Thursday, June 21, 2012

ပမာ မခန့်အရေးအသားများ ( လိင်သဘာဝ အပေါ်လေ့လာချက်)


by မင်းခက်ရဲ (Min Khet Ye) on Thursday, June 21, 2012 at 7:45pm 

ပမာမခန့်အရေးအသားများ
ပမာမခန့်အရေးအသားများဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ထုတ်မယ်ကြားတော့ ခေါင်းစဉ်ကိုသဘောကျမိတယ် ။ ပမာမခန့် ဆိုတာ ဒီနေရာမှာ တစ်ဦးတစ်ယောက်ကိုလုပ်တာထက် လူ့အဖွဲ့အစည်းအထက်အောက်ဖိ စည်းထားတဲ့ အရာတွေကို တန်ပြန်ဆန့်ကျင်တဲ့ အရေးအသားလို့ ဆိုရမယ်။ ခေါင်းစဉ်ကိုက ပမာမခန့်ရယ်လို့ ကန့်လန့်လုပ်နေတော့ကာ ပညာရပ် ဆန်ဆန်လေပြေကလေးနဲ့ အစဉ်အလာအယူအဆ အတွင်းက အထက်အောက်ဖိစည်းထားတာကို ရှင်းပြနေတာ မျိုးနဲ့တော့ မကိုက်ညီလှဘူး။ ပမာမခန့်အရေးအသားများဆိုတဲ့ မိုက်တိမိုက်ကန်း ခေါင်းစဉ်လေးကြောင့် ကိုယ်ပြောချင်တာတွေကို တိုက်ရိုက်တစ်ချက်ခြင်းဖော်ပြတာ ပိုကောင်းမယ်လို့ စဉ်းစားမိတယ် ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာ ၊ အတွေးအခေါ် အပြုအမူတွေအရ အဖိနှိပ်ဆုံးအရာတွေဟာ ဘာလဲ ၊
အဲဒီအရာတွေကို ဆန့်ကျင့်ပြီး ပမာမခန့်ရိတိတိအရာ ၊ နောက် ကိုယ့်လေ့လာမှုထဲမှာလည်း ရှိနေရမယ့် အရာကို စဉ်းစားမိတော့ မီရှယ်ဖူးကိုးကိုပဲ သတိရမိတယ် ။ ဖူးကိုးရဲ့ လိင် (sex) အပေါ်လေ့လာပြမှုတွေဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်း ရှေးရိုးစွဲ ပုဂ္ဂိုလ်များအတွက် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ရှိသွားနိုင်တယ် လို့ယူဆမိတယ် ။ ဒါကြောင့် လိင်သဘာဝအကြောင်း အရေးအသားတွေထဲက လိင်သဘာဝအပေါ် ယနေ့ ပညာရှင်တွေရဲ့ အမြင်ကို ဖော်ထုတ်လိုက်ပါတယ် ။
            ကျွန်တော်အဓိကပြောချင်တာက ကျွန်တော်တို့ရဲ့ အတိတ်ကာလက လိင်သဘာဝတွေ ၊ ပစ္စုပ္ပာန်ကာလက လိင်သဘာဝတွေ၊ ကျွန်တော်တို့်ရဲ့ လိင်သဘာဝတွေကို ဆန့်ကျင်ပြီး ခံစားချက်အပြည့်နဲ့ အလွန်အကျွံ မပြောဝံ့မပြောသာ အဖြစ်နဲ့ ဘာကြောင့်ဖိနှိပ်သိုသိပ်ခံခဲ့ကြရသလဲဆိုတာပဲ ။။ လိင်ကိစ္စကို လစ်လျူရှုပစ်ပယ်ရမယ်လို့ ဘယ်လိုများ အသေအချာ လည်ပတ်ဖြစ်တည်လာခဲ့သလဲ။ လိင်ကိစ္စဆိုတာဟာ ဖုံးကွယ်ထားရမယ့် အရာလို့ ဘယ်အရာ ကများကျွန်တော်တို့ကို ထုတ်ဖော်လိုက်သလဲ ။..လိင်ကိစ္စဟာ  ဟိုး အချိန်ကာလအတော်ကြာကတည်းက မကောင်းမှုအနေနဲ့ ဘယ်လိုလုပ်တွဲဖက်မြင်လာခဲ့ကြသလဲ။.. လိင်ဆက်ဆံမှုကို လုပ်တဲ့ အခါ မကောင်းမှုတစ်ခုအနေနဲ့ ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ ၀န်ထုပ်ဝန်ပိုးဖြစ်နေရတဲ့ အကြောင်းက ဘာလဲလို့ မေးခွန်းထုတ်သင့်တယ် ။(Foucault – HS Volume 1 , page 9)
