ဒီမိုကရေစီတည်ဆောက်ရေးနှင့် ယုံကြည်မှု
by KyawLinOo on Friday, August 19, 2011 at 3:39pm
( From Yangon Chronicle)
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလသည် ရှည်ကြာလွန်းရုံသာမက အကန့်အသတ်များ၊ နိုင်ငံရေးအင်အားစုများကြား ညှိနှိုင်း ဆောင်ရွက်မှု အားနည်းချက်များလည်း ရှိနေပါသေးသည်။ ဒီမိုကရေစီဆိုကို လူထုလှုပ်ရှားမှုဖြင့်သာ ရနိုင်သည်ဟူသော ရှုထောင့်မှ ကြည့်လျှင် ၈၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်သံဃာ လူမှုလှုပ်ရှားမှုများဖြင့် ရသွားနိုင်စရာအကြောင်း ရှိပါသည်။ သို့သော် ဤအရေးအခင်းများသည် ထင်သလောက် ခရီးပေါက်ခဲ့သည်မဟုတ်။ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဝိုင်းဝန်းရှုတ်ချ ခြင်းသာခံခဲ့ရလေသည်။
တချို့သော လေ့လာသုံးသပ်သူများက မြန်မာနိုင်ငံတွင် လူလတ်တန်းစား အားမကောင်းသလို၊ အရပ်ဖက် လူ့အဖွဲ့အစည်းများလည်း အားနည်း သည့်အတွက် ဒီမိုကရေစီလူထုလှုပ်ရှားမှုများ မအောင်မြင်ရခြင်းဖြစ်သည်ဟု သုံးသပ်ကြခြင်း မျိုးလည်း ရှိပါသည်။ ဤရှုထောင့်မှ ကြည့်လျှင် မြန်မာနိုင်ငံ အဖို့ ဒီမိုကရေစီ အပြည့်အဝ ရနိုင်ဖို့မှာ လွန်စွာ နည်းပါးသွားမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာ လူလတ်တန်စား အားကောင်းဖို့ ဆိုသည်မှာဝေးစွ ဆင်းရဲမွေတေသော လူဦးရေ သန်းနှင့်ချီပြီးတည်ရှိနေရုံမျှမက အရပ်ဘက် လူ့အဖွဲ့အစည်းမှာလည်း နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အမြင်ဖြင့် မျိုးစုံကန့်သတ်ခံထားရကြောင်း တွေ့ရှိရလေသည်။
အရပ်ဖက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာ နာဂစ် မုန်တိုင်း တိုက်ခိုက်ခံရပြီး နောက်ပိုင်း လူ့အဖွဲ့ အစည်း၏ ဖိအားပေးမှုကြောင့် တစ်စုံတစ်ရာ ဖွင့်ပေးလိုက် သည်မျိုးတော့ ရှိလေသည်။
တချို့သော နိုင်ငံရေးသုတေသီများက ဒီမိုကရေစီ အမှန်တကယ် ဖြစ်ပေါ်စေနိုင်သော အဓိကလုပ်ငန်းစဉ်မှာ ဒီမိုကရက်တစ် အင်စတီကျူးရှင်း များကို စနစ်တကျတည်ဆောက်ခြင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ ဥပမာ- နာမည်ကျော် နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ် ဖူးကူးယားမားက ဒီမိုကရက်တစ်အင်စတီ ကျူးရှင်းများ စနစ်တကျ တည်ဆောက်ခြင်း၊ စွမ်းဆောင်ရည် အပြည့်ရှိသော ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခြင်း ဖြင့်သာ ဒီမိုကရက်တစ်ဝိဉာဉ်မှာ အမှန်တကယ် ရှင်သန်နိုင်မည်ဟု ဆိုလေသည်။ မြန်မာနိုင်ငံ ယခု သွားရောက်နေသည့် ဒီမိုကရေစီလမ်းကြောင်းမှာ ဤကဲ့သို့သော လမ်းကြောင်းမျိုး ဖြစ်လေသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို စနစ်တကျတည်ဆောက်ရန် အစိုးရရော၊ နိုင်ငံရေး အင်အားစုများရော နည်းမျိုးစုံဖြင့် ကြိုးပမ်းနေရသည့်အချိန် ဖြစ်သည်။ ဤသို့တည်ဆောက်ရေးအတွက် အဓိကလိုအပ်သည်မှာ အရည်အချင်း ဖြစ်လေသည်။ အရည်အချင်းနည်းပါးလျှင် ဒီမိုကရက်တစ် ဖြစ်စဉ်များဖြင့် ကမောက်ကမ ဖြစ်နိုင်ရုံမျှမက လုပ်ထုံးလုပ်နည်းဝေဝါးကာ စွမ်းဆောင်ရည်လည်း ပြည့်ဝမည်လည်းမဟုတ်ပါ။
