Wednesday, May 9, 2012

အမျိုးသား ပညာရေး (ဦးသန့်)


by So Min Oo on Tuesday, May 8, 2012 at 8:20pm 

အမျိုးသား ပညာရေး သည် မြန်မာနိုင်ငံ၌ ၁၉၂၁ ခုနှစ် တွင် ပေါ်ပေါက် လာသည်။ ပေါ်ပေါက်ခြင်း၏ အကြောင်းမှာ အများ သိရှိကြသည့် အတိုင်း ၁၉၂၀ ခု ရန်ကုန် တက္ကသိုလ် ပြင်ဆင်ရေးအက်ဥပဒေကို သဘောမကျသော အနေနှင့် ကျောင်းသားကြီးငယ်တို့သည် မြန်မာနိုင်ငံ ပညာရေးစနစ်ကို အသစ် ထူထောင်မည်ဟူသော စိတ်ထားဖြင့် ကျောင်းများမှ သပိတ်မှောက် ထွက်လာကြပြီးလျှင် အမျိုးသားကျောင်းများကို တစ်စင်ထောင်ကြလေသည်။


အမျိုးသားပညာရေး အဖွဲ့တွင် မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ပါဝင်၍ အမျိုးသားပညာရေး၏ ရည်ရွယ်ချက်များကို ထုတ်ပြန် ကြေငြာလေသည်။ ထိုရည်ရွယ်ချက်များအနက် အရေးကြီးသော ရည်ရွယ်ချက်များမှာ မူလ ရှိရင်းစွဲ ပညာရေးစနစ်သည် အမျိုးသားတို့အား အကျိုးမရှိ၊ အရာမထင်သော လခစား ဖြစ်လောက်ရုံသာ ရည်ရွယ်သည့် ပညာရေး ဖြစ်ခဲ့ချေသည်။

ထိုပညာရေးကို စွန့်စား၍ နိုင်ငံခြားသားများ ငါတို့နိုင်ငံတွင် လုပ်ကိုင်ကြီးပွားနေသော အလုပ်ကြီး အကိုင်ကြီးများ၊ သတ္တုတွင်းများ၊ သစ်တောများကို တိုင်းရင်းသားများ ကိုယ်တိုင် လုပ်ကိုင်စီမံနိုင်ရန်  ရည်ရွယ်သည်ဟု ဆိုသည် (၁၉၂၃ ဧပြီလတွင် ကျင်းပသော အမျိုးသားပညာရေး ကွန့်ဖရင့်၏ အကျိုးဆောင် အတွင်းရေးမှုး ဦးမောင်မောင်အုံးခိုင်၏ ထုတ်ပြန်ချက်)။

အခြားအရေးကြီးသော ရည်ရွယ်ချက်များမှာ မြန်မာလူမျိုးတို့အတွက် ဘာသာရေးနှင့် မြန်မာစာပေ၊ မြန်မာနိုင်ငံသမိုင်း၊ မြန်မာ့ယဉ်ကျေးမှု အစုစုတို့ကို ရှိပြီးကျောင်းများတွင် အရေးမပေးခဲ့သဖြင့် အမျိုးသားကျောင်းများ သီးခြားဖွင့်လှစ်ပြီး ၄င်းပညာရပ်များကို ဖွံ့ဖြိုးစေအံ့ဟု ရည်မှန်းခဲ့ကြသည်။အင်္ဂလိပ်ဘာသာမှလွဲ၍ အခြားဘာသာရပ်များတွင် မြန်မာဘာသာဖြင့် သင်ကြားခွင့်ပေးရန် ပထမ လှုံ့ဆော်ခဲ့သူများမှာလည်း အမျိုးသားပညာရေး အဖွဲ့ပင် ဖြစ်သည်။ ပြည်သူ့နီတိနှင့် နိုင်ငံရေး အခြေခံများကိုလည်း လူငယ်များအား ပို့ချရန် ရည်ရွယ်သည်။ ပို့ချခဲ့ကြသည်။

