Sunday, May 6, 2012

ခေတ်သစ် အချစ်


 Zaw Win on Sunday, May 6, 2012 at 1:55pm 



ကိုအောင်ကျော် ကို ချစ်ပါ
ကိုအောင်ဆန်း ကို ချစ်ပါ
ခွတ်ဒေါင်းအောင်လံတော် ကို ချစ်ပါ။

ဦးခေါင်းသာ ပျော့ရင်ပျော့မတဲ့
ဒူးခေါင်းတော့ မပျော့ဘူး ဆိုတဲ့
တကယ့်အာဇာနည် တွေကိုချစ်ပါ။


ပါလီမန်တွင်း ပါလီမန်ပ
တွင်းပြင် နှစ်လီ
တိုက်ပွဲဝင်သူရဲကောင်းအစစ်တွေကို ချစ်ပါ။

အကျယ်ဆုံး ဖွင့်ပေးနိုင်ရက်သားနဲ့
စကောလောက် ဖောက်ပြပြီး
အပ်ဖျားလောက် အပေါက်လေးသာခွင့်ပြုထားတဲ့
"အိမ်ပြန်ခွင့်" လိုင်စင်အတွက်
တချိန်က သံရုံးရှေ့က ရဲရဲတောက်တွေ
သံရုံးတကာမှာ ဒူးထောက်
ဒူးပွန်းသူတွေရဲ့ အပြန်ဦးတဲ့လမ်းမှာ
အိမ်မပြန်နိုင်ကြသေးသူတွေအားလုံးကို ချစ်ပါ။

အော် မေ့တော့်မလို့
အသက် သွေး ချွေး စဉ်မနှေး
ပေးဆပ်သည်မှာ တပ်မတော်ပါ ဆိုပြီး
တံတားဆောက် ရာ ကနေ ဥပဒေပါပြုတတ်သူ
ဂေါက်ကွင်း နဲ့ အကျဉ်းထောင်ပိုင်ရှင်
စစ်တိုက်ဖို့အတွက် လက်နက်နဲ့ သေနင်္ဂဗျူဟာနိုင်နင်း ပြီး သမ္မတအရည်အချင်းမှီကြသူ
ပါလီမန် ထောင်ပေးသူတွေကိုလည်း ချစ်ကြပါဗျာ။

"အမေ အမေ" နဲ့ တကျော်ကျော်အော်
ခေါင်းပေါင်းစ တလူလူနဲ့
အမေ့ ထမီစခေါင်းမှာပတ်ပြီး အမတ် ဖြစ်သူတွေဖြစ်
အဲ အဲ့ဒီလူတွေကိုလည်း ချစ်ကြပါဗျာ။

အင်း
အမေရိကန်သံတမန်တွေဝင် အင်္ဂလိပ်သံတမန်တွေထွက်
ကုလတွင်းချုပ်တွေ ဝင် မီဒီယာတွေ နဲ့ ပွဲတွေခံနေချိန်
နရသိန် အကျဉ်းထောင်ထဲက အမေ့ခံ အပယ်ခံ သူရဲကောင်းတွေအားလုံး ကိုလည်း
တချက်လေးငဲ့စောင်း သတိတယနဲ့ ချစ်ကြပါအုန်းဗျာ။  

သစ်တောတွေ ကို ချစ်ပါ
ရေ ကို ချစ်ပါ
မြေ ကို ချစ်ပါ
အလုပ်သမား လယ်သမားတွေကို ချစ်ပါ
ကမ္ဘာ့ လူဦးရေ ခုနှစ်ဘီလျံ ကို ချစ်ပါ
မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေ ကို ချစ်ပါ
ရှည် တို အလတ် သုံးရပ်ခန္တာ  သတ္တဝါတွေ ကို ချစ်ပါ
နီးနေ ဝေးနေ နှစ်ထွေများစွာ  သတ္တဝါတွေ ကို ချစ်ပါ
လူ နတ် ဗြဟ္မာ တွေကို ချစ်ပါ
ကြည်း ရေ လေ နေ သတ္တဝါတွေ ကို ချစ်ပါ
ပြည်တွင်းစစ်မုန်းသူတွေကို ချစ်ပါ
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လှုပ်ရှားသူတွေကို ချစ်ပါ
ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လှုပ်ရှားသူတွေကို ချစ်ပါ
ရောဂါဘယ ကင်းစင်ရေး လှုပ်ရှားသူတွေကို ချစ်ပါ
အခမဲ့ နာရေးကူညီမှု အသင်းတော်ကြီးကို ချစ်ပါ
အသစ်စက်စက် ရွေးကောက်ပွဲ မဲ နဲ့ ရွေးချယ်ခံ ဂျာနယ်လစ် တွေကိုချစ်ပါ
ကိုယ်ထမင်းကိုယ်စား ဂျီဒေါ်နွားကျောင်းနေကြသူ ဖေ့စ်ဘွက်တက်ကြွသူတွေကိုချစ်ပါ။

ဘုရားသခင် က အစ
အိုင်ဖုန်း နံပါတ် လေး အထိချစ်ပါ။

ဆရာကြီး မင်းသုဝဏ် ရေး"သူ့မှာတမ်း" ကဗျာ ထဲက
"ခရီးမတ်တပ် လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ" စကားဆိုတဲ့
တာဝန်ကျေသိတပ်သူ အပေါင်းကို ချစ်ပါ။

သစ်ရွက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...