လိင်ပိုင်းဆိုင်ရာ ဖိနှိပ်သိုသိပ်မှုဟာ တည်ရှိနေတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေအပေါ်မှာ မှီတည်နေလား။  လိင်ပိုင်း ဖိနှိပ်သိုသိပ်မှုတွေလုပ်ခဲ့တာဟာ ခေတ်ကာလအားဖြင့် ၁၇ရာစုကနေ စတင်ခဲ့တယ်သလား။…. ဥပဒေ ဆိုင်ရာရေးသားပို့ချမှု အမျိုးမျိုးကနေ လိင်အပေါ် အမြင်ကို ပြောင်းလည်းခဲ့ကြတယ် ။  လိင်ပိုင်းဆိုင်ရာ မဆိုစလောက် သွေဖယ်မှားယွင်းမှုတွေကို ဥပဒေနဲ့တားမြစ်ပိတ်ပင်လိုက်တဲ့အခါ ပိုမိုကြီးကျယ်တဲ့ အမှားအယွင်းကြီးသဖွယ်ဖြစ်လာစေ တယ် ။လိင်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှုတွေကို စိတ်မကျန်းမာမှုအနေနဲ့ သတ်မှတ်လိုက်တယ်။ ကလေးငယ်ဘ၀ကနေစပြီး အသက်အရွယ်ကြီးတဲ့ အထိ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု စံပုံစံ တစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်လိုက်တယ် ။ ဖြစ်နိုင်ချေ ရှိတဲ့ လိင်ပိုင်းဆိုင်ရာသွေဖယ်မှုကို ဂရုတစိုက်ဖော်ပြခဲ့ကြတယ် ။ စာသင်ကျောင်းတွေနဲ့ ဆေးဝါးကုသမှုပုံစံတွေကနေ  တစ်ဆင့် စုစည်းဖော်ပြတယ်  ။မနှစ်မြို့ဖွယ်ရာအဖြစ် တံဆိပ်ကပ်ကြတယ် ။(page-37)
(ဒီလို ရေးသားပို့ချမှုတွေကြောင့်လာဖြစ်နေတဲ့ ပြဿနာက) လိင်ကိစ္စဆိုတာ အာရုံခံစားမှုနဲ့ သာယာမှုကိစ္စ ၊ ဥပဒေနဲ့ အခြေခံအကျဆုံးအလေ့အထတက်ဘူး(taboo) ကိစ္စသာမကပဲ ၊ အမှန်အမှားကိစ္စရယ်လို့ဖြစ်လာတာပဲ ။ လိင်ရဲ့ အမှန်းတရာဆိုတာ အခြေခံကျတဲ့အရာ ၊ အသုံးဝင်တဲ့အရာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အရာ ၊ တန်ဖိုးရှိတဲ့အရာ ဒါမှမဟုတ် ခံ့ခံ့ညားညားတန်ဖိုးထားအပ်တဲ့ အရာရယ်လိုဖြစ်လာတယ် ။ အတိုချုံးပြောရရင်တော့ လိင်ဆိုတာ  အမှန်တရား ပြဿနာတစ်ရပ်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ခံလာရတာဖြစ်တယ် ။(page-57)(တနည်းအားဖြင့် လိင်ဆိုတာ သာယာမှုကိစ္စပဲ ။ ဒါကို အမှန်တရားကိစ္စအဖြစ်တည်ဆောက်လာကြတော့ကာ လိင်ကို သာယာမှုထက် အမှန်တရား ကိစ္စအဖြစ်မြင်လာတယ် ။  စံပုံစံသာမန်လိင်ကနေ သွေဖယ်နေတဲ့ ဂေး၊ လတ်စဘီယံနဲ့ အခြာသော လိင်ပိုင်ဆိုင်ရာ ဆက်ဆံမှုပုံစံတွေကို အမှန်တရားပြဿနာတစ်ရပ် အဖြစ်မြင်လာခဲ့ကြတယ် )
