မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၈)
by cherrymyodaw on Wednesday, May 9, 2012 at 2:48pm ·
ဗမာမင်းနဲ့ ဗမာပြည်သူရဲ့ ဆက်ဆံရေးဓလေ့ ကိုလိုနီခေတ်အထိ ရှင်သန်နေလို့ အင်္ဂလိပ်ကို
သခင်လို့ခေါ်ပြီး ဘုရားထူးသူတွေ အများအပြားရှိနေပေမယ့် ခေတ်ပညာတတ်လူငယ်က
အမျိုးသားရေးအတွက် လှုပ်ရှားကြပုံကို သမိုင်းပါမောက္ခ ဒေါက်တာမောင်မောင်ကြီးရဲ့
မြန်မာ့နိုင်ငံရေးအတွေးအခေါ်အပိုင်း (၈) မှာ ဒီအပတ်တင်ပြပါမယ်။
အင်္ဂလိပ် ကိုလိုနီအစိုးရဟာ မျှတတဲ့အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ဖို့ ကြိုးစားပေမယ့်
ပြည်သူလူထုရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ထောက်ခံမှုကိုမရတဲ့အတွက် အမိန့်အာဏာကို
သုံးရပါတယ်။ နိုင်ငံခြားသားအုပ်ချုပ်ပေမယ့် ဗမာမင်းလက်ထက်က ဆက်ဆံရေးပုံစံကို
ဆက်သုံးပါတယ်။ အုပ်ချုပ်သူ အင်္ဂလိပ်ကို “သခင်” လို့ခေါ်ပြီး “မှန်ပါ့ဘုရား” လို့
ပြန်ထူးရပါတယ်။ အရပ်သားရဲ့အမည်ရှေ့မှာ “င” အက္ခရာ မထည့်တော့ပေမယ့် တရားခံကို
ငဖြူ-ငညို-ငမဲ စသဖြင့် ခေါ်တုန်းပါပဲ။
အင်္ဂလိပ်အရာရှိက ကုလားထိုင်ပေါ်မှာထိုင်ပြီး
ဗမာအရာရှိနဲ့ အရပ်သားတွေက ကြမ်းပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ကြရပါတယ်။
အင်္ဂလိပ်အရာရှိရဲ့ ရုံးခန်းကိုဝင်တဲ့ စာရေး သို့မဟုတ် အရပ်သားဟာ အခန်းဝမှာ
ဖိနပ်ချွတ်လက်အုပ်ချပြီး ခါးကုန်းသွားရပါတယ်။ အင်္ဂလိပ်ပြောတာကိုနားထောင်ပြီး
ဘုရားထူးရပါတယ်။ ဒီလိုလက်အုပ်ချီရှိခိုးပြီး အရိုအသေပေးတာကို အင်္ဂလိပ်ကလည်း
သဘောကျပါတယ်။ ဗမာတွေကလည်း မင်းမှုထမ်းနဲ့ ဆက်ဆံရာမှာ ရှိခိုးပြီးဆက်ဆံတဲ့
နည်းကလွဲပြီး အခြားနည်းလမ်းကို နားမလည်တဲ့အတွက် အင်္ဂလိပ်အရာရှိကို
လက်အုပ်ချီရှိခိုးနေတာဖြစ်ပုံရပါတယ်။ ကျေးကျွန်လိုမပြုမူဘဲ သာမန်လူသားတစ်ယောက်လို
လူ့သိက္ခာနဲ့အညီ နေထိုင်ဖို့ သွန်သင်ဆုံးမတာမျိုး အင်္ဂလိပ်ကမလုပ်ပါဘူး။ လူလူချင်းရှိခိုးပြီး
အရိုအသေပေးတဲ့ ဗမာ့ရိုးရာဓလေ့ကို အင်္ဂလိပ်ကိုလိုနီအစိုးရက ဆက်ပြီး အားပေးနေပုံရပါတယ်။
