ကျနော်တို့ ဘာကြောင့် ပညာသင် ?
ပညာရေး ရဲ့ အဓိပ္ပာယ် က ဘာလဲ လို့ မေးခဲ့ကြဖူးသလား။ ကျနော်တို့ ကျောင်း ကို ဘာကြောင့် သွားရသလဲ။ ဘာသာရပ်ခွဲ အမျိုးမျိုး ကို ဘာလို့ သင်ရသလဲ။ တစ်တန်း ပြီး တစ်တန်း ၊ တစ်ဆင့် ပြီး တစ်ဆင့် တက်ဖို့ ဘာလို့ ကြိုးစားကြ သလဲ။ ဒါဟာ ပညာရေး ရဲ့ ပုံစံ အစစ် ဖြစ် သလား။ ပညာရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းတွေ ဟာ ကျောင်းသား အတွက်သာ အရေးကြီးတာ မဟုတ် ပါဘူး။ မိဘတွေ ဆရာတွေ အတွက်၊ လူသား အားလုံးအတွက် အရေးကြီးပါတယ်။
ပညာသင် ဖို့ ပညာတတ်တွေ ဖြစ်ဖို့ ဘယ် အကြောင်းကြောင့် ကျနော်တို့ ကြိုးပမ်း ရ သလဲ။ စာမေးပွဲ အချို့ကို ကျော်ဖြတ်ပြီး လက်မှတ် စာရွက်ယူ၊ အလုပ် တစ်ခု ရှာဖို့ အတွက်ပဲလား။ ဘဝ ဆိုတာရဲ့ ဖြစ်စဉ် ကို နားလည် နိုင်ဖို့ ငယ်ရွယ် လွန်းနေ တဲ့ ကလေး အရွယ် အတွက် ပညာရေး ဆိုတာနဲ့ မွမ်းမံပေးဖို့ ။ အဲ့သလို ရည်ရွယ်တာ မဟုတ်လား။ အတတ်ပညာ သင်ကြားပြီး အသက်မွေး ဝမ်းကျောင်း မှု ပြုကြဖို့ ဆိုတာ လိုအပ် ပါတယ်။ ဒါပေမယ့် ပညာရေး ဟာ ဒါပဲလား။ ဘဝရဲ့ အချိန် သုံးချိုး တစ်ချိုး ၊ လေးချိုး တစ်ချိုးကို အကုန်ခံပြီး ပညာ ဆိုတာ ကို ဒီအတွက်ပဲ တွန်းပို့ လိုက်ကြ တာလား။
စင်စစ် ဘဝဟာ အလုပ် တစ်ခုသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှု အတွက် သက်သက် မဟုတ်ဘူး။ ဘဝဟာ လေးနက်ပြီး ထူးခြားတဲ့ တစ်စုံ တစ်ခု ဖြစ်ပါတယ်။ နက်နဲ တယ်။ လူသား ဆိုတဲ့ တစ်မျိုး တည်း အတွက်မှာ တင် ဘဝ အဓိပ္ပာယ်က ကျယ်ပြန့် တယ်။ အသက်မွေးမှု အတွက် ပြင်ဆင် ရုံမျှ သက်သက် ပဲ ဆိုရင် ကျနော်တို့ ရည်ရွယ်ရာဟာ လွဲမှားနေပြီ လို့ ပြောရမယ် ။ ဘဝရဲ့ အဓိပ္ပာယ် အပြည့်အဝ နားမလည်တော့ ဘဲ လွဲနေပြီ လို့ ဆိုရပါမယ်။ ဘဝ ကို နားလည် သဘောပေါက်ဖို့ က စာမေးပွဲ ဖြေဖို့ ပြင်ဆင်တာ ထက် တော့ ပို အရေးကြီး မယ် မဟုတ်လား။ သင်္ချာ၊ ရူပဗေဒ စသဖြင့် ဘာသာရပ် တွေ သင်ကြားနေ ရုံ ထက်တော့ ပို အရေးကြီး လာမယ် မဟုတ်လား။
