ချစ်ခြင်းမေတ္တာ-ဆွဲဆောင်ရာ "ပီမိုးနင်း"
by အား မာန် on Sunday, April 22, 2012 at 7:31pm ·
သံသယများ၊ ချစ်သူ့ ကျေးဇူး၊ ဗုဒ္ဓဘာသာ ရှင်သာမဏေဝတ်ခြင်း စကားတစ်ခွန်းအတွက် တုန်လှုပ်ပြီး လိင်ပြန်လာခဲ့ခြင်း၊ အလုပ်ရပြန်ပါလည်း မမြဲမစွဲ၊ လွတ်လပ်ရေးကို အထူးလိုချင်မူ။ ။
ကျွန်ုပ်ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ ထာဝရ ဘုရားသခင်၏ တင်းမာမှုကြောင့်ပင် ဖြစ်ကြောင်း အထက်က ရေးသားခဲ့လေပြီ။ ကျွန်ုပ် ဤဘဝသို့ မလာမီ(ဝါ) လူမဖြစ်မီက ခရစ်ယာန်ဘာသာ၏ အဆိုအရ ကျွန်ုပ် ဘယ်မှာမျှ ဘယ်ဘ၀မှာမျှ မရှိ။ ဘယ်ဘဝမှာမျှ မနေခဲ့ဘူးချေ။ ယူခုလို မရှိရာဘဝမှာ လူဖြစ်လာရအောင် ကျွန်ုပ်အား ဘုရားသခင်သည် ဖန်ဆင်းလိုက်၏။ သို့မရှိရာ ဘဝမှ ရှိအောင်ဖန်ဆင်းပြီးမှ ကျွန်ုပ်ကိုကျွန်ုပ်၏ အမိ ဝမ်းထဲသို့ ထည့်လိုက်လေသလား။ သို့တည်းမဟုတ် အမိဝမ်း၌ပင် ကျွန်ုပ်ရှိအောင် ဖန်းဆင်းလိုက်လေသလား မသိရပေ။ ကျွန်ုပ် ဘယ်ဘဝမှာမျှ မရှိစဉ်အခါ ထာဝရ ဘုရားထံသို့ ချဉ်းကပ်ခါ ကျွန်တော့ကို လူဖြစ်အောင် ဖန်ဆင်း၍ပေးပါ ခင်ဗျားကို မသေမချင်း ကိုးကွယ်ပါမည်။ အပြစ်ပြုလျှင်လည်း ထာဝရ ငရဲအိုးကြီးထဲသို ချပါ။ လူ့ဘဝရအောင်သာ ဖန်ဆင်း၍ ပေးတော်မူပါဟူ၍လည်း ၎င်းထာဝရ ဘုရားကို ကျွန်ုပ်မတောင်းပန် မလျှောက် ထားခဲ့ပေ။ တောင်းပန်လိုငြားအံ့ ကျွန်ုပ်မရှိသေးသော အခါ၌ အဘယ် နည်းဖြင့် ကျွန်ုပ်တောင်းပန်နိုင်ပါမည် နည်း။
ဘုရားသခင် မဖန်ဆင်းမီက ကျွန်ုပ်တို့ အဘယ်မှာမျှ မရှိဟု ခရစ်ယာန် ဘာသာ၌ ဆို၍ ကျွန်ုပ်၏ စိတ်၌ ဤအတွေးမျိုးကား မကြာခဏဖြစ်ပေါ်လာ၏။ ထာဝရဘုရားသည် လူကို မတောင်းပန်ဘဲနှင့် ဖန်ဆင်းမှ သေးငယ်သော အပြစ်ကလေးတစ်ခုကြောင့် မလွတ်နိုင်သော ထာဝရ ငရဲကြီးထဲသို့ ပို့စေသည်ဆိုလျှင် မဟာဂရုဏာ ဆိုသော စကားသည် အဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။ ထိုအပြစ်ကလေးများကို ပြုဖို့ရန် လူတွင် လက်နက်ကိရိယာတို့ကို တပ်ဆင်၍ ပေးလိုက်လေရာ ထိုသို့တပ်ဆင်၍ ပေးသဖြင့် အပြစ်ပြုမိချေက အပြစ်နှင့်မမျှသော ထာဝရဒဏ်ကြီးကို ပေးသည်မှာ တရားပါ၏လော....