သင်္ကြန်မယ်တွေလည်တဲ့ သင်္ကြန်
by Sharr Lu on Monday, April 16, 2012 at 3:28pm
(၁ )
သင်္ကြန်ကျပြီဆို အများသူငှာလို ရေပက်ခံထွက်၊ ရေလိုက်လောင်းခြင်းတို့ထက်၊ လူများရေပက်ဆော့ကစားကြ ရေပျက်ခံထွက်သူများ လွတ်လပ်ပျော်ပါးနေကြတာကို ကြည့်နေရတာကိုပိုနှစ်သက်မိသည်။ သူတို့ပျော်ရွင်မှုက ကျနော်ကိုလည်းပျော်ရွင်စေသည်။ သူတို့ နောက်ပြောင်ပြောဆိုအော်ဟစ်နေမှုက ပတ်ဝန်းကျင်ကို မြူးပျော်စေသည်။
သူ့ကိုမြင်နေ တွေ့နေ ကြည့်နေတာကြာပြီ။ သူရေကစားပုံကတမျိုးဖြစ်သည်။ ရေပက်ခံထွက်လာကြသော ကားတွေ လူတွေ တွေ့တိုင်း သူရေလိုက်မလောင်းချေ။ အသက်ကြီးပိုင်းဟုထင်ရသော လူကြီးများနှင့် ကလေးများကို ရေဖလားဖြင့်ကျော(က်)ကုံးအပေါ်ကို ညင်ညင်သာသာလေး ရေလိုက်လောင်းတတ်သည်။ နောက်ပြီး ကလေးများကိုရေလောင်းပြီးပါက၊ ကလေးများကျောကိုဖြေးဖြေးလေး သူမလက်ဖြင့်ပုတ်ပေးခါ ပါးစပ်ကလည်းတခုခုကိုပြောနေပုံရသည်။ ဒီခေတ်ကြီးထဲမှာ သူမလိုရေကစားတတ်သူကို ပြတိုက်တွေ ဘာတွေဖွင့်ပြီးထိန်းသိမ်းထားသင့်သည်။ နောက်တခု သတိထားမိတာက၊ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက်၊ သူမခန္တာကိုယ်ပေါ်တွင် အ၀ါရောင်ပါသော အမှတ်အသားတခုခုဆင်မြန်းထားတတ်သည်။ သေချာပြီ ကျနော်သူမကိုစိတ်ဝင်စားနေပြီ။
ရေကစားနေကြသူများ၏ ကားလမ်းမတဖက်ရှိ လဘက်ရည်ဆိုင်မှ ထိုင်ကြည့်နေတာ။ သူမကိုမြင်နေရသည်။ ရေကစားနေကြသူများမှာ ရေပက်ကစားခိုက် ရေကို ခပ်ရင်ဖြစ်ဖြစ် ရေပက်ဖျန်းရင်ဖြစ်ဖြစ် ကိုင်ဆောင်ထားကြသော ရေခွက်များမှာ ပုံစံအမျိုးမျိုးရှိသော်လည်း၊ သူမကိုင်ဆောင်သော ရေခွက်ကိုပိုသတိထားမိသည်ဆိုက လွန်တယ်ထင်ချေမည်။
ခါးလောက်ရှိတဲ့ ဆံနွယ်နဲ့ရေခွက်အဖြူရောင်ကိုလက်မှာကိုင်ပြီး၊ ရေဖြည့်ထားသောတိုင်ကီတွေနားရပ်နေပြီး၊ သူများရေပက်ကစားနေကြတာကို ကြည့်ကာ ပြုံးနေသော သူ့ကိုကြည့်ရသည်မှာ တမျိုးပါလား။ သူမရေကစားနေပုံက ပျင်းစရာတော့ကောင်းသည်။ ဒါပေမယ့် သူမရေကစားနေတာကိုက လှနေသည်။
ဒီလိုပဲကြည့်နေတော့မှာလားဟု ကိုယ်တိုင်မေးမိသည်။ ထိုင်ရာမှ မတ်တပ်ရပ်လိုက်စဉ် သူငယ်ချင်းတယောက် ရောက်လာသည်၊ သူ့လက်မှဖလားခွက်ခဏငှားလိုက်သည်။ သူသောက်နေသော ရေခွက်ကိုပါ လှမ်းလိုက်သော ရေခွက်ကို ရင်မောမောဖြင့် အမြန်မော့သောက်လိုက်သည်။ ရင်ထဲပူကနဲ့ဖြစ်သွားသည်။အရက်။ မထူးပါဘူးဆိုပြီး နောက်တငုံထပ်သောက်လိုက်ပြီး ရေခွက်ကိုပြန်ပေးလိုက်သည်။ သူရှိရာ အပြေးလှမ်းခဲ့မိသည်။
“ရေလောင်းမယ်နော်။”