 လိင်ရဲ့ သဘာဝဆိုင်ရာအလုပ်က  မျိုးပွားဖို့ဖြစ်တယ်ဆိုတဲ့ အယူအဆကို ခံယူထားကြတဲ့ ဇီသဗေဒပညာရှင်တွေ ၊ စိတ်ပညာရှင်တွေဟာ မျိုးပွားမှုမလုပ်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေတည်ရှိမှုကို  ခပ်ရိုးရိုးပဲ လစ်လျူရှုလိုက်ကြပါတယ်။ သူတို့က လိင်ကွဲဆက်ဆံမှုဟာ တရိစ္ဆာန်ဗိဇစိတ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သလို မွေးရာပါဗီဇစိတ်ကိုလည်း အခြေခံတယ်လို့ ဆိုကြတယ်။ပြီးတော့ တခြားသော လိင်ပိုင်းအပြုအမူပုံစံတွေကိုတော့ သာမန်မွေးရာပါဗိဇစိတ်နဲ့ သွေဖယ် ဖောက်ပြားနေတဲ့ အရာအဖြစ်ဆိုကြတယ် ။ အဲဒီလို အနက်ပြန်ပုံမျိုးဟာ ဒဏ္ဍရီဆန်လွန်းနေတယ်။( Kinsey et all 1953:448)
ဝီဟမ်း ရေ့ခ်ျနဲ့ ဟားဘတ်မားကူးစ်တို့က လိင်ဆိုတာ အကျိုးကျေးဇူးကောင်းကို ပေးအပ်တဲ့ အားတစ်ခုပဲ ၊ ဒါကို ပျက်စီး ခြစားနေတဲ့ မြို့ပြလူ့အဖွဲ့အစည်းကသာလျင် ဖိနှိပ်သိုသိပ်ဖို့ ကြိုးစားတယ်လို့ မြင်တယ် ။( J.Weeks, Sexuality: 18)
လိင်သဘာဝဆိုတာ လူ့အဖွဲ့အစည်းက ရှုပ်ရှုပ်ထွေးထွေးထုတ်လုပ် လိုက်တဲ့ အရာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်သင့်တယ် ။ လိင်သဘ၀ဟာ ကွဲပြားခြားနာတဲ့ လူမှုရေးအလေ့အကျင့်တွေကြောင့်ထွက်လာတာ ။ ဒီလူမှုရေး အလေ့အကျင့်တွေက လူသားရဲ့ အပြုအမူတွေကို အဓိပ္ပာယ်ဖွင့်ပေးလိမ့်မယ်၊ လူမှုရေးဆိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖွင့်ပေးလိမ့်မယ် ။ ပါဝါရှိသူတွေ လိင်ကို သူတို့အလိုကျအဓိပ္ပာယ်ဖွင့်ဆိုဖို့ ၊ စည်းမျဉ်းစည်းကမ်းနဲ့ လည်ပတ်ထိန်းကျောင်းဖို့ နဲ့ ပြန်လည်ခုခံချင်သူတွေကြား တိုက်ပွဲအတွင်းကနေလည်း အဓိပ္ပာယ်တွေထွက်လာအောင်လုပ်ပေးလိမ့်မယ် ။ လိင်သဘာ ၀ ဆိုတာ သဘာဝကနေ ပေးအပ်ထားတာမဟုတ်ဘူး ။ လူလူချင်းအကြားက စေ့စပ်ညှိနှိုင်းခြင်း၊ တိုက်ပွဲတိုက်ခြင်းတွေရဲ့ ရလဒ်တစ်ခုဖြစ်တယ်။(page-19)
ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သတ်တဲ့ယုံကြည်ချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် မိန်းမတွေရဲ့ လိင်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်ကို  ဆေးပညာရှင်ယောက်ျားတွေ၊ ကိုယ်ကျင့်တရားဝါဒီတွေ၊ ခင်ပွန်းယောက်ျားတွေကနေ ကင်းလွတ် ပြီး ကိုယ့်ကိုယ့်ကိုယ် ပိုင်စိုးမှုရှိလာအောင် အထောက်အပံ့ပေးထားတဲ့ အလင်းရောင်တစ်ချက်ဆိုတာကိုတွေ့ရမယ်။ (Mclearen 1984: 147)