ဤနေရာ၌ မီဒီယာနှင့် အရပ်ဖက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာ ဒီမိုကရေစီစနစ် လက်တွေ့အလုပ်ဖြစ်လာအောင် ဝေဖန်ထောက်ပြ၊ ထောက်ပံ့ပေးသည့် ယန္တရားကြီးတစ်ခုဖြစ်လေသည်။ တစ်စုံတစ်ရာ ပွင့်လင်းမြင်သာမှုရှိအောင်၊ ဒီမိုကရက်တစ်ဖြစ်စဉ်အတွင်း နိုင်ငံရေးသမားများ၊ ပါတီများ၊ ဗျူရိုကရက်များအတွင်း အဂတိလိုက်စားမှု၊ မသိနားမလည်၍ မှားယွင်းဆောင်ရွက်မှုများကို မပြတ်တမ်းဝေဖန်ပြောဆိုနေမည်သာဖြစ်သည်။
လွှတ်တော်၊ ပါတီ၊ ရွေးကောက်ပွဲ အစရှိသည့် နိုင်ငံရေးအင်စတင်ကျူးရှင်များ တည်ဆောက်နိုင်ရုံနှင့် ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်ကြီး ချောမွေ့ လာမည်မဟုတ်၊ စီးပွားရေး အင်စတီကျူးရှင်းများ၊ လူမှုရေး အင်စတီကျူးရှင်များကို စနစ်တကျ တည်ဆောက်နိုင်ဖို့မှာ နိုင်ငံရေးနည်းတူ အရေးကြီးပါသည်။ စီးပွားရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရကြား နီးနီးကပ်ကပ်အလုပ်လုပ်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလား အလာများစွာ ဖြစ်ထွန်းသွားနိုင်ပါသည်။ ထိုအတွက်ကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များစုပေါင်းပြီး ယခုထက်ပိုမို၍ ဖွဲ့စည်းတည်ဆောက် နိုင်ဖို့မှာ လွန်စွာ အရေးကြီးပါသည်။ ဤသို့သော စီးပွားရေးအဖွဲ့အစည်းများသည်လည်း အမှုဆောင်ချုပ် ရွေးချယ်ခြင်း၊ ယင်းတို့၏ လုပ်ငန်းနှင့် အစိုးရ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများတွင် ဒီမိုကရက်တစ်ကျင့်စဉ်ကို လိုက်နာနိုင်ရန် လိုအပ်ပါသည်။ ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာနိုင်မှသာလျှင် ယင်းတို့၏ လုပ်ငန်းနှင့် သက်ဆိုင်သော အခက်အခဲများကို အစိုးရထံသို့ မူဝါဒဆိုင်ရာ သွင်းအားစုအဖြစ်တင်သွားနိုင်မည်ဖြစ်သည်။ ဤသို့မှ မဟုတ်လျှင် အစိုးရ အဖွဲ့အတွင်းရှိ လုပ်ပိုင်ခွင့်ရှိသူများထံသို့ ချဉ်းကပ်ကာ လုပ်ပိုင်ခွင့် ရှာစေခြင်းမျိုးဖြင့်တော့ စီးပွားရေး ဖွံ့ဖြိုးမှုကို အမှန်တကယ် ရပ်တန့်သွားနိုင်မှာ ဖြစ်လေ သည်။
သမ္မတအစိုးရအဖွဲ့သစ်မှ နိုင်ငံခေါင်းဆောင်းများရော၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအသွင် ဆောင်နေသော နိုင်ငံရေး အင်အားစုများရော၊ ရွေးကောက်ပွဲ ထက်ထက်သန်သန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးအင်အားစုများပါ မြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးစေချင်သည့် ဆန္ဒထက်သန်မှုများ ရှိမည်သာ ဖြစ်ပေသည်။ သမ္မတ အစိုးရအဖွဲ့သစ်နှင့် အောင်ဆန်းစုကြည်မှာ ဒုတိယအကြိမ် တွေ့ဆုံပြီး သော်လည်း နှစ်ဖက်စလုံးက မီဒီယာများနှင့် တွေ့ဆုံစဉ် အကောင်ရှုမြင်သုံးသပ်မှုများသာပြောကြားခဲ့ပြီး ဆွေးနွေးပွဲ အသေးစိတ်များကို ပြောသင့်သည့် အချိန်ရောက် ထုတ်ဖော်ပြောကြားသွားမည်ဟုသာ ဆိုသွားခဲ့လေသည်။ ဤနေရာ၌ နှစ်ဖက်စလုံးမှာ ဖြစ်နိုင်ချေအလွန်နည်းသည့် နိုင်ငံရေး ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဖို့ကြိုးစားရန်မသင့်တော့ဘဲ နှစ်ဖက်စလုံး အမှန်တကယ် အကျိုးရှိနိုင်မည့် ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ အထူးပင် အရေးကြီးပါသည်။ သို့မှသာ စစ်မှန်သော အမျိုးသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီ အသီးပွင့်များကို ပြည်သူတို့ ခံစားနိုင်ရန် လက်တွဲကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။
0 comments:
Post a Comment