“ရင်ထဲအထိရွင်လန်းအေးမြပါစေ။”
“သိပ်ချစ်တာပဲ။”
--------------------------------------------------------------------------------------------------------------------------------------
(၂ )
နောက်တနှစ် သင်္ကြန်ရောက်ဖို့တောင်နီးလာပြီ။ မနှစ်ကသင်္ကြန်ပြီးကထဲက သူမနဲ့တခါတရံ၌သာ လမ်းမှာတွေ့ရသည်။ စကားလိုက်ပြောဖို့ဆိုတာကလည်း ဝေလားဝေး။ သူမအကြောင်းတချို့ကိုတော့ စုံစမ်းကြည့်မိသည်။ အရေးအကြီးဆုံးဖြစ်သည့် သူမမှာ အတွဲမရှိဘူးဆိုတော့ တော်သေးသည်။ ရောမဇတ်လမ်း ပုံပြင်တွေထဲမှာ ဇုနတ်မင်းကြီးက လူ့ပြည်မှာ ခြေလေးချောင်း လက်လေးချောင်းနှင့် လျှင်မြန်အစွမ်းထက်သော လူသားတွေကို စိုးရိမ်လာသည်။ သူတို့နတ်တွေကိုတောင် အန္တရယ်ပြုလာမည့်အရေး ပူပင်ကြသည်။ သူတို့ကအစွမ်းထက်လေတော့ သူတို့ကိုရှင်းလင်းပြစ်မည်။ သို့မဟုတ် လက်နှစ်ချောင်း ခြေနှစ်ချောင်းဖြစ်အောင် လူသားကို နှစ်ခြမ်းခွဲလိုက်မည် စသဖြင့် နတ်တွေငြင်းခုံနေကြသည်။
နောက်ဆုံး သူတို့ကို နှစ်ခြမ်းခွဲလိုက်ခြင်းကြောင့် ခြေ လက် နှစ်ခြောင်းသာရှိသော လူသားမှာ အားအင်စွမ်းအားနည်းပါးသွားခြင်း၊ နတ်တွေအတွက် အပူဇော်လာသော လူတွေကြောင့် နတ်တွေအတွက် အန္တရယ်မရှိတော့သည့်အပြင် ပိုလို့ပြည့်စုံမည်ဖြစ်သောကြောင့် နှစ်ခြမ်းခွဲလိုက်ကြသည်။ ထို့ကြောင့်လူတို့သည်၊ သူတို့အခွဲခံလိုက်ရသောအခြမ်း၊ မိမိပျောက်သွားသော အခြမ်းကို လိုက်လံရှာဖွေဆဲဖြစ်သည်။ ကျနော်လည်း ကျနော်ပျောက်နေသော အခြမ်းကို လိုက်ရှာနေရသည်။ သူမသည် ကျနော့်ထံမှ အခွဲခံလိုက်ရသော အခြမ်းများလား။ ကျနော်လိုက်ရှာနေသော အခြမ်းများလား။ ဖြစ်ချင် ဖြစ်နေတတ်သည်။
၂၀၁၂ သင်္ကြန်ရောက်ပြီ။ သင်္ကြန်ချိုတေးလေးတွေ မျှမျှကျူနေလေရဲ့။ ရေကစားသူတွေ လောင်ပက်ကြသော ရေများသည်၊ ကျနော့်ရင်ထဲက သူကိုချစ်၍ စောင့်စားနေရသော မျှော်လင့်ခြင်း သောကများကို မြောက်ကစားနေသလို ထင်ရသည်။ ရှေ့က စားပွဲခုံပေါ် ဗန်ဒါရွက် တရွက် ထောက်ကနဲ ကြွေကျလာတော့ လန့်သွားသည်။ သူငယ်ချင်းတွေ ကျနော့်ဆီကို ရောက်လာကြသည်။ ရေပက်ခံကစားနေရာမှ ခဏတဖြုတ်လာ နားကြခြင်းဖြစ်သည်။
“ဟေ့ယောင်၊ သင်္ကြန်နောက်ဆုံးရက်တောင် မနက်ဖြန်ရောက်တော့မယ်။ အခုထိရှာဖွေနေဆဲလား။မောင်ကြီး ဒီသောင်က မခွါနိုင်ပါလား။”
သူငယ်ချင်းတယောက်မှ ပြောလိုက်ခြင်းဖြစ်သည်။ ရင်ကို အောင့်သွားစေသောစကား။
ဒီလဘက်ရည်ဆိုင်မှာ ရေပက်လာကြသူတွေကြား သူများပါလာမလားလို့ ထိုင် စောင့်နေရသည်။