ဆရာပဲ ဖြစ်ဖြစ် ၊ ကျောင်းသားပဲ ဖြစ်ဖြစ် သင်ကြားခြင်း ဆိုတာ ဘာလဲ၊ ပညာရေး ကို ဘာကြောင့် ပြုကြ ရသလဲ ဆိုတာ ခြေခြေမြစ်မြစ် မေးခွန်း ရှိသင့် ပါတယ်။ ပညာရေးဟာ ဘဝနဲ့ ဆက်နွယ်မယ့် အတွက် ဘဝကိုလည်း မေးခွန်း ထုတ်ပါမယ်။ ဘဝရဲ့ ဒင်ပြည့် ကျပ်ပြည့် အဓိပ္ပာယ်က ဘာလဲ။
ငှက်ကျေး သာရကာ၊ သစ်ပင် ပန်းမန်၊ ကောင်းကင်၊ မြေပြင်၊ ကြယ်စင် စတာတွေ ကလည်း ဘဝထဲ အကျုံးဝင် နေမယ်။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်း ဟာလည်း ဘဝ မှာ ရှိမယ်။ လူတန်စားချင်း၊ အုပ်စုချင်း၊ နိုင်ငံချင်း တိုက်ပွဲ တွေ လည်း ပါမယ်။ ဘာဝနာ လည်း ရှိမယ်။ ဘာသာရေး လို့ ကျနော်တို့ ခေါ်ဆိုကြ တာလည်း ဘဝ မှာ ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ်၊ နက်နဲ မယ့် စရိုက်တွေ လည်း ဘဝမှာ ပါဝင် ပါတယ်။ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ အာသာ ရမ္မက်နဲ့ စိတ်လှုပ်ရှားမှုတွေ စတာ တွေလည်း ဘဝမှာ ရှိနေတယ်။ ဒါတွေ အားလုံးဟာ ဘဝ ဖြစ်တယ်။ ဒါ့ထက် လည်း ပိုမယ်။
ဒါကို ကျနော်တို့ အများစု က အသက်မွေး ဝမ်းကျောင်း - ဆိုတဲ့ ရှုထောင့် တစ်ခုတည်းကနေ ၊ ကလေးတွေ ကို ( ဒါမှမဟုတ် ) ကျနော်တို့ ကလေး ဘဝကို - ဆယ့်ငါးနှစ် ၊ နှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံ ခဲ့ပြီး ပြင်ဆင်သွားခဲ့ကြ တယ်။ စာမေးပွဲတွေ ဝင်ဖြေ၊ အလုပ် အကိုင် တစ်ခုလုပ်၊ အိမ်ထောင်၊ သားမွေး၊ စက်ရဟတ်ကြီး လည်သလို လည်ပတ်နေကြ တယ်။ အဲ့ဒီ အချိန်တွေထိ ကျနော်တို့ ဘဝ ထဲမှာ ကြောက်ရွံ့စိတ်တွေ ၊ မျှော်လင့်ချက်တွေ၊ စိုးရွံ့မှုတွေ က ကျန်ရစ် နေတုန်းပဲ။
အဲ့တော့ မေးခွန်းဟောင်းပဲ ထပ်မေးပါမယ်။ ပညာရေး ဟာ အလုပ်အကိုင် ရှာဖွေဖို့ အတွက်ပဲလား၊ ဘဝ ကို နားလည် သဘောပေါက် အောင် ကူညီထောက်ပံ့ပေး ဖို့ မဟုတ်ဘူးလား။
ကျနော်တို့ လူကြီး ဘဝ ရောက်လာတဲ့ အခါ ဘာတွေ ဖြစ်ကုန်မှာလဲ။ သာမာန် သမား ရိုးကျ အတိုင်း - ခင်ဗျား အိမ်ထောင်ကျသွားမယ်။ ကိုယ့်ကိုယ်ကိုယ် မိဘ ဖြစ် လို့ ဖြစ်မှန်း မသိ ဖြစ်သွားကြမယ်။ အလုပ် တစ်ခုမှာ ( ဒါမှမဟုတ် ) မီးဖိုချောင် မှာ ချည်နှောင် ခံနေရမယ်။ အဲ့လိုနဲ့ပဲ ကျနော်တို့ ကြီးပြင်း လာရင်း ပျောက်ဆုံး သွားကြမယ်။ ကျနော်တို့ ဘဝ ဖြစ်စဉ်က ဒါအကုန်ပဲလား။
