Tuesday, April 17, 2012

မစိုးရိမ် ဦးဝီရသူရဲ့  “နှစ်သစ်ကူးဆုတောင်း”


by Burma VJ Media Network on Tuesday, April 17, 2012 at 5:49pm ·

ပြည်သူလူထုအားလုံး မင်္ဂလာပါ…ဗျာ။
          မြန်မာ့ရိုးရာ နှစ်ဆန်းတစ်ရက်နေ့ဟာ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံတဲ့ နေ့ထူးနေ့မြတ် တစ်ရက်ပဲ ဖြစ်ပါတယ်။
                ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး နှစ်သစ်ကို ကြိုဆိုရုံတင် မဟုတ်ဘဲ ဘုရားရေသပ္ပါယ်ခြင်း၊ မိဘများအား ရေကန်တော့ခြင်း၊ ဘိုးဘွားများအား ရေမိုးချိုးပေး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ လုပ်သားပြည်သူ တစ်ရပ်လုံးအား စတုဒိသာ ကျွေးမွေးခြင်း၊ ပရိတ်တရား၊ ကမ္မ၀ါတရားများ နာကြားခြင်းတို့ဖြင့် ဖြူစင်သန့်ရှင်း အပြစ်ကင်းသည့် ကုသိုလ်များဖြင့် နှစ်သစ်ကို ကြိုဆိုကြသည်မှာ ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံလှပါတယ်။ အမှန်တကယ် ကြည်နူးစရာပါ။

          ချစ်စရာကောင်းတဲ့ ဒီအစဉ်အလာ၊ ဒီယဉ်ကျေးမှု၊ ဒီရိုးရာဓလေ့တွေကို ဆက်လက်ထိန်းသိမ်းကြဖို့လည်း အရေးကြီး ပါတယ်။