သူငယ်ချင်းပြောမယ်ဆိုလည်းပြောစရာပင်။ "သူများပျော်လို့မပျော်နိုင် ဗိုက်ကြီးသည်တွေ မှိုင်။" ရေပက်ခံကားပေါ်မှ နောက်ပြောင် အော်သွားကြသည်။ ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်သွားသည်။ နောက်တော့မှ--"အော်--- ငါနဲ့ ဘာဆိုင်လို့လည်း" တွေးလိုက်သည်။ အိမ်ပြန်တာပဲကောင်းပါတယ်။ ညအမှောင်ရိပ်က တဖြေးဖြေးရောက်လာတော့ ကျနော်အိမ်ပြန်ရတာ သူ့ အရိပ်အရောင် ဘာမှ မတွေ့ရလို့ပါ။
------------------------------------------------------------
(၃ )
သင်္ကြန်နောက်ဆုံးရက်မို့စိတ်စောနေမိသည်။ စိတ် လောနေမိသည်။ တနေခင်းလုံး အိမ်ထဲမှာ အောင်းနေရသည်။
အငှားကားတစီး အိမ်ရှေ့မှာရပ်လိုက်သည်။ မရှည်မနှောင်း အမေဆင်းလာပြီး၊ ပိတောက်ကိုင်းတွေကို လာသယ်ခိုင်းသည်။ အမေ ဥပုလ်စောင့်သွား သွားနေသည့် ဘုန်းကြီးကျောင်းတွင် မနေ့ညက လေပြင်းတိုက်ခတ်သည်။ ပိတောက်ပင်ကြီး လဲကျသေဆုံးသွားသည်။ ပိတောက်ကိုင်းတွေကို ပိတောက်ပင်ပြန်စိုက်ရန် အမေ ယူလာခြင်းဖြစ်သည်။အမေကသာ ပိတောက်ပင်စိုက်ဖို့မစရသေးဘူး၊ အမေ့သားက တနှစ်မှာတခါပွင့်သော အတာပိတောက်ကို ရခဲ့သည့်တိုင် ပိတောက်ပန်းကိုပေးရမဲ့သူကို လိုက်ရှာနေဆဲပါ။အမေကိုပြောချင်သော မပြောဖြစ်လိုက်တဲ့စကား။
ညနေစောင်းလာတော့ လေးလံစွာအိမ်အပြင်ထွက်လိုက်သည်။ ရေကစားနေသော ကလေးများ ကျနော့်ထံ ပြေးလာကာ ရေဖြင့်ဝိုင်းပက်ကြသည်။ စိတ်ကြည်ပြီး၊ ပျော်သလိုလိုဖြစ်လာသည်။ သင်္ကြန်ဆိုတာကို တိုးဝင်ကြည့်ချင်လာသည်။ သူရှိနေမလားဆိုသော အတွေးလေးနဲ့၊ သူရေပက်ကစားဖူးသော နေရာသို့ လျှောက်သွားမိသည်။ ရေခွက်အဖြူကို အဝေးကပင်လှမ်းမြင်နေရသည်။ တကယ် သူမှ သူပင်။ လမ်းတဖက်ကိုကူးသွားသည်။ ပြဿနာက သူကိုရေလောင်းဖို့ရေဖလား ပါမလာခြင်းပင်။ ဘယ်သူဆီကမှငှားလို့ရမယ်မထင်။ သူတို့လည်း သင်္ကြန်နောက်ဆုံးရက်မို့ အကြိတ်အနှယ် ပါဝင်ဆင်နွဲနေကြသည်။ သူဆီသွား၊ သူ့ထံကပင်ရေခွက်နဲ့ရေပါငှားပြီး သူကိုပင်ပြန်ရေလောင်းလိုက်ပြီး၊ချစ်တယ်ဆိုတာပါ မမေ့မလျှော တပါတည်းပြောလိုက်သည်။
“နှစ်ခါရှိပြီ - နော်၊”
စပြောသောစကား။ ကျနော်တို့စကားတွေ ပြောဖြစ်ကြသည်။ ဘေးနားမှာအော်ဟစ်မြူးတူးစွာ ရေကစားနေကြသူတွေများ၏ အသံများမှာ သင်္ကြန်တူပို့တေးသံလို နားဝင်ချိုလှသည်။ နောက်ထပ် ကျနော်တို့ထပ်တွေ့ဖို့ သဘောတူကြသည်။ သင်္ကြန်သည် အမြဲတမ်း နုပျိုလန်းဆန်းပေစွ။
သျှားလူ
၁၆ ဧပြီ ၂၀၁၂
0 comments:
Post a Comment