အထက်မြန်မာပြည်ကို သိမ်းပိုက်တဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေကို ဗမာက “ဗိုလ်” လို့ခေါ်ပါတယ်။
နောက်တော့ အင်္ဂလိပ်မှန်သမျှကို “ဗိုလ်” လို့ခေါ်ပါတယ်။ လွတ်လပ်ရေးရတာတောင်
အနောက်တိုင်းဆန်သူကို “ဗိုလ်ဆန်” တယ်လို့ ဗမာတွေသုံးနှုန်းတုန်းပါပဲ။ အာဏာရှိသူကို
နာခံကြောက်ရွံ့တဲ့ ဗမာ့ဓလေ့ကို အင်္ဂလိပ်က ဆက်လက်ထိန်းသိမ်းထားတဲ့အတွက်
ပြည်သူလူထုရဲ့ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို မရရှိတော့ပါဘူး။
အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ရဲ့ တရားမျှတမှုသဘောကိုလည်း နားလည်သဘောပေါက်ဖို့
ခက်ခဲသွားပါတယ်။ အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ရဲ့ ကောင်းမွန်တဲ့အချက်တွေကို ဗမာက
မမှတ်မိတော့ဘဲ သခင်နဲ့ ကျွန်ဆက်ဆံသလို ရှိခိုးနေရတာကိုသာ စိတ်ထဲစွဲနေပါတော့တယ်။
အဲဒီခေတ်အခြေအနေကို ပြန်လည်သုံးသပ်မယ်ဆိုရင် အင်္ဂလိပ်လုပ်ပုံကိုင်ပုံဟာ
သိပ်မဆိုးဘူးလို့ ပြောနိုင်ပါတယ်တဲ့။ စေ့စေ့တွေးရင် အင်္ဂလိပ်ရောက်လာတာ ကောင်းတယ်လို့
ပြောနိုင်ပါတယ်တဲ့။ ဗမာမင်းရဲ့ အကြွင်းမဲ့အာဏာရှင်စနစ်အလွယ်တကူ ပျက်စီးသွားတာ
အင်္ဂလိပ်က ၀င်ရောက်တိုက်ခိုက်လို့ပါ။ ဒီလိုသာ နိုင်ငံခြားက၀င်မတိုက်ဘူးဆိုရင်
အကြွင်းမဲ့အာဏာရှင်စနစ် ပျက်စီးဖို့အတွက် တော်လှန်ရေးတစ်ရပ် ဆင်နွှဲရပါလိမ့်မယ်။
ဒါပေမဲ့ အာဏာရှင်စနစ်ဆိုးရဲ့ အကျိုးဆက်တွေကတော့ ကျန်ရှိနေပါသေးတယ်။
ပြည်သူလူထုအဖို့ကတော့ အစိုးရဆိုတာ သူတို့နဲ့ နီးစပ်တဲ့ သူကြီးနဲ့ မြို့အုပ်ပါပဲ။
ဗဟုသုတရှိသူကသာ အာဏာပိုင်ဟာ ရန်ကုန်အခြေစိုက် အရာရှိချုပ်ဖြစ်မှန်းသိကြပါတယ်။
ဘိလပ်က အင်္ဂလိပ်ဘုရင်ဟာ အမြင့်ဆုံးအာဏာပိုင်ဖြစ်မှန်း ခပ်ရေးရေးသဘောပေါက်ပေမယ့်
ဘယ်လိုအုပ်ချုပ်တယ်ဆိုတာကိုတော့ မသိကြပါဘူး။ အခြေခံဥပဒေနဲ့ အုပ်ချုပ်တယ်ဆိုတာကို
ဗမာတွေနားမလည်ကြပါဘူး။ ပါလီမန်စနစ်နဲ့ အုပ်ချုပ်တဲ့အစိုးရ သီးခြားလွတ်လပ်တဲ့
တရားစီရင်ရေးဌာန တရားဥပဒေစိုးမိုးရေးဆိုတာတွေကို ဗမာက တစ်ခါမှ ကြားဖူးတာမဟုတ်ပါဘူး။
အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်က အုပ်ချုပ်ရေးစနစ်ကို အတုခိုးပြီး မင်းတုန်းမင်းက
အနည်းအကျဉ်း ပြုပြင်ရေးလုပ်တာလောက်ပဲရှိပါတယ်။
ကိုလိုနီခေတ်မှာ ဗမာတွေခေတ်ပညာတတ်လာလို့ အမျိုးသားစိတ်ဓာတ်နဲ့
လွတ်လပ်လိုစိတ်ရှိလာတာကို ခေါင်းမထောင်နိုင်အောင်ဖိနှိပ်တာမျိုး အင်္ဂလိပ်ကမလုပ်ပါဘူး။
နိုးကြားလာတဲ့ အမျိုးသားစိတ်ဓာတ်ကို လိုချင်သလိုပုံသွင်းပြီး ဗြိတိသျှအင်ပါယာမှာ
အံဝင်ခွင်ကျ ဖြစ်သွားအောင်လုပ်ဖို့သာ အင်္ဂလိပ်ကစိတ်ဝင်စားပါတယ်။ ဗမာ့အမျိုးသားဝါဒဟာ
ဗြိတိသျှအင်ပါယာကြီးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှင်သန်ကြီးထွားလာတာကိုသာ
အင်္ဂလိပ်ကိုလိုနီအစိုးရက မြင်လိုပါတယ်။ ဒါကြောင့် ဗြိတိသျှအင်ပါယာဆိုတဲ့ အယူအဆကို
ကျောင်းနဲ့ကောလိပ်တွေမှာသင်ကြားဖို့ နည်းလမ်းရှာရတဲ့ အင်ပါယာသဘောတရားကော်မတီ
COMMITTEE ON THE IMPERIAL IDEA ကို ၁၉၁၇မှာ ဖွဲ့စည်းပါတယ်။
ဗြိတိသျှအင်ပါယာအတွင်းမှာ နေထိုင်ကြသူတွေဟာ လူမျိုးဘာသာအယူဝါဒ
အမျိုးမျိုးကွဲပြားနေကြပေမယ့် တရားမျှတမှုသဘောတရားကိုကျင့်သုံးရာမှာ တူညီကြတဲ့အတွက်
အချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားတိုးတက်ဖွံ့ဖြိုးရေးလမ်းစဉ်ကို ကျင့်သုံးတာ
အကောင်းဆုံးလို့ အင်ပါယာသဘောတရားကဆိုပါတယ်။ အင်္ဂလိပ်ဘုရင်ဧကရာဇ်က
အင်ပါယာကိုကိုယ်စားပြုပြီး အင်္ဂလိပ်အလံတော် UNION JACK ဟာ အင်ပါယာရဲ့
သင်္ကေတဖြစ်ပါတယ်တဲ့။ အင်ပါယာအဖွဲ့ဝင်အဖြစ် ဗမာကျောင်းသားတွေမြင်လာအောင်
သင်ကြားပို့ချရမှာဖြစ်ပါတယ်။ ဘုရင်ဧကရာဇ်ရဲ့ ရုပ်ပုံကားချပ်ကို ကျောင်းမှာချိတ်ဆွဲထားပြီး
ကျောင်းရှေ့မှာ UNION JACK အလံတော်ကိုစိုက်ထူကာ GOD SAVE THE KING
ဘုရင်မင်းမြတ်ကို ဘုရားသခင်စောင့်ရှောက်ပါစေဆိုတဲ့ အင်္ဂလိပ်အမျိုးသားသီချင်းကို
ကျောင်းမှာသီဆိုကြဖို့ အင်ပါယာကော်မတီကထောက်ခံတင်ပြပါတယ်။ အင်ပါယာကို
သစ္စာရှိကြဖို့ စည်းရုံးတဲ့လုပ်ရပ်ပါပဲ။
အင်ပါယာသဘောတရားအောင်မြင်အောင် မြန်မာစာပေနဲ့ မြန်မာ့သမိုင်းကို သင်ကြားဖို့လည်း
