ဆောင်းပါး
ယခုခေတ်မြန်မာပြည်၌ ဟိုလူကလဲ ဆောင်းပါး၊ ဒီလူကလည်း ဆောင်းပါး၊ ၁၆ နှစ်သားကလေးကလဲ ဆောင်းပါး၊ ဘုန်းတော်ကြီးတွေက လဲ ဆောင်းပါး၊ ဆောင်းပါးတွေ မှိုလိုပေါက်နေ ပေါက်လျက် ရှိပေသည်။ မြန်မာမဂ္ဂဇင်း တွေကလည်း အမျိုးမျိုးအဖုံဖုံ ထွက်ပေါ်လာကြသဖြင့် နောက်ထပ် မဂ္ဂဇင်းလုပ်ရန် စိတ်ကူး သောသူ မည်သညမ မဂ္ဂဇင်း နာမည်ကိုပင် ပေးစရာမရှိသလောက်ဖြစ်နေကြပေ၏ ။
မဂ္ဂဇင်းတွေ မည်မျှပင် တိုးတက်များပြားလာသော်လည်း အများအားဖြင့် ဆောင်းပါးတို့မှာ မြန်မာတွေ အိပ်မနေကြပါနှင့်၊ ကမ္ဘာကို မြန်မာက ဘာဖြုံမလဲ၊ ၁၀ ရက် အတွင်းသူဋ္ဌေးဖြစ်နည်း၊ နိသရည်း စသည်တို့ပင်တည်း၊ ရေးသူများကို ကြည့်ကြပါစို့။ နာမည်ကျော် ဆရာ့ ဆရာကြီးများဖြစ်သော ယုဇနသိန်း၊ ကြယ်တာယာ၊ ဦးပဲ၊ ရခိုင်ပြည် ဦးဘစော၊ မဟာပါရဂူဘွဲ့ခံ ဦးဋ္ဌေးဝင်း၊ တောင်ငူက မောင်ဖြူ စသည်တို့ တည်း။ ထိုကဲ့သို့ နာမည်ကျော် စာရေးဆရာကြီးများ၏ ရဲရဲတောက် ဆောင်းပါးများကို ဖတ်ကြည့်လျှင် မှတ်စရာဆို၍လည်း တယ်ပြီး မပါလှ၊ စိတ်ရွှင်စရာ ဆို၍လည်း ဘာမှ မရှိ၊ အကျိုးမများသော ဆောင်းပါးများ ဖြစ်ကြလေသည်။
ထိုသို့သော လူများက ဆောင်းပါးမရေးရ ဟု မဆိုလိုပါ၊ ရေးရပါသည်၊ သို့ရာတွင် ကိုယ်နိုင်ရာ ဇာတ်ကိုသာ ခင်းကြစေလိုပါသည်။ ရရ စားစား နေသောာ ပုဂ္ဂိုလ်တစ်ဦးက ၁၀ ရက်အတွင်းသူဋ္ဌေးဖြစ်နည်း နိသရည်းကို မရေးစေလိုပါ။ ကျောင်းသားအရွယ်လူမမယ်ကလေးက မြန်မာပြည် ပညာရေးအကြောင်းကို မရေးစေလိုပါ။ ဘုန်းတော်ကြီးများကလည်း အချစ်ဆိုတာဘာလဲ အစရှိသော ဆောင်းပါးများကို ရေးရန်မသင့်ပါ၊ သူ့ အလုပ်နှင့်သူ တာဝန်ကျေပြွန်သော ကိစ္စများကိုသာရေးသင့်ပါသည်။ အိမ်ကောင်းတစ်ဆောင်ကို ဆောက်လုပ်ရာ၍ အိမ်ပုံစံကိုဆွဲရန် လူတစ်ဦးလိုသည်၊ အုတ်နှင့်ဆိုင်သော လုပ်ငန်းအတွက် ပန်းရံလို၏။ သစ်နှင့်ဆိုင်သော လုပ်ငန်းအတွက် လက်သမားလို၏ ။ ထိုသို့ ဆိုင်ရာတာဝန်ကို ဆိုင်ရာ ပဂ္ဂိုလ်တို့ ကဆောင်ရွက်မှသာလျှင် အိမ်ကောင်းတစ်ဆောင် ပြီးမြောက်နိုင်ပေမည်။
ထိုအိမ်ဥပမာကဲ့သို့ မြန်မာပြည်ကြီး တိုးတက်ကြီးပွား လွပ်လပ်လိုလျှင် ပညာရေး တတ်သိနားလည်သောသူ၊ နိုင်ငံရေးနှံ့စပ်သောသူ၊ စီးပွားရေး ကျွမ်းကျင်သူ၊ သာသနာရေးတွင် တစ်ဖက်ကမ်းခပ် တတ်မြောက်သောသူ၊ နိုင်ငံခြားရေးများကို စေ့စပ်သေချာစွာ လေ့လာသူ အစရှိသည်ဖြင့် များစွာလိုပေ၏။