ဒီမေးခွန်း က မေးသင့်မယ် ထင်ပါတယ်။ ခင်ဗျား ရဲ့ မိသားစုက ချမ်းသာ ကြွယ်ဝနေရင်တော့ ဒီမေးခွန်းကို စိတ်ချလက်ချ ဖြေချင် ဖြေနေလိမ့်မယ်။ ခင်ဗျား အဖေ က ခင်ဗျား အတွက် အလုပ် ကောင်းကောင်း ပေးနိုင် မယ်။ တင့်တောင်း တင့်တယ် လက်ထပ် ပေးမယ်။ ဒီလိုနဲ့ နောက်တော့ ကြီးပြင်း ဆုတ်ယုတ် ကွယ်လွန် သွားမယ်။ မြင်နိုင်ပါရဲ့လား။
အဲ့တော့ သေချာ လာ တာက - ကျနော်တို့ ဟာ ဘဝရဲ့ အဓိပ္ပာယ် ကို နားလည်နိုင် စွမ်း အတွက် အထောက်အပံ့ မပေးနိုင်ရင်၊ ဘဝရဲ့ ဆုံးရှုံး မှု၊ ဘဝရဲ့ ပျော်ရွှင်မှု၊ ဘဝရဲ့ အလှအပ၊ ဘဝရဲ့ အကျည်းတန်မှု ဒီလာက် ကို နားလည်နိုင် စွမ်း မပေးနိုင်ဘူး ဆိုရင် ကျနော်တို့ ပညာရေး ဟာ အဓိပ္ပာယ် မရှိ ဘူး ဆိုတာပဲ။ ဘွဲ့အလီ လီ ယူပြီး၊ ကိုယ်နာမည် နောက်မှာ စာလုံးတွေ တစ်လုံးပြီး တစ်လုံး တိုးမယ်။ ပြီးတော့ အလုပ်ကောင်းကောင်း တစ်ခု ယူမယ်။ အဲ့ဒီနောက်ကော ----။
အဲ့ဒီနောက် မှာ ခင်ဗျား က ထုံအ နေတုန်း၊ တွေဝေ ယစ်မူးနေတုန်း၊ အသိဥာဏ် မဲ့နေတုန်း - ဆိုရင် ပညာရေး ရဲ့ အဓိက လမ်းကြောင်း က ဘာဖြစ်သွားမလဲ။ ခင်ဗျားရဲ့ အသိဥာဏ် ကို မြှင့်တင်ဖို့၊ ပြုစု ပျိုးထောင်ဖို့ ပညာရေးကို ဂရုပြုခဲ့ကြ တယ်။ အသိဥာဏ်ရှိတဲ့သူ သာ ဘဝရဲ့ ပြဿနာ၊ အခက်အခဲတွေ ကို ရင်ဆိုင် ဖြေရှင်းသွားနိုင်မယ် - အဲ့လို မဟုတ်လား။
ဒါဆို ထပ်မေး ရပါမယ်- အသိဥာဏ်ဆိုတာ ဘာလဲ။ ကျနော် နားလည်တဲ့ အသိဥာဏ် ဆိုတာ "ကြောက်ရွံ့မှု မရှိ၊ လှောင်ပိတ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် တွေးခေါ်နိုင်စွမ်း" ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် ကနေ ကြီးပြင်းတဲ့ အထိ ဘဝမှာ ဘယ်ဟာ က အစစ်အမှန်လဲ၊ ဘယ်ဟာက အတု အယောင်လဲ မိမိ ဥာဏ်နဲ့ လွတ်လွတ် လပ်လပ် စစ်တမ်း ထုတ်နိုင်ရမယ်။ တကယ်လို့သာ ခင်ဗျား က တစ်ခုခုကို ကြောက်လန့်နေ ရမယ် ဆိုရင် ဘယ်လို စစ်တမ်း ထုတ်မလဲ။ ခင်ဗျားရဲ့ အတွေးအခေါ် က တစ်ခုခု ကို မှီတွယ်ပြီး ပိတ်မိနေတယ် ဆိုရင် ဘယ်ဟာ ကို စိစစ်မလဲ။ မျှော်မှန်းချက်တွေ ၊ လောဘတွေ၊ စိတ် လှုပ်ရှားမှုတွေ၊ ကြောက်ရွံ့ စိတ်တွေ - အဲ့စိတ်တွေ အကုန်လုံးက ရှင်းလင်းပြတ်သား မယ့်၊ စွမ်းအားရှိတဲ့ အသိဥာဏ်ကို အတားအဆီး ဖြစ်စေ ပါတယ်။ ရှင်းလင်းပြတ်သားပြီး စွမ်းအား ရှိတဲ့ အဲ့စိတ်ကိုသာ အသိဥာဏ် လို့ ကျနော် ဆိုချင် တယ်။
ခင်ဗျားတို့လည်း သိပါလိမ့်မယ်။ ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် ကို ကြောက်ရွံ့မှု ကင်းတဲ့ နေရာ ဖြစ်စေ ချင်တယ်။ အဲ့ပတ်ဝန်းကျင် မှာ ကြောက်ရွံ့ မှု၊ စိုးရွံ့မှုတွေ ချည်း ရှိနေမှာကို မလိုလားကြ ဘူးရယ်။ ဟုတ်တယ်ဟုတ်။
ဒါပေမယ့် တကယ်တမ်း ကျနော်တို့ ကြီးပြင်းလာ တဲ့အခါ ကြောက်စိတ်တွေ သာ ပါလာခဲ့ကြတယ်။ အသက်ရှင် နေထိုင်ရဆဲ ခဏ ကြောက်တယ်။ အလုပ်အကိုင် ဆုံးရှုံးရမှာ ကြောက်တယ်။ ယဉ်ကျေးမှု၊ ကုန်သွယ် စီးပွား စသဖြင့် ပျက်သုဉ်း မှာ ကြောက်တယ်။ ကိုယ့် အိမ်နီးနားချင်း၊ ကိုယ် ပတ်ဝန်းကျင် ကို ကြောက်တယ်။ နောက်ဆုံး ကိုယ့် ဇနီး မယား လင်ယောင်္ကျား ကို ကြောက် တယ်။
တစ်ခါက စာတစ်ပုဒ် ဖတ်ရဖူးတယ်။ အဲ့အထဲ မှာ ကြောက်ရတဲ့ အကြောင်းတွေ က ဒါတွေတင် မကဘူး၊ သား ကျောင်းကြိုဖို့ နောက်ကျ မှာ၊ ဘတ်စ်ကား မမှီ မှာ၊ မီတာခတွေ အများကြီးတက်လာမှာ၊ ကုန်ဈေးနှုန်းတွေ တက်မှာ ၊ ဒေါ်လာဈေးတွေ ကျမှာ စသဖြင့် ကြောက်နေရတယ် ဆိုတဲ့ အကြောင်း ။ အဲ့ထက် အဆုံးသတ် ကြောက်ရွံ့ ရတာက- သေမှာ ကို ကြောက်ရတယ် ဆိုတာ အထိ ကြောက်ရွံ့စိတ် ကိုယ်စီ ရှိကြ တယ်။ ကြောက်ရွံ့စိတ် ပုံစံသာ ကွဲပြားနေချင် နေမယ်။ အဲ့ကြောက်ရွံ့စိတ် ဝင်နေချိန် မှာ အသိဥာဏ်ဟာ မရှိတော့ဘူး ဆိုတာ တွေ့ပါရဲ့လား ။ လွတ်လပ်တဲ့ အသိစိတ် ဟာ - အဲ့ လို ကြောက်ရွံ့စိတ် ရှိနေချိန်မှာ မဖြစ်နိုင်ဘူး ရယ်-