ဟူသောအတွေးများသည် မကြာမကြာ ကျွန်ုပ်စိတ်၌ ပေါ်ခဲ့လေသည်။ +(အောက်မှာဖတ်) သို့အတွေးပေါ်ခဲ့သဖြင့် ထာဝရဘုရား ဖန်ဆင်းတယ်ဆိုတာ ဒဏ္ဍာရီထင်ပါရဲ့ ဟု တွေးတောမိလေသည်။ သို့ပင်ပေါ်ခဲ့သော်လည်း ထာဝရဘုရားကို မစွန့်ပစ်နိုင်သေးပေ။ အချစ်နှင့် တွေ့သော အခါမှာ စွန့်ပစ်ခဲ့ရဲလေတော့သည်။ အဘယ်ပုံ အချစ်နှင့် တွေ့ပါသနည်း။
သုံးဆယ်မြို့ရွာမအရပ်၌ ငယ်စဉ်က ကျွန်ုပ်နှင့် စကားဘက် ချစ်ကျွမ်းတဝင်ဖြစ်သော မဟန်ခေါ် မိန်းကလေး တစ်ယောက်ရှိခဲ့လေသည်။ ၎င်းသည် ကျွန်ုပ်ထက် အသက်တစ်နှစ်မျှကြီး၏။ ကျွန်ုပ်သည် မော်လမြိုင်ကျောင်း ၌နေခဲ့စဉ် ကျောင်း၌ အသိမိတ်ဆွေဖြစ်သမျှသော မိန်းကလေးများမှာ ဂါဝန်ဝတ်များသာ ဖြစ်ကြလေသည်။ ဂါဝန်ဝတ်မိန်းမများ၏ အနေအထိုင်အသုံးအနှုန်းအမူအရာကိုသာ အဟုတ် တကယ်ထင်မှန်၍ နေသူဖြစ်လေရာ မြန်မာမိန်းမများ ဝတ်ပုံစားပုံကို မြင်ရသောအါ၌ ကြည့်၍မရပေ။ လက်ကို မြှောက်လိုက်သည့်အခါ ခါးပေါ်၍ နေ ခြင်းသည် အလွန်အရုပ်ဆိုးသည်ဟု မှတ်ထင်လေသည်။ သို့ကြောင့်ပင်လည်း အဘယ်မြန်မာ မိန်းကလေးကိုမျှ ဟုတ်သည်မထင်ခဲ့ပေ။
အတော်အတန်ချောမွေ့သော မြန်မာမိန်းကလေး တစ်ဦးဦးကို တွေ့စေဦး ခါးပိုင်းကို ဘယ်သောအခါမျှ မကြည့်မိ ချစ်စရာကောင်းသော ရူပါရုံအလှ၊ မျက်နှာမျှကိုသာလျှင် ကြည့်ခဲ့မိလေသည်။ သို့ကြည့်ရင်း အင်း-ရုပ်ကလေးက တော့ ချောလှပါ၏။ လက်မြှောက်လျှင် ခါးပေါ်ချေဦးမည်။ ခါးပေါ်လျှင် ရုပ်ဆိုး၊ စိတ်ပျက်စရာပင်ဟု ကျွန်ုပ်စိတ် ဝယ် တစ်ကိုယ်တည်းညည်းတွားမိခဲ့လေသည်။ ထို့ကြောင့်လည်း မြန်မာ မိန်းကလေးများကို မျက်နှာလွဲ၍ အခြားသောနေရာတို့ကို အခြားယောက်ျားကလေးများကဲ့သို့ ကျွန်ုပ်သည် မကြည့်ခဲ့မိပေ...