တတ်ကျွမ်းသည် ဆိုရာ၌ သာမာန်ဖတ်ဖူး၊ မှတ်ဖူးသေားသူကို မဆိုလို၊ အစစ် အဆေး အမေးအမြန်းခံနိုင်သော စွယ်စုံပညာရှင်ကို ဆိုလိုသည်။
ဂျာနယ် မဂ္ဂဇင်းတို့တွင် ထိုသူတို့ ရေးသောဆောင်းပါးများကို သာ၍ အလိုရှိသင့်၏ ။ ဥပမာ မြန်မာဇာတ်သဘင် အကြောင်း ဇာတ်ဆရာကြီး ဦးဖိုးစိန်ရေးလျှင် မှတ်ဘွယ်ဖြစ်ပေမည်။ ထိုနည်းအတူ မြန်မာမိန်းမများ၏ အခွင့်အရေးကို ဒေါ်မြစိန်လို အမျိုးသမီးတစ်ဦးက ရေးလျှင် အသိုလျှင် မကောင်းဘဲ ရှိပါအံ့နည်း။
ကျွန်ုပ်တို့ ဂျာနယ် မဂ္ဂဇင်းများသည် များတိုင်းမကောင်း အရေအတွက်ထက် အဆင့်အတန်း ကိုပိုမိုအလိုရှိအပ်ပေသည်။
မြန်မာပြည်၌ ယခုခေတ်သည် သတင်းစာ ဂျာနယ်ခေတ်ကြီးဖြစ်၍ ဆောင်းပါးအရေးအသားသည် ရှေးကထက် ပို၍ အရေးကြီးပေသည်။ သတင်းစာ ဂျာနယ်များက ရန်ကုန်နှင့် မော်လမြိုင် ရေပက်ပြိုင်စေလိုလျှင် နင်လားငါလား အကြိတ်အနယ် ပြိုင်ကြ၏ ။ သတင်းစာဂျာနယ်များက စမ်းချောင်းရပ်က မီးထွန်းပွဲကို ကြီးကျယ်စေလိုလျှင် နတ်ဘုံတမျှ ကြီးကျယ်အောင် စမ်းချောင်းရပ်က မီးထွန်းညှိပူဇော်ကြလေမည် ။ သတင်းစာ ဂျာနယ်များက နိုင်ငံရေးယောင်ယောင် ဦးဖြူကို ခဏခဏ “နှက် ” ပေးပါက တစ်တိုင်းပြည်လုးံက ထိုဦးဖြူကို နှာခေါင်းရှုံ့ကြ၏ ။ အော်ဂလီဆန်ကြ၏ ။ သတင်းစာဂျာနယ်များက စံဖဲလို တောပုန်းတစ်ယောက် ကို မဟာဗန္ဓုလ စစ်သူကြီးနီးနီး သတ္တိ၊ ဗျတ္တိတွေ ပေးလိုက်လျှင် တစ်တိုင်းပြည်လုံးက စံဖဲကို စကြာမင်းလောက် ထင်ကြ၏ ။ ထိုမျှ မြန်မာပြည်တွင် အင်အားကောင်းသော သတင်းစာ ဂျာနယ်မဂ္ဂဇင်းများသည် တိုင်းပြည်အား အသိဥာဏ်ပေးကြပါစေသတည်း။ အမှောင် အမိုက် မဖြစ်ကြပါစေလင့် ။ ထိုစာနယ်ဇင်း ထုတ်ဝေသူတို့သည်လည်း လမ်းကောင်းလမ်းမှန်ကို ပြနိုင်ကြပါစေသတည်း။
ဆောင်းပါးရေးသူတို့ ပထမ စီစစ်ရမည်မှာ “ ငါရေးသော ဆောင်းပါးကို ငါကောင်းကောင်း နားလည်ပါ၏လော ” ဒုတိယ စီစစ်ရမည်မှာ “ ငါ၏ ဆောင်းပါးသည် တိုင်းပြည်က ဖတ်ရန်သင့်ပါမည်လော ” ဟူသော လောလော ကို ထုတ်ကြပါကုန်။
များ မကြာမီက တကယ်နိုင်ငံကျော်သော ဝတ္ထုရေး ဆရာကလေးတစ်ယောက်ကို ယခုစာရေးသူသည် တွေ့ဖူး၏ ။ ၄င်းနာမည်ကို ဝတ္ထုဖတ်သူတိုင်း သိကောင်း သိကြပေလိမ့်မည်၊ ထိုသူနှင့် ဝတ္ထုအကြောင်းများကို စပ်မိစပ်ရာပြောကြရ၏ ။ ထိုပြောသောစကားများသည် အောက်ပါအတိုင်း လိုလိုပင် ဖြစ်ပေသည်။
ကျွန်တော်။ ။ခင်ဗျားဘာကို ဝါသနာပါသလဲ
ဝတ္ထုရေးဆရာ။ ။ ဟာဗျာ ဝတ္ထုရေး သိပ်ဝါသနာပါတာပဲ။
ကျွန်တော် ။ခင်ဗျား ဒီ့ပြင်ကော ဘာဝါသနာပါသေးသလဲ ။