လူတွေ လိင်ဆက်ဆံမှုပြုကြတဲ့အခါ  လိင်ဆက်ဆံခြင်းကနေရလာမယ့် သာယာမှုနဲ့ ရမ္မက်ဆန္ဒဆိုတာ မိန်းမတွေကသာ ယောက်ျားတွေကို ၀န်ဆောင်မှုပေးရမယ့်အရာလို့ ထင်ကြတယ် ။(Symons 1979: 27)
ယောက်ျားတွေရဲ့ လိင်အင်္ဂါဟာ ထိခိုက်လွယ်တယ် ၊ ပျော့ပြောင်းမြန်တယ် ၊ နူးညံ့တယ် ။  လိင်အင်္ဂါဟာ ခပ်ငယ်ငယ်အရာသာဖြစ်ပြီး (ကြီးထွားရင်တောင်မှ)  သူ့ရဲ့ ပါဝါနဲ့ ချစ်ဖွယ်ကောင်းမှုကိုကြာရှည်ထိန်းသိမ်းထားနိုင်တဲ့ အရာမဟုတ်ဘူးဆိုတာ လေ့လာကြည့်ရင်တွေ့နိုင်တယ် ။ သူဟာ မိန်းမတွေရဲ့အင်္ဂါလို လျို့ဝှက်ဆန်းကြယ်တဲ့အရာ၊ သူ့ရဲ့ အတွင်းတန်ဖိုးနဲ့သူပါဝါအားကြီးတဲ့အရာမျိုးမဟုတ်ဘူး။ ဓမ္မဓိဌာန်ကျကျကြည့်ရင် သူ့မှာ စစ်မှန်တဲ့ ပါဝါမရှိဘူးဆိုတာကို တွေ့ရမယ် ။ ( Richard Dyer 1985: 30)(ဒီအမြင်က ယောက်ျားတွေဟာ မိန်းမတွေထက်စွမ်းအားကြီးတယ် ဆိုတဲ့ အမြင်နဲ့ ယောက်ျားရဲ့ လိင်သဘာဝကိုသာ ဦးစားပေးရှုမြင်တဲ့ အမြင်ကို က္ကတ္ထိယ၀ါဒီတွေက ပြန်လည်ချေပရင်းထွက်လာ တဲ့ အရေးအသားဖြစ်တယ်။ ယောက်ျားမုန်းတီးရေး ဆိုတာထက် ယောက်ျားတွေရဲ့ ခန္ဓာကိုယ်အပေါ်မှာ တည်ဆောက် ထားတဲ့ မစ်သ်(myth) တွေ၊ သင်္ကေတတွေကို ချေပတာဖြစ်တယ်။)
ကျန်းမာရေးကောင်းမွန်တဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို သာမာန်လိင်ပုံစံ ရည်မှန်းချက်တွေကို သွေဖယ်ပြီးလုပ်ကြတာတွေ ချည်းပဲ။  ဒီလိုမျိုးလူတိုင်း ရှာဖွေလုပ်ကိုင်ကြိုးစားနေတာကိုကြည့်ရင် လိင်အရ စံသွေခြင်း ၊ မှောက်မှားခြင်းဆိုတဲ့ ဝေါဟာရတွေကို သုံးနေတာကိုက အပြစ်တင်ချင်ရုံသက်သက်သုံးထားတာဖြစ်ပြီး ဘယ်လောက် မသင့်တော်ဘူးလဲ ဆိုတာကိုတွေ့ရမယ် ။( Freud 1905:160)(ဒီအရေးအသားကတော့ မရွိုက်က လိင်တူဆက်ဆံမှုကို လိင်အရ သွေဖယ်နေတဲ့အရာ အဖြစ်မှတ်ယူရေးသားကြတာကို ပြန်လည်တုံ့ပြန်ရင်ထွက်လာတဲ့ အရေးအသားပဲ။လီယိုနာဒို ဒါဗင်ချီအပေါ်လေ့လာချက်မှာတွေ့ရမယ် ။ ဖရွိုက်ရဲ့ စိတ်ခွဲပညာအမြင်မှာ လူတိုင်းဟာ လိင်တူဆက်ဆံမှုဆိုင်ရာ အရာဝတ္ထုတွေကို ပုံစံအမျိုးမျိုးနဲ့ ရွေးချယ်ကြတယ်လို့ အမြင်ရှိတယ် ။ ဖရွိုက်အမြင်တွေမှာ လိင်တူဆက်ဆံမှုကို နှိမ့်ချတဲ့သဘောတွေကနေ ကင်းလွတ်နေတာကိုတွေ့နိုင်တယ်)