          13.4.2012- ရက်နေ့နှင့် ဆိုလျှင် ဦးပဉ္စင်း လူ့ပြည်ကို ပြန်ရောက်လာတာ သုံးလတင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီနှစ်သင်္ကြန်မှာ တစ်ခုထူးတာက သံချပ်တွေ မြိုင်ဆိုင်နေခြင်းပါပဲ။ နှစ်ပေါင်းများစွာ အပိတ်ပင်ခံထားရတဲ့ သင်္ကြန်သံချပ်တွေလည်း ဦးပဉ္စင်းတို့နှင့် အတူ လွတ်မြောက်ခွင့်ရကြလို့ သင်္ကြန်ချစ်သူ ပြည်သူလူထု အားရဝမ်းသာ ပျော်ရွှင်ကြမှာ အမှန်ပါ။ ဦးပဉ္စင်းအတွက်တော့ လူ့လောကမှာ သင်္ကြန်ကျတာ၊ မြန်မာနှစ်ဆန်းတာကို နှစ်ပေါင်းများစွာကြာမှ ပြန်လည်ထိတွေ့ ခွင့်ရလို့ ဝမ်းနည်းဝမ်းသာပါပဲ၊ ဟိုအရင်တုန်းကတော့ လူ့လောကနဲ့ ဝေးကွာတဲ့နေရာမှာ နေရလို့ ပြည်သူလူထု ရေကစားနေတာ တိုက်ရိုက်အားပေးခွင့် မရခဲ့ပါဘူး။ စာနယ်ဇင်းများမှ တစ်ဆင့် မုဒိတာပွားနေရပါတယ်။ နောက်တော့လည်း မြစ်ဆုံအရပ် မဲဇာလွန်တောရမှာနေရင်း TV.မှ တစ်ဆင့် ပြည်သူလူထုကြီး ပျော်ရွှင်မြူးထူး ကခုန် ဆော့ကစားနေတာကို ကြည့်ပြီး အပျော်တွေကူးစက် ခံခဲ့ရပါတယ်။ ပြည်သူလူထုကြီး ပျော်နေတာကို ကြည့်ပြီး ဦးပဉ္စင်းလည်း ပျော်ခဲ့ရပါတယ်။
          နှစ်ဟောင်းလည်း ကုန်ဆုံးခဲ့ပါပြီ။
နှစ်ဟောင်းမှ ကောင်းတာလေးတွေကို တန်ဖိုးထားလေးစားကြပါ။
နှစ်ဟောင်းမှ မကောင်းတာကြီးတွေကို စွန့်လွှတ်ထားရစ်ခဲ့ကြပါ။
ဦးပဉ္စင်းတို့ရဲ့ ရပ်တည်ချက်ကတော့ ဘယ်သူမှနောက်မဆုတ်တမ်း လျှောက်လှမ်းရေး မူဝါဒပဲ ဖြစ်ပါတယ်။
အစိုးရရော ပြည်သူပါ ဘယ်သူ့ကိုမှ နောက်မဆုတ်စေလိုပါ။ ဒီမိုကရေစီ စနစ်ပြည့်ဝအောင်၊ စံမီအောင်၊ ရင့်ကျက်အောင် နောက်မဆုတ်တမ်း လျှောက်လှမ်းကြပါ။ ဒီမိုကရေစီ စနစ်ခိုင်မာသွားရင်လည်း အတိတ်တွေကို အသက်မသွင်းကြစေလိုပါ။ အတိတ်တွေကို အသက်သွင်းခြင်းဖြင့် တိုင်းပြည်ရော ပြည်သူပါ အကျိုးမရှိသောကြောင့်ဖြစ်ပါတယ်။ ပစ္စုပ္ပန်ရော တမလွန်ပါ အကျိုးမရှိသောကြောင့် ဖြစ်ပါတယ်။
လမ်းပေါ်မှာရှိတဲ့ သွေးစက်သွေးကွက်တွေကို အတာရေနဲ့ ဆေးကြောသန့်စင်ပစ်သလို ရင်ထဲမှာရှိတဲ့ စိတ်ရဲ့ဒဏ်ရာ ဒဏ်ချက်တွေကိုလည်း မေတ္တာရေနဲ့ ဆေးကြောပစ်ကြပါလို့ တိုက်တွန်းပါတယ်။
သင်္ကြန်မှာ သံချပ်ထိုးခွင့် မရလိုက်ပေမယ့်၊ ပြည်သူလူထုကို သံချပ်တွေနဲ့ နှုတ်ဆက်လိုက်ပါရစေ။
မင်းကျင့်တရားနဲ့ မညီခဲ့ရင် တိုင်းသားပြည်သူ မီးလိုပူလိမ့်။
မင်းကျင့်တရား စောင့်ထိန်းရင် တိုင်းသားပြည်သူ ကြည်ဖြူမှာဗျ။
အဂတိတရား လိုက်စားရင် ဆုတ်ရက်လလို ကျက်သရေယုတ်ရ။
အပါယ်လေးပါး လားဦးမှာ အဂတိသမားတွေ သတိထားကြ။
အဂတိတရား ကင်းရှင်းရင် ဆန်းရက်လလို ကျက်သရေပိုရ။
အပါယ်လေးပါး မလားတော့ပါ ခုရောနောင်ပါ ချမ်းသာမှာဗျ။
ဒုစရိုက်နဲ့ စီးပွားရှာ ငရဲအိုးမှာ ခံရခံရ။
ပစ္စည်းရှိလျက် မလှူပြန် အထီးကျန်ကာ ဆင်းရဲမှာဗျ။
တန်ဖိုးနည်းဖုန်း ငါးထောင်တန် ပြည်သူ့လက်ထဲ မြန်ရောက်စေဗျ။
သာသနာတော်နှစ် ငါးထောင်မှာ ငါးထောင်တန်ဖုန်း ရရင်ဒုက္ခ။
ဒုက္ခအဝဝ ကင်းဝေးစေ ပြည်သူတွေအတွက် မေတ္တာပို့လျက်။
သာသနာ့တာဝန် ထမ်းဆောင်ကာ မျိုးဘာသာအတွက် ဆောင်ရွက်မှာဗျ။
ဒီမိုကရေစီဖော်ဆောင်နေတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကျမ္မာ ချမ်းသာ ဘေးရန်ကွာ၍ နိုင်ငံအကျိုးကို သယ်ပိုးနိုင်ပါစေ။
ပြည်သူလူထုတစ်ရပ်လုံးလည်း ပါးစပ်ပေါက်ရှိပါလျက် မပြောရဲတဲ့ ဘဝမှ လွတ်မြောက်ကြပါစေ။
မျက်စိရှိလျက် မကြည့်ရှုရဲတဲ့ ဘဝမှ လွတ်မြောက်ကြပါစေ။
နားပေါက်ရှိလျက် မကြားရဲ မနာရဲတဲ့ ဘဝမှ လွတ်မြောက်ကြပါစေ။
ဆင်ခြင်တုံတရားရှိပါလျက် လွတ်လပ်စွာ မတွေးခေါ်ရဲတဲ့ ဘဝမှ လွတ်မြောက်ကြပါစေ။
လက်တွေ ခြေတွေရှိပါလျက် လွတ်လပ်စွာ မလှုပ်ရှား၊ မသွားလာရဲတဲ့ ဘဝမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံးရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တရားဥပဒေ စိုးမိုးခြင်းတို့ကို ပြည်သူလူထု တစ်ရပ်လုံး ခံစားခွင့်ရကြပါစေ။
ပြည်သူလူထုကြီး အတာရေလို ငြိမ်းချမ်းပါစေ။
ပြည်သူလူထုကြီး အတာရေလို ဘေးရန်ကင်းပါစေ။
ပြည်သူလူထုကြီး အတာရေလို အပြစ်ကင်းပါစေ။
ပြည်သူလူထုကြီး နှစ်သစ်မင်္ဂလာနှင့်အတူ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကာကိုယ်ရောစိတ်ပါ ထာဝရ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။
17.4.2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...