Tuesday, April 10, 2012

ဒုက္ခသည်တွေ ကိုယ့်နိုင်ငံပြန်ဖို့အရေး


by Wai Maw on Wednesday, April 11, 2012 at 9:15am ·


မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးအအြေနေတွေနဲ့အတူ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ ပြည်တွင်းကိုပြန်လည် ဝင်ရောက်တဲ့ဖြစ်စဉ်တွေ အဆက်မပြတ်ကြားသိနေရပါတယ်။ အဲဒီအထဲမှာ နယ်စပ်ဒုက္ခသည်စခန်းထဲမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်များရဲ့ အရေးကိစ္စကလည်း ကြီးမားသော အခန်းကဏ္ဍ မှာ ရှိနေတာပါ။

တလောက ထိုင်း ပြည်တွင်း လုံခြုံရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဝီရဆတ်က် လော်မ်ဝုန် မဲဆောက်မြို့ကို ရောက်ရှိလာပြီး ဒေသခံ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ နယ်စပ် ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး ပြောဆိုသွားတာက “ဒုက္ခသည် တချို့ကို တတိယနိုင်ငံတွေက ခေါ်ဆောင် သွားမှာဖြစ်သလို နေရပ်ရင်း ပြန်ချင်တဲ့သူတွေကိစ္စကိုတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ဒုက္ခသည်တွေ ကိုယ်တိုင်နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်”လို့ ပြောသွား တာကို ကြားလိုက်ရပါတယ်။
အေပြီ ၁၀ ရက်နေ့မှာ ကျနော်နေထိုင်ရာ ဒုက္ခသည်စခန်းထဲကို မဲဆောက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးမှ တာဝန်ရှိ အမျိုးသမီး(ဂျပန်လူမျိုး) ရောက်ရှိလာပြီး ဒုက္ခသည်များနဲ့ပတ်သက်တဲ့ လတ်တလောအခြေအနေ ၊ အနာဂတ်အလားအလာနဲ့ သူတို့ UNHCR ရုံးရဲ့လုပ်ဆောင်ချက်တွေကို ကို ရှင်းလင်းပြောဆိုပါတယ်။ ပြီးတော့ စခန်းတွင်းနေထိုင်သူ ဒုက္ခသည်တွေရဲ့ မေးမြန်းချက်တွေကိုလည်း သူတတ်နိုင်သလောက် ပြန်လည်ဖြေဆိုပြီး အချို့ချက်ချင်းအဖြေပေးဖို့ခက်တဲ့ အချက်အလက်တွေကို ဆက်လက်တင်ပြသွားမယ်။ နောင် သင့်တော်တဲ့ အချိန်တခုမှာ ဖြေကြားပေးနိုင်မယ်လို့ လည်း ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့ ရပ်ကွက်(၁၇) ခုက ကိုယ်စားလှယ် ၃ ဦးစီ ရွေးချယ်စေလွှတ်တာဖြစ်ပြီး ကျနော်လည်း တဦးအပါအဝင်ဖြစ်ပါတယ်။ ဆွေးနွေးပွဲဆိုသော်ငြားလည်း UNHCR ရုံးက ပေးချင်တဲ့ သတင်း အချက်အလက်ကို နားထောင်ရတာဖြစ်ပြီး၊ အပြန်အလှန် မေးမြန်းဖြေကြားချက်တွေက သိပ်မထူးခြားလှပါ။
သူပြောတဲ့အချက်တွေထဲမှာ အရေးအကြီးဆုံးက ဒုက္ခသည်တွေ ဌာနေပြန်ရေးကိစ္စ ဖြစ်လိမ့်မယ်လို့ ထင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စကို အချိန်ခပ်ကြာကြာယူပြီး အတော်လေးပြည့်ပြည့်စုံစုံ ရှင်းပြသွားလို့ ပါပဲ။ ပြီးတော့ အဲဒီအချက်ကြောင့် စခန်းအတွင်းမှာ အတော်လေး ဂယက်ရိုက်ခတ်သွားတယ်။
ကျနော်တို့ စခန်းထဲမှာက ၂၀၀၅ အထိ PAB (Provincial Addmission Board) process အရ ဒုက္ခသည်အဖြစ် အတည်ပြုသတ်ခြင်းခံထားရပြီး တတိယနိုင်ငံကို ပြောင်းရွှေ့အခြေမချနိုင်သေးသူတွေ၊ ၂၀၀၉ မှာပြုလုပ်တဲ့ Pre-Screening Process အရ ဓာတ်ပုံရိုက်စာရင်းပြုစုထားသူတွေ နဲ့ ဘာအထောက်အထား စာရွက်စာတမ်းမှ မရရှိသေးတဲ့ NO Pre ခေါ် ဒုက္ခသည်လျှောက်ထားဆဲဖြစ်သူတွေ နေထိုင်လျက်ရှိပါတယ်။ အဲဒီ ၃မျိုး ၃ စားထဲ မှာမှ PAB Status ရရှိထားပြီးသူတွေသာ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းအရ တတိယနိုင်ငံမှာ ပြန်လည် အခြေချ နေထိုင်ခွင့် လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေကလည်း သူတို့သတ်မှတ်ထားတဲ့ စံတွေအရ တဦးချင်းစီစစ်လက်ခံ တာကြောင့် လျှောက်ထားသူအားလုံး ပြန်လည်အခြေချနေထိုင်ခွင့်မရပါ။
ခုနေခါ မြန်မာပြည်တွင်းမှာ အပြောင်းအလဲအချို့ဖြစ်ပေါ်နေတာကို ငြင်းကွယ်လို့မရကြောင်း၊ တချိန်ချိန်မှာ မြန်မာအစိုးရက နယ်စပ်ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ကောင်း ခေါ်လာနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး...
UNHCR  တာဝန်ခံက ဒုက္ခသည်များနေရပ်ရင်း ပြန်ရေးနဲ့ပတ်သက်ပြီး UNHCR ရဲ့မူ ၃ ချက်ကို ရှင်းပြပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း အဲဒီမူတွေအတိုင်း လိုက်နာဆောင်ရွက်သွားပါမယ်လို့ ဆိုပါတယ်။ အဲဒါတွေက-
နေရပ်ရင်းပြန်ရေး ကိစ္စဟာ...
(၁)  ဒုက္ခသည်တွေကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်မှုဖြစ်ရမယ်။
(၂)  လုံခြုံမှုရှိရမယ်။
(၃)  ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရမယ်။
ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူတွေကို နေရပ်ရင်းပြန်ဖို့ UNHCR က ဘယ်တော့မှ အတင်းအကျပ် ဖိအားပေးမှာ မဟုတ်သလို ထိုင်းအစိုးရကလည်း လုပ်လို့မရကြောင်း ပြောပါတယ်။ ဒုက္ခသည်တွေကိုယ်တိုင် မြန်မာပြည်တွင်းက ဖြစ်ရပ်အထွေထွေ၊ အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာပြီး ပြန်သင့်တယ်ထင်မှ ဆုံးဖြတ်ကြဖို့ ဖြစ်ပါတယ်။
လုံခြုံမှု အနေအထားနဲ့ပတ်သက်ပြီး Physical Security ရှိဖို့နဲ့ Legal Security ရှိဖို့ ကို ရည်ညွှန်းတာပါ။ ကိုယ်ပြန်နေရမယ့် အရပ်မှာ စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်မှုရှိဖို့၊ တရားဥပဒေစိုးမိုးမှုရှိပြီး ထင်သလိုတရားလက်လွှတ် ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းကင်းဖို့၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ လိုအပ်ကြောင်း၊ ဒါမှသာ စိုးရိမ် ကြောင့်ကြစိတ် ကင်းကင်းနဲ့ ပြန်လည်နေထိုင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
လူ့ဂုဏ်သိက္ခာနဲ့ပတ်သက်လို့  ဒုက္ခသည်အများစုကြီးဟာ အိုးပစ်အိမ်ပစ် ထွက်ပြေးလာကြရသူတွေဖြစ်ပြီး ကလေးငယ်တွေရဲ့ ပညာရေးလည်း မရေမရာ။ ဘဝအနာဂတ်တွေ ဝေဝါးဝါး။ စီးပွားရေးအခြေအနေတွေက သုံညအဆင့်ရောက်နေကြသူတွေ။ တိုင်းပြည်အခြေအနေ အေးချမ်းသာယာနေပြီ။ ပြန်လာခဲ့တော့ ဆိုရုံနဲ့ ခေါင်းမော့ရင်ကော့ပြီး ပြည်တော်ဝင်နိုင်မယ့်သူတွေ မဟုတ်ပါ။  ဒီလူတွေရဲ့ ဘဝပြန်လည်ထူထောင်ပေးနိုင်ရေး အစီအမံတွေလုပ်ပေးဖို့ သက်ဆိုင်ရာ အစိုးရမှာ တာဝန်ရှိတယ်။
ဒါကြောင့်မို့ ကိုယ်နဲ့ကိုယ့်မိသားစုအတွက် လုံခြုံရေးအာမခံချက် ဘယ်လောက်ရှိနိုင်မလဲ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်ဖို့ အခြေအနေကောင်းတွေ ရှိနေပြီလား စတာတွေကို စဉ်းစားချင့်ချိန်ပြီးမှ ပြန်သင့် မပြန်သင့် ကိုယ်တိုင်ဆုံးဖြတ်ကြဖို့ ဖြစ်တယ်လို့ သူက ရှင်းပြတာပါ။
အမှန်မတော့ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းဆုံးရှုံးခံထားရသူတွေအဖို့ ဂုဏ်သိက္ခာရှိရှိ ဆိုတဲ့အသုံးအနှုန်းက အားဆေးတစ်ခွက် ပမာ။
ဆွေးနွေးပွဲကို ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်ချိန်မှာ စကားပြန်အမျိုးသမီးက UNHCR အရာရှိ ကို ခပ်အုပ်အုပ်လေး ပြောလိုက်တဲ့ စကားသံလေး မပီဝိုးဝါးပြန့်လွင့်လာတာ ကြားလိုက်မိပါတယ်။ ‘After the break, half of the listeners have decreased.’ တဲ့...။

ဝေမော်
၁၁ အေပြီ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...