ဤရည်မှန်းချက်များသည် မှန်ကန်သော ရည်မှန်းချက်များ ဖြစ်ကြောင်းကို ပညာရေးလိုက်စားသူတိုင်း ၀န်ခံကြရပေမည်။ သို့ရာတွင် အဘယ့်ကြောင့် အမျိုးသားပညာရေးသည် အောင်မြင်သင့်သလောက်  မအောင်မြင်ခဲ့သနည်း။ ၁၉၂၂-၂၃ ခုနှစ်က အမျိုးသားကျောင်း ၉၁ ကျောင်းတွင် ကျောင်းသား ၁၆၀၀၀ ရှိခဲ့ရာ၊ ၁၉၃၅-၃၆ ခုနှစ်တွင် ကျောင်း ၅၅ ကျောင်းနှင့် ကျောင်းသား ၇၈၀၀ မျှသာ အဘယ့်ကြောင့် လျှော့ကျခဲ့ပါသနည်း။

ပညာရေးသည် အခြားအရေးများနည်းတူ ငွေပေါ်တွင် အမှီသဟဲပြု၏။ ငွေအများဆုံး သုံးနိုင်လျှင် ပညာ အကောင်းဆုံး ရနိုင်၏။ အမျိုးသားကျောင်းများ ဖွင့်စက အစိုးရအထောက်အပံ့ မယူမီ ကျောင်းဆရာ ဆရာမများသည် မငတ်ရုံတမယ် ကိုယ်ကျိုးကို လုံးဝစွန့်၍ မေတ္တာလုပ်ငန်း စေတနာလုပ်ငန်းဖြင့် အနစ်နာခံလျက် သင်ရကြားရခဲ့ကြသည်။

အငြိမ့်လူပြက်များ၏ ရေပတ်လည် ၀ိုင်းလျက်ရှိသော နေရာကို ကျွန်းဟုခေါ်သည်၊ ကြွေးပတ်လည် ၀ိုင်းလျက်ရှိသော သူကို နေရှင်နယ် ကျောင်းဆရာဟု ခေါ်သည်ဆိုသော ပြက်လုံးသည် ရှေးနှစ် ၂၀ ကျော်က ခေတ်စားခဲ့ဖူးသည်။ ၄င်းနောက် များမကြာမီ အစိုးရ၏ အထောက်အပံ့ ယူသင့်မယူသင့် ပြဿနာ ပေါ်ပေါက်လာပြီးနောက် အထောက်အပံ့ ယူသောကျောင်းနှင့် မယူသောကျောင်း ဟူ၍ နှစ်မျိုးကွဲကြပြန်သည်။

မယူသော ကျောင်းဆရာများသည် တဖြည်းဖြည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီး ဖြစ်၍၊ ယူသော ကျောင်းများသာလျှင် ၁၉၄၁-၄၂ ခုနှစ်အထိ အသက်မသေ ကျန်ခဲ့လေသည်။ အသက်မသေဟု ဆိုရာ၌ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိကြသည်မဟုတ်။ ချူချာချည့်နဲ့စွာ ကျန်ခဲ့ခြင်းဖြစ်သည်။

အထောက်အပံ့ကို ယူသောအခါ အခြားနိုင်ငံခြား သာသနာပြု ကျောင်းများနည်းတူ အရှုံး၏တစ်ဝက်ကို ရကြ၏။ အရှုံး၏ တစ်ဝက်ဆိုရာ၌ အကယ်၍ ကျောင်းတစ်ကျောင်း၏ တစ်နှစ်ကုန်ကျစရိတ်သည် တစ်သောင်းဖြစ်၍ ကျောင်းလခ လေးထောင်ရအံ့၊ လိုသော ငွေခြောက်ထောင်ကို အရှုံးဟုခေါ်ပေသည်။ ထိုခြောက်ထောင်အနက် အစိုးရက သုံးထောင် ထောက်ပံ့၍ ကျောင်းကော်မတီက ရှာပေးရသော သုံးထောင်သည် အများအားဖြင့် ဆရာများ၏ အိတ်ထဲက နှိုက်ပြီး ရှာပေးရသော သုံးထောင်ဖြစ်သဖြင့် ကိုရွှေဆရာတို့သည် မိမိတို့၏ လခထဲမှ အချို့ကို လှူကြရလေသည်။ ဆရာတစ်ယောက်သည် ခွင့်ပြုသော လစာ ၁၅၀ ကျပ်ရလျှင် ၁၅၀ိ- ရကြောင်း လက်မှတ်ထိုးရ၍၊ ၁၂၀ိ- လောက်ကိုသာ ယူရရှာသည်။ ကျန်သော ၂၅ိ၊ ၃၀ိ- ခန့်ကို လှူရသည်။