ဒါ့ကြောင့်မို့ ကျနော်တို့ရဲ့ ပညာသင်ကြားမှုဟာ၊ ကျနော်တို့ရဲ့ ပညာရေး ဟာ ကြောက်ရွံ့စိတ်ကနေ လွတ်ကင်း အောင် လမ်းကြောင်း ပေးနိုင်ရမယ်။ လွတ်လပ် တဲ့ လေကို ရှူသွင်း ပေးနိုင်ရမယ်။ လွတ်လပ် ရှင်းလင်းတဲ့ စိတ်ကို မွေးမြူ နိုင်ရမယ်။ ပညာရေးဟာ ကျနော်တို့ အကြိုက်၊ ကျနော်တို့ အလိုက်ကို ဖော်ကျူး ပေးနိုင်ဖို့ အသုံးချခံ မဟုတ်ဘူး။ ပညာရေးဟာ တကယ့်အစစ် အမှန် ဆိုတာ ဘာလဲ ရှင်းရှင်းလင်းလင်း သိ နားလည် နိုင်ဖို့ ပျိုးထောင် ပေးနိုင်တဲ့ အရာသာ ဖြစ်ရပါလိမ့်မယ်။
ဘဝဟာ စင်စစ် လှပပါတယ် ဆိုရင် ကျနော်တို့ ပညာသင်ကြားရခြင်း ရည်ရွယ်ချက် ဟာ အဲ့အလှအပ ကို ဖော်ကျူးနိုင်ဖို့ ဖြစ်ပါတယ်။ ဘဝဟာ အရုပ်ဆိုး အကျည်းတန် ပါတယ် ဆိုရင် ကျနော်တို့ ပညာသင်ကြားရခြင်း ရည်ရွယ်ချက် ဟာ အဲ့အကျည်းတန်မှု ကို လျော့နည်း သွားအောင် ဖော်ဆောင် နိုင်ဖို့ ဖြစ် ပါတယ်။ ပညာရေးနဲ့ ထောက်ကူ ရင်း စိတ်ကူးယဉ် ဖို့ မဟုတ်ဘူး။ ခင်ဗျား ကိုယ်တွင်းမှာ ရှိတဲ့ ခင်ဗျားရဲ့ အမှန်သဘောကို ခင်ဗျား ဘာသာ ရှာဖွေ ဖော်ထုတ်ဖို့ ၊ ထောက်ကူ ပုံဖော်ဖို့ ။
လူသားတိုင်း လုံခြုံစိတ်ချရတဲ့ ဘဝ ကို လိုလားကြတယ်။ ခင်ဗျားရဲ့ မိဘတွေ အသိုင်းအဝိုင်းတွေ ကလည်း သူတို့ထင်ကြတဲ့ လုံခြုံစိတ်ချရာ နေရာမှာ ခင်ဗျား ကို ထားချင်ကြတယ်။ ပညာရေး ကနေ သွားရင် ဘဝမှာ လုံခြုံ စိတ်ချရမယ် လို့ မျှော်မှန်းချက်နဲ့ ခင်ဗျားကို ပညာသင် စေခဲ့ကြမယ်။ တကယ့် တကယ် လုံခြုံ စိတ်ချရာ နေရာ ဆိုတာက ခင်ဗျား ကိုယ် ခင်ဗျား သိမှ ဖြစ်ပါလိမ့်မယ်။ ခင်ဗျား ရဲ့ အစစ်အမှန် ကို ခင်ဗျား ဘာသာ ဖော်ထုတ်နိုင် မှ လုံခြုံ စိတ်ချရာ အမှန် ဖြစ်လိမ့်မယ်။ အဲ့လို ဖော်ထုတ်နိုင် ဖို့ ဆိုတာကလည်း ခင်ဗျားရဲ့ စိတ်ဟာ ရဲရင့်နေရမယ်။ လွတ်လပ်နေရမယ်။
ဒီလို မတွန့် မရွံ့တဲ့ စိတ်၊ မကြောက်မရွံ့တဲ့ စိတ်ကို ပညာရေး က မွေးမြူ ပေးနိုင်ရမယ်။ အမိန့်နာခံ တတ်မှု က ပညာရေး မဟုတ်ဘူး။ ထိတ်လန့် ကြောက်ရွံ့ တတ်မှုက ပညာရေး မဟုတ်ဘူး။ အဲ့လို ကြောက်ရွံ့နေ တတ်ပြီ ဆိုရင်လည်း ခင်ဗျား လူပိန်းသက်သက်က ဘာမှ မပိုဘူး။