ဝတ္ထုရေးဆရာ။ ။ကျွန်တော် ဒီ့ပြင်တော့ ဘာမှ ဝါသနာမပါဘူး ဝတ္ထုတွေ ချည်း ရေးချင်နေတာပဲ။
ကျွန်တော်။ ။ခင်ဗျား သတင်းစာဂျာနယ် တွေရော ဝါသနာပါရဲ့လား။
ဝတ္ထုရေးဆရာ။ ။“ ကျွန်တော် ပြောပါပကော၊ ဝတ္ထုတွေသာ ရေးချင်တာပါပဲ။
ကျွန်တော်။ ။ခင်ဗျား မိတ်ဆွေ သင်္ဂဟ အပေါင်းအသင်း ကောများရဲ့လား ။
ဝတ္ထုရေးဆရာ။ ။မများပါဘူး၊ ဝတ္ထုချည်းပဲ ရေးချင်နေတာပဲ
ကျွန်တော်။ ။ ခင်ဗျား မချမ်းသာချင်ဘူးလား၊ မင်းတိုင်ပင် အမတ်တို့ ဘာတို့ကော မလုပ်ချင်ဘူးလား။
ဝတ္ထုရေးဆရာ။ ။ဒါတွေ တစ်ခုမှ စိတ်မကူးမိပါဘူးခင်ဗျာ ၊ ဝတ္ထုရေးရရင် ပျော်နေတာပါပဲ။
ကျွန်တော်။ ။ခင်ဗျား သမီးရည်းစားတွေ ဘာတွေ ကောထားဖူးသလား
ဝတ္ထုရေးဆရာ။ ။ဒါတွေလဲ ဝါသနာမပါပါဘူး ခင်ဗျာ၊ ဝတ္ထုဆို ဝတ္ထု တစ်ခုထဲပဲ ….
ကျွန်တော်။ ။“ ဒါဖြင့် ခင်ဗျားဝတ္ထု တွေ ဘာကောင်းတော့မှာလဲ၊ လောက အကြောင်းကို မလေ့လာ၊ ချစ်တယ် ကြိုက်တယ် ဆိုတာလဲ ကိုယ်တွေ့ မဟုတ်ပဲနဲ့ရေး၊ အပေါင်းအသင်းလဲ နည်း၊ ဘာကိုမှလဲ ဝါသနာမပါ ဘဲနှင့် ဝတ္ထုကောင်းဘယ်ရေးနိုင်ပါ့မလဲ။ ခင်ဗျားရေးတဲ့ ဝတ္ထုတွေဟာ အက္ခရာတွေ စုပြီး စာမျက်နှာပြည့်သွားရင်ရပြီဆိုတဲ့  စာစုကြီးဖြစ်နေရောပေါ့။
ဝတ္ထုရေး ဆရာဆိုတာ အခြားလူမှုရေးကိစ္စများကို အများကြီး ဝါသနာမပါတောင်မှ အနည်း အကျဉ်းဆိုသလို ပါဖို့ကောင်းတယ်။ နို့မဟုတ်လျှင် ခင်ဗျား ဘာအကြောင်းဝတ္ထုရေးမလဲ ”
စသဖြင့် ပြောလိုက်ရပါသည်။
ထိုနည်းအတူပင် ဆောင်းပါးရေးရလျှင်ပြီးရော ဆိုသောလူမျိုးသည် ဆောင်းပါးရေးရုံနှင့်မပြီးသေးဘဲ မိမိရေးသော ဆောင်းပါးအကြောင်းကို နှံ့စပ် နားလည်ပြီးမှသာ ရေးကြစေလိုပါသည်။ မင်အိုး ကလောင်တံ စက္ကူရှိလျှင် ဆောင်းပါးဖြစ်နိုင်သည် ဟူသော အယူအဆကို ဖျောက်ကြစေလိုပါသည်။ စိတ်ကူး ကလေးများလည်း ထုတ်ကြပါ။ ယခုအခါ မြန်မာ့ နိုင်ငံရေးသည် အနှစ်နှစ်ဆယ်အတွင်းအောက်ဆုံးတန်းသို့ ကျရောက်လျက် ရှိပါသည်။
တိုင်းပြည် ဘာဖြစ်ဖြစ်၊ ငါဝလျှင်ပြီးရောဆိုသည့် ကိုယ်ကျိုးရှာသမားများ ယခုအခါကဲ့သို့ မည်သည့်် အခါကမှ မများခဲ့ဖူးပါ။ ထိုသို့သော ခေတ်ညံ့ကြီးတွင် တိုင်းသူပြည်သားတို့အား အမှန်ကိုသိစေ၍ အမှားကိုပယ်ရှားနိုင်သော ဆောင်းပါးမျိုးသာလျှင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တို့တွင် မြင်ရပါလို၏ ။
ဦးသန့်
ကြီးပွားရေးမဂ္ဂဇင်း၊ တွဲ ၆ မှတ် ၁၁ (နိုဝင်ဘာ၁၉၃၈)
0 comments:
Post a Comment