ရှေးသရောအခါက ပညာမင်းကြီးတို့သည် ထိုသို့ အတင်းမလှူမနေရ စနစ်ကို ပပျောက်စေခြင်း အလို့ငှာ၊ တစ်နှစ်လျှင် တစ်ကြိမ်ကျ ကျောင်းအုပ်များထံမှ မိမိ၏ကျောင်းတွင် ဆရာ ဆရာမများ၏ လခကို အပြည့် ထုတ်ပေးရပါသည်၊ တစ်ပြားတစ်ချပ်မှ မနုတ်ပါဟူသော လက်မှတ်ကို ပေးစေရသည်။ ထို့ကြောင့် အမျိုးသား ကျောင်းများသာမက အခြား အထောက်အပံ့ခံ ကျောင်းဟူသမျှသည် ‘မုသားမပါ လင်္ကာမချော’ ဟူသော စကားကို လက်ကိုင်ပြုလျက် မုသားကို အားရပါးရသုံးကာ လက်မှတ် ထိုးကြရသည်။
ထိုကိစ္စကို ပညာရေးဝန်ကြီးလည်း သိ၏။ ပညာမင်းကြီးလည်း သိ၏။ ပညာဝန်များလည်း သိ၏။ အချုပ်ကို ဆိုရသော် ဘုစုခရုကအစ သိ၏။ သို့ရာတွင် ပညာရေးဌာနသည် ‘သိသာသိစေ မမြင်စေနှင့်’ ဟူသောထုံးကို နှလုံးပြုကြလေသည်။

၁၉၃၉ ခုနှစ်တွင် အထောက်အပံ့နှုန်းကို အစိုးရက တစ်ဝက်မှ သုံးပုံသို့ တိုးပေးလိုက်သောအခါ၊ အထောက်အပံ့ခံ ကျောင်းများသည် များစွာ သက်သာရာရကြလေသည်။ အရှုံး ခြောက်ထောင်ရှိသော ကျောင်းကို ရှေးက အစိုးရက သုံးထောင်ပေးရာ၊ ယခု လေးထောင် ပေးခြင်းဖြစ်၍၊ ကျန်နှစ်ထောင်ကိုသာ ဆရာများထံမှပင် ရှေးကကဲ့သို့ မိုက်ကြေးခွဲကြရပြန်သည်။မုသား အကြီးစားမှ အသေးစားဖြစ်ရုံမျှ ခြားနားလေသည်။ ဤအဖြစ်အပျက်တို့သည် ခေတ်ဟောင်းက ကိစ္စများ ဖြစ်၍၊ စစ်နှောင်းခေတ်တွင် လုံးဝ ပျောက်ကွယ်သင့်ပေပြီ။

ပညာသင်ကြားရေးသည် အစိုးရ၏ တာဝန်ဟူသော အခြေခံသဘောကို ပိုက်မိလျှင် အစိုးရသည် ကျောင်းများကို ကျပ်ပြည့် ထောက်ပံ့ရမည်။ ထိုသို့ ကျပ်ပြည့် ထောက်ပံ့လျှင် ကျောင်းများသည် အစိုးရ ကျောင်းများသာ ဖြစ်လာပေမည်။ အစိုးရသည် အမျိုးသားအစိုးရဖြစ်၍၊ ပညာရေးဝန်သည် အမျိုးသားဝန်ကြီး ဖြစ်လျှင် ကျောင်းများအားလုံးသည် အဘယ်ကြောင့် တိုးတက်သည့် အမျိုးသားကျောင်းများ မဖြစ်နိုင်ရမည်နည်း။ အမျိုးသားပညာရေးကို စတင် ထူထောင်သော ပုဂ္ဂိုလ်ကြီးတို့၏ ရည်ရွယ်ချက်သည် အဘယ့်ကြောင့် မပြည့်စုံရမည်နည်း။ အမျိုးသားပညာရေး အဖွဲ့သည် အမျိုးသားအစိုးရနှင့် အဘယ့်ကြောင့် ပူးပေါင်းဆောင်ရွက်ရန် ၀န်လေးနေရပါအံ့နည်း။

