မိသားစုလေးက အ၀တ်ဟောင်းများ ၀တ်ဆင်ကြပြီး တချုန်းချုန်း မြည်နေသော တွန်းလှည်းကြီးကို တွန်းပြီး “အမှိုက်၊ အမှိုက်”ဟု အော်မည့် အသံစာစာများကို ကြားရဦးမည်ဟု ထင်ပါသည်။
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...