ကော်မတီက ထောက်ခံတင်ပြပါတယ်။ အမျိုးသားရေးရည်မှန်းချက်ကို အင်ပါယာကော်မတီက
ဘယ်လိုအဓိပ္ပာယ်ဖွင့်တယ်ဆိုတာကို မသိရပေမယ့် ဗမာတွေကတော့ အမျိုးသားရည်မှန်းချက်ဟာ
ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်တယ်လို့ အစောပိုင်းကကြေညာပြီး နောက်ပိုင်းမှာ လုံးဝလွတ်လပ်ရေးကို
ဦးတည်ပါတယ်။
ဗမာတွေဟာ အေးအေးဆေးဆေး တင်းတိမ်ရောင့်ရဲနေကြတယ်လို့ ၁၉၂၀ မတိုင်မီမှာ
အင်္ဂလိပ်က ယူဆခဲ့တာကြောင့် အမျိုး-ဘာသာ-သာသနာကို ဂုဏ်ယူဝင့်ကြွားတတ်တဲ့
ဗမာတွေမှာ အမျိုးသားစိတ်တငွေ့ငွေ့လောင်ကျွမ်းနေတာကို သတိမထားမိခဲ့တာ ဖြစ်ပုံရပါတယ်တဲ့။
အကယ်၍ သတိထားမိရင်တောင် အမျိုးသားဝါဒီကို လိုက်လျောဖို့မလိုသေးဘူးလို့
ယူဆတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားရေးဝါဒဟာ တဖြည်းဖြည်း ရှင်သန်ကြီးထွားခွင့်
ရလာတာပါတဲ့။ ၁၉၂၀ ကျောင်းသားသပိတ်နောက်ပိုင်းမှာ အမျိုးသားရေးလှုပ်ရှားမှု
ကျယ်ပြန့်လာပြီး ခေတ်မီနည်းလမ်းတွေနဲ့ စည်းရုံးလှုံ့ဆော်ကြပါတယ်။
ဒါကို အင်္ဂလိပ်က ဂရုမစိုက်ဘဲ သူ့အစီအစဉ်အတိုင်းသာ ဆက်လုပ်နေပါတယ်။ တက်ကြွလာတဲ့
မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် အသုံးမပြုနိုင်တာဟာ
အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့အမှားပဲလို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ ဗမာ့အမျိုးသားစိတ်ဓာတ်ကို
မှန်မှန်ကန်ကန်မခန့်မှန်းနိုင်တဲ့အတွက် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလို့ ဂျပန်စစ်တပ်ဝင်လာတဲ့အထိ
ဗမာလူငယ်တွေကို စည်းရုံးသိမ်းသွင်းရင် ရနိုင်တယ်လို့ အင်္ဂလိပ်ကိုလိုနီ
အစိုးရ ယူဆခဲ့တာဖြစ်ပုံရပါတယ်။
(ရှေ့ပြေးစကား) မြန်မာပြည်သူလူထုရဲ့ ချစ်ခင်ရင်းနှီးမှုကိုမရတဲ့ ကိုလိုနီအစိုးရ
အမိန့်အာဏာသုံးပြီး အုပ်ချုပ်ရပါတယ်။ ဒါပေမဲ့ဗမာဘုရင်လက်ထက်က မင်းနြဲ့ပည်သူဆက်ဆံရေးပုံစံကို
ဆက်လက်ကျင့်သုံးနေတဲ့အတွက် အမျိုးသားရေးလှုပ်ရှားမှုရဲ့ အကျိုးသက်ရောက်မှုကို
မှန်ကန်စွာအင်္ဂလိပ်က မခန့်မှန်းနိုင်တာဖြစ်ပါတယ်။
(ဒေါက်တာမောင်မောင်ကြီး)
0 comments:
Post a Comment