အမျိုးသားကျောင်းများ၏ ရည်ရွယ်ချက်သည် မည်မျှပင် ကောင်းမွန်ပါသော်လည်း အမျိုးသားပညာရေး စနစ်တွင် မူလကပင် မှားယွင်းသော အခြေခံတစ်ခု ရှိခဲ့လေသည်။ ထိုအခြေခံမှာ တခြားမဟုတ်။ အစိုးရ ကျောင်းများတွင် ဆယ်နှစ်နှင့် သင်ရမည့် ပညာကို ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်နှင့် တတ်အောင်သင်မည် ဟူသော စနစ်ပင် ဖြစ်၏။

ပညာသင်ရာ၌ ဆေးမြီးတို မရှိ။ ဆေးမြီးတိုနှင့် သင်၍ ရနိုင်သော ပညာသည် ‘ပညာ’ မဟုတ်၊ ‘သင်ညာ’ မျှသာ ဖြစ်နိုင်ပေမည်။ မူလက ဆယ်နှစ် သင်ယူရသော ဗဟုသုတ (Informative content) ကို ငါးနှစ် ခြောက်နှစ်နှင့် ဥာဏ်ကောင်းသောသူများ ရနိုင်မည် မှန်သော်လည်း၊ ထိုဗဟုသုတသည် ပညာမဟုတ်သေး။ ပြည့်ပြည့်၀၀ လူတစ်ယောက်ဖြစ်နိုင်ရန် အခြားအခြေခံများလည်း ပါရမည်။ ပေါင်းသင်းဆက်ဆံရေးလည်း ပါရမည်။ ကျောင်းသက်လည်း မတိုလွန်းစေရ။ ကျောင်းသားဘ၀သည် ကြီးပြင်းလာသောအခါ နေရမည့်ဘ၀ကို နမူနာပြ ဖြစ်စေရမည်။

တစ်သက်လုံးအတွက် ကျောင်းတွင် စာတွေ့သာလျှင်မက၊ ငါတွေ့တွေလည်း အများကြီး သင်ယူကြရသည်။ ထို့ကြောင့် ပညာသင်ရာ၌ အချိန်တိုဖို့က အရေးမကြီး၊ အချိန်လုံလုံလောက်လောက်နှင့် ပြည့်ပြည့်၀၀ စုံစုံလင်လင် သင်နိုင်ရန်သာလျှင် အရေးကြီးသည်။ ရှေးက ပညာတစ်ရပ်ကို ပိုမိုစုံလင်အောင် သင်ကြားနိုင်ရန် ကြိုးစားကြရမည်။

အများအားဖြင့် ထင်ကြသည်မှာ ကျောင်းကထွက်လျှင် ပညာသင်ကြားခြင်း ပြီးဆုံးပြီဟု အယူရှိကြသည်။ ထိုထက် မှားယွင်းသော အယူသည် မရှိချေ။ မည်သူမဆို ကျောင်းတွင် နေရခြင်းသည် ပညာရှာနေနည်း နိဿရည်းကို လေ့လာခြင်းသာ ဖြစ်သည်။ တကယ့် ပညာကို ကျောင်းထွက်မှ ရှာရမည်။

လူ၏ ဘ၀သည် ပညာသင်ကြားလျက်ရှိသော ကျောင်းကြီးပင် ဖြစ်လေသည်။ လူသည် တစ်သက်လုံး ပညာသင်ကြားလျက် ရှိသည်။ သေမှသာလျှင် လူ့လောက ကျောင်းကြီးမှ ထွက်ရတော့သည်။ ထို့ကြောင့် ငါတော့ ဘယ်အတန်း အောင်ပြီ၊ ပညာသင်တာလည်း ပြီးပြီ၊ နောက်ဆက်ပြီး ပညာရှာရန် မလိုဟူသော စကားသည်၊ ပညာစိုးစိမျှ မရှိသော လူပေါ်ကြော့ စကားသာလျှင် ဖြစ်ပေ၏။
တကယ့်ကျောင်းသား အသက်အပိုင်းအခြားသည်၊ သိတတ်သည့်အရွယ်မှ သေသည်အထိ ဖြစ်၏။

ဦးသန့်


(‘ဗမာသစ်နှင့် ပညာသစ်’ စာတမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။)

စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...