လူအားလုံးလက်ခံထားသလိုလို နဲ့ ဖိနှိပ်ဖုံးကွယ်ထားချင်တဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာနိယာမတွေ၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ရဲ့ လက်ထပ်ထိမ်းမြားမှုနဲ့ပတ်သတ်တဲ့ ဓလေ့ထုံးတမ်းတွေ၊ လိင်ဥပဒေသ တွေ၊ ကျွန်တော်တို့ရဲ့ ပညာရေးနဲ့ ဘာသာရေးစနစ်တွေဟာ  တစ်သီးပုဂ္ဂလလူသားတွေမှာ တူညီတဲ့ လိင်သဘာဝရှိတယ်၊ လူတွေရဲ့ လိင်သဘာဝဟာ ဘယ်လိုရှိရမယ်လို့ ကြိုတင်ချမှတ်ပေးထားတဲ့ တစ်ခုတည်းသော အစဉ်ပုံစံအတိုင်း သူတို့ရဲ့ အပြုအမူတွေကို ထိန်းချုပ်သိုလှောင်ထားရမယ်ဆိုတဲ့ ယူဆချက်တွေ အပေါ် အခြေခံထားတယ်။ ( Kinsey et al 1984: 197)
ဘယ်လိုပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာကွဲပြားခြားနားမှုနဲ့ ပတ်သတ်ပြီး ဘက်မလိုက်ပဲ ဓမ္မဓိဌာန်ကျတဲ့ ပြောဆိုမှုဆိုတာ ပါဝါအကြောင်းပြောဆိုမှုတစ်ခုပဲ ။ ယဉ်ကျေးမှုတိုင်းဟာ သူတို့ရဲ့ တရားဝင်ရော တရားဝင်မဟုတ်တဲ့နိုင်ငံရေး ဖြစ်စဉ်တွေ ကနေ ကွဲပြားခြားနားမှုကို တည်ဆောက်ကြတယ် ။ ဘယ်အရာကတော့ တရားမ၀င်ဘူး ၊ ဘယ်အရာကတော့ဖြင့် တားမြစ်ပိတ်ပင်သင့်တယ် ဆိုပြီး ကွဲပြားခြားနားမှု ဘောင်ကိုတည်ဆောက်တယ်။ ဘယ်ယဉ်ကျေးမှုကမှ အားလုံးတဲ့ လွတ်လွတ်လပ်လပ်လုပ် ဆိုတဲ့ လိင်ပိုင်းဆိုင်ရာလွတ်လပ်မှုဆိုတာကိုပေးမထားဘူး။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ ကွဲပြားခြား နားမှုတွေကို ထိန်းချုပ်တဲ့ ပုံစံတွေဟာ ကာလတရားနဲ့ နေရာဒေသကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲနေတယ်။(Plummer 1984:219)
လက်ရှိယဉ်ကျေးမှုဟာ လိင်ကိစ္စကို သံသယနဲ့ အမြဲဆက်ဆံတယ် ။ သူက ဘယ်လိုလိင်ပိုင်းဆိုင်ရာအလေ့အကျင့်မျိုးကို မဆို အဆိုးဝါးဆုံးသော ဖော်ထုတ်မှုပုံစံအဖြစ် အနက်ပြန်တယ် ၊ စီရင်ချက်ချတယ် ။ လိင်ကိစ္စမှန်သမျှဟာ သူ့ကို အပြစ် ကင်းစင်တယ်လို့ သတ်သေမပြနိုင်သေးသရွေ့ အပြစ်ဖြစ်တယ်လို့ ယူဆခံနေရဦးမှာပဲ ။ (Rubin 1984: 278)
လိင်သဘာဝမှာ ဘယ်လိုမောင်းနှင်အားရှိတယ်လို့ တရားသေ မဖော်ပြထိုက်ဘူး ။ သူ့ရဲ့သဘာဝကိုက စိမ်းခြင်း ကင်းကွားခြင်းသဘောရှိနေတာ။ သူ့ကို လိုချင်သလို ပြုပြင်ပြောင်းလဲပြီး သိမ်းသွင်းတဲ့ ပါဝါကို တွန်းကန်ပြီး သူ့အပေါ် ထိန်းချုပ်မှုတွေ မလုပ်နိုင်အောင်တွန်းကန်တယ် ။ လိင်သဘာဝဆိုတာ ပါဝါဆက်သွယ်ချက်အတွင်းမှာ မပြတ်ရွေ့လျား ပြောင်းလဲနေတယ်။ ယောက်ျားနဲ့ မိန်းမကြားထဲက ပါဝါဆက်သွယ်ချက်၊ ဆရာနဲ့ကျောင်းသားကြား၊ မိဘနဲ့ သားသမီးကြား ၊ ဘုန်းကြီးနဲ့ သာမန်လူကြား ၊ အုပ်ချုပ်သူနဲ့ လူထုအကြား ပါဝါဆက်သွယ်ချက်အတွင်းမှာ လိင်သဘာဝဟာ ရွေ့လျားပြောင်းလဲနေတယ် ။ လိင်သဘာဝဆိုတာ ပါဝါဆက်သွယ်ချက်တွေအတွင်းမှာ ထိန်းချုပ်ရ လွယ်ကူတဲ့အရာအဖြစ် ပြီး အသုံးချခံလက်နက်အဖြစ်လိုသလို အသုံးချအခံရဆုံးအရာဖြစ်တယ်။(Foucault 1978:103)
လိင်ပိုင်းဆိုင်ရာ အပြုအမူအပေါ် ဂရိတွေရဲ့ ကိုယ်ကျင့်ဆိုင်ရာထင်ဟပ်ချက်က လိင်းအပြုအမူတစ်ရပ်အတွက် တရားမှုကို ရှားဖွေပြီး တားမြစ်ပိတ်ပင်ဖို့ ရှာဖွေပြတာမျိုးမဟုတ်ဘူး ။  လွတ်လပ်မှုကိုပေးအပ်ဖို့သာ ဖြစ်ခဲ့တယ်။ လူသားတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ လွပ်လပ်လာဖို့အတွက် လွတ်လပ်မှုကို ပေးအပ်လိုက်တာဖြစ်တယ်။.. ဂရိတွေဟာ လိင်ပိုင်း ဆိုင်ရာ သာယာမှုဟာ မကောင်းမှုတစ်ရပ်ရယ်လို့ ဘယ်တော့မှ မတွေးခဲ့ဘူး။( Foucaul 1985:97)
ဖူးကိုးရဲ့ ဂရိတွေအပေါ်ယုံကြည်မှုမှာ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့(လိင်ပိုင်းဆိုင်ရာ)အလေ့အကျင့်တွေကို သည်းခံသင့်တယ်၊ အပြစ်မဟုတ်တဲ့အရာ မြင်သင့်တယ်ဆိုတဲ့ အမြင်အပေါ်အခြေခံထားတယ် ။ အကြောင်းကတော့ လိင်းပိုင်ဆိုင်ရာ အပြုအမူဆိုတာ သူ့ရဲ့ပင်ကိုယ်သဘောမှာကိုက အကောင်းရယ် အဆိုးရယ်လို့ ပြောလို့မရရုံသာမကဘူး လို့ယူတယ်။ တစ်ဖက်မှာလည်း ကာမဂုဏ်အလွန်အကျွံလိုက်စားခြင်းဟာ လူတစ်ယောက်ရဲ့အရေးအကြီးဆုံးပါဝါကို ပျက်စီးစေတယ်လို့လည်း မြင်တယ်။(Eagleton 1990:394)
နောက်ဆုံးကိုးကားချက်ကို အီဂယ်တန်ရဲ့ အမြင်နဲ့ ကျွန်တော်ဖော်ပြရတဲ့ အကြောင်းက အထက်ပါ ကိုးကားချက်တွေဟာ ဂေး ၊ လတ်စဘီယံတွေရဲ့ လိင်ပိုင်ဆိုင်ရာ အပြုအမူတွေကို  နာလည်းစေချင် ၊ သည်းခံပေးစေချင်တဲ့ အတွက်ပဲ ။ အီဂယ် တန် ဖူးကိုးအပေါ်မှာ မြင်သလိုပဲ ။ အထက်ပါ လိင်သဘာဝအကြောင်း ပညာရှင်များရဲ့ အမြင်ဟာ လိင်ပိုင်းဆိုင်ရာ အလွန်အကျွံအာရုံခံစားမှုအတွက် အကာအကွယ်ပေးလိုတဲ့ သဘောမဟုတ်ဘူး ။ တစ်ချို့သော လိင်သဘာဝတွေကို နားလည်ပေးစေချင်တဲ့ အတွက် ဖော်ပြလိုက်ခြင်းဖြစ်တယ်။
                                                                                                            မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...