ဒါ့ကြောင့် ခင်ဗျား ကိုယ် ခင်ဗျား တော်လှန်ပစ်နိုင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် စတင် တော်လှန်ပြီ ဆိုရင် ပညာရေးကို စတင်ပုံဖော်ပြီလို့ ပြောတာနဲ့ အတူတူပဲ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ရော ကြောက်ရွံ့စိတ်တွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ ပညာရေးဟာ အဲ့ဒါတွေကိုလည်း ခြေဖျက်နိုင်ရပါမယ်။ ပညာနဲ့ ပြည့်ဝအောင် ကြိုးပမ်းရင်း အဲ့ကြောက်စိတ်တွေ ပပျောက်အောင် ကျနော်တို့ ဖန်တီး နိုင်ရမယ်။
ကမ္ဘာမှာ စစ်မက်တွေ ဖြစ်တယ်။ နိုင်ငံရေး သမားတွေက ပါဝါ အာဏာ ရှာတယ်။ ဥပဒေပြု တွေ၊ ရဲ၊ စစ်သားတွေ ရှုပ်ယှက် ခတ်တယ်။ စီးပွားရေး သမားတွေ၊ ရည်မှန်းချက်ကိုယ်စီ ရှိကြသူတွေက ခုံနေရာ လုကြ တယ်။ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်တယ်။ ဒီနေရာမှာ သူတော်စင် ဆိုသူတွေ လည်း ရှိတယ်။ ဂိုဏ်းဂဏတွေ ၊ ဂုရုဆရာတွေ၊ နောက်လိုက်တွေနဲ့ အသင်းလိုက်၊ အဖွဲ့လိုက် ရှိတယ်။ သူတို့မှာလည်း ပါဝါနဲ့၊ အာဏာနဲ့။ ဒီလို ရှုတ်ထွေးနေတဲ့ ကမ္ဘာမှာ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ က အရှင်းရှင်ဝါဒနဲ့ တိုက်ကြပြန် တယ်။ အရင်းရှင်ဝါဒကနေ ဒီမိုကရေစီကို ဖွင့်ဟကြ တယ်။ ကမ္ဘာမှာ လူ တစ်ယောက်က တစ်ယောက်ကို ၊ တစ်ဖွဲ့ က တစ်ဖွဲ့ကို မိမိ တို့ နေရာ လုံခြုံ စိတ်ချရေး အတွက် တိုက်ခိုက် နေကြတယ်။
ယုံကြည်မှု အမျိုးမျိုး၊ လူတန်းစား အမျိုးမျိုးနဲ့ ကိုယ်သန်ရာ သန်ရာ ဆွဲကိုင်ကြ တဲ့ အခါ ကမ္ဘာကြီးကသာ စက္ကူမြေပုံ တစ်ချပ်ဆိုရင် အစိတ်စိတ် အပိုင်းပိုင်း ကွဲပြားနေလောက်မယ်။ ဒီကမ္ဘာဟာ ပညာရေး နဲ့ ကြိုးပမ်းကြတဲ့ ကျနော်တို့ ကမ္ဘာ ဖြစ်ပါတယ်။ ဒီလို ပျက်ယွင်းနေတဲ့ ကမ္ဘာမှာ သင့်တော်ရာ နေထိုင် ရှင်သန်ဖို့ ပညာရေးက ဦးဆောင်ပေးနိုင်ရပါလိမ့်မယ်။
အဲ့တော့ အနှစ်ချုပ်ကြည့်ရင် - ပညာရေးဟာ ဒီလို ကစဥ့် ကလျား ဖြစ်နေ တဲ့ လောက မှာ မိမိ ဥာဏ်စွမ်း နဲ့ မိမိကိုယ်ကို ၊ မိမိ ပတ်ဝန်းကျင် ကို အစီအစဉ် တကျ ဖြစ်အောင် ထောက်ပံ့ ပေးနိုင် စွမ်း ရှိရမယ် လို့ ဆိုချင်တယ်။ စည်းဘောင် နဲ့ ကျဉ်းကျပ် နေတဲ့ လောကကို ဖောက်ထွက်ပြီး ပညာရေး က ခင်ဗျားကို လွတ်လပ်မှု ပေးနိုင်ရမယ်။ ခင်ဗျား လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင် သွားနိုင် ရ မယ်။ ခင်ဗျား နှစ်သက်တဲ့ ၊ ခင်ဗျား မြင်တဲ့ ၊ ခင်ဗျား ယုံကြည် တဲ့ ပိုခိုင်မာ လုံခြုံမယ့် လူ့ဘောင် အဖွဲ့အစည်း သစ်၊ ကမ္ဘာသစ်ကို ခင်ဗျား အစွမ်းနဲ့ ဖန်တီး နိုင်ရမယ်။ ခင်ဗျား ဘေး မှာ ပိတ်ကျပ်နေတဲ့၊ အိုဟောင်းနေ မယ့် အနှောင် အဖွဲ့ မှန်သမျှကို ချေဖျက် ပစ်နိုင်ရမယ်။ စစ်မှန် တဲ့ ပညာရေးဟာ အဲ့ဒါတွေ ကို အပြည့်အဝ ထောက်ကူ ပေးနိုင်ရပါမယ်။ လူ့ဘောင်လောက၊ ကမ္ဘာလောက ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြတ်သန်းနိုင်ဖို့ ပညာရေးက ဦးတည်ပေးနိုင်ရမယ်။ ဒီပညာရေး နဲ့ လူဟာ မိမိ ကိုယ်ကိုယ် စစ်ကြော ရင်း၊ မိမိကိုယ်ကိုယ် ဝေဖန်ရင်း စင်စစ် အမှန်တရား ကို ရှာဖွေ သွားနိုင် ရပါလိမ့်မယ်။
ဆိုလိုတာ ကတော့ ပညာရေးဟာ ခင်ဗျားကိုယ်ခင်ဗျား ဆက်လက်ပြီး ပညာပွားနိုင်အောင် လမ်းကြောင်း ပေးနိုင် ရမယ်။ ခင်ဗျားရဲ့ အတ္တ၊ ဘုရားသခင်၊ မေတ္တာ၊ စသဖြင့် အဆက် မပြတ် လေ့လာ ရင်း သင်ယူရင်း အဖြေ ရှိရာ ဦးတည်သွားနိုင် နေစေရမယ်။ ဒီလိုမှ မသွားနိုင်ဘဲ ခင်ဗျား ကိုယ်တွင်း က ကြောက်ရွံ့စိတ် နဲ့ - ဒုံရင်းကို ဒုံရင်းအတိုင်း နေထိုင်ရှင်သန် သွားမယ်ဆိုရင် ပညာရေးရဲ့ အဓိပ္ပာယ် လည်း လုံးဝ ပျက်သုဉ်းသွား လိမ့်မယ်။
ဒါကြောင့် မို့ လူ့အတွေးအခေါ်၊ လူတွေရဲ့ စိတ်၊ လူတွေရဲ့ တိုးတက်မှု ကို ဖျက်ဆီးနေတဲ့ အဲ့ဒီ ကြောက်စိတ် ပပျောက် သွားဖို့၊ လွတ်လပ်ရဲရင့်တဲ့ စိတ်နဲ့ မိမိလောက ကို မိမိ ဖန်တီး ဖော်ဆောင်နိုင် ဖို့ ပညာရေးက ဦးဆောင် ပေးနေ ရမယ် လို့ ဆိုချင်တယ်။
.....................................
Jiddu Krishna Murti: This Matter of Culture ကို ဖတ်ရှုရင်း။
.....................................
October, 2011 က ပို့စ်အဟောင်းကို ပြန်တင်တယ်

0 comments:
Post a Comment