ကျွန်ုပ်အလွန်ချစ်ခင်၍ ကစားဖော် စကားဘက်ဖြစ်ခဲ့သော မဟန်ကို မြင်ရသောအခါ၌မူကား ကျွန်ုပ်စိတ်ဝယ် တစ်မျိုးဖြစ်၍ သွားလေသည်။ တဖြည်းဖြည်း မျက်စိယဉ်၍သွားလေပြီ။ မျက်စိယဉ်၍ လာသောအခါ၌ ကျွန်ုပ်၏ စိတ်တွင် မဟန်အား ချစ်ခြင်းမေတ္တာသည် ပေါ်ပေါက်၍ လာခဲ့လေသည်။ ချစ်၍လည်း တစ်နေ့မတွေ့ရလျှင် မနေနိုင်တော့ချေ။ သို့ကြောင့်ပင် မဟန်နှင့် ကျွန်ုပ်သည် အကြိမ်ကြိမ်တွေ့ရာ ထိုသို့တွေ့ရသော်လည်း ချစ်စကား ကြိုက်စကားကို မပြောရသေးပေ။ ကျွန်ုပ်ကသာ ကြိုက်နေလေသည်။ မဟန်ကို ဖွင့်၍မပြောပေ။
မဟန်ကား ဗုဒ္ဓဘာသာ ကျွန်ုပ်က ခရစ်ယာန်ဖြစ်နေရာ မဟန်ကလည်း ခရစ်ယာန်ဘာသာမ၀င်နိုင် ကျွန်ုပ်က လည်း ဗုဒ္ဓဘာသာမဖြစ်နိုင်နှင့် အခက်ကြုံနေရလေသည်။ ထိုအခါ ထာဝရဘုရားကို ပုန်ကန်လိုသောစိတ်တို့ သည်ကား ကျွန်ုပ်စိတ်ဝယ် တိုးတက်များပြားခဲ့လေပြီ။
ကျွန်ုပ်ပြောသမျှကို မဟန်ကား နားထောင်နေ၏။ စကားပြန်ကား မရသေးပေ။ သို့သော်လည်း သူသည် ကျွန်ုပ် ကဲ့သို့ပင် ကျွန်ုပ်အား ချစ်ကြိုက်နေကြောင်းကိုကား သူ၏အမူအရာအားဖြင့်ပင် ကောင်းစွာ အကဲခတ်နိုင်လေ သည်။ ပါးစပ်ကပင် ဖွင့်ဟ၍ မပြောသော်လည်း အမူအရာကိုမြင်ရ သိရရုံဖြင့် ကျွန်ုပ်မှာ ကျေနပ်လျက် ဘာသာ မတူသော မဟန်အား မည်သို့ရအောင် ကြံရပါမည်နည်းဟု အမျိုးမျိုး အကြံတွေ ထုတ်၍နေလေသည်။
ကျွန်ုပ်၌ ထိုအခါတွင် အလုပ်အကိုင်ဟူ၍ ဘာတစ်ခုမျှ မရှိ။ ဘာတစ်ခုမျှ မလုပ်ကိုင်သဖြင့် ကျွန်ုပ်မှာ ရပ်ရွာထဲ၌ လူလေလူပေါ့ဟူသော အမည်ကို ရစပြုလေသည်။ ထိုကဲ့သို့ အလုပ်အကိုင်မရှိသည့်အတွက်ကြောင့် မယား တစ်ယောက်ကို ဝအောင် ကျွေးနိုင်မည့် သူမဟုတ်ဟု အခြား သူများကဲ့သို့ပင် မဟန်ယုံကြည်တွေးထင်မိလေ မည်ကား မလွဲပေ။ ဤအချက်ကား မဟန်၏ စကားမပြန်ခြင်း၏ ပထမ အကြောင်းအရင်းပင် ဖြစ်တန်ရာသည်ဟု ကျွန်ုပ်တွေးမိ၏။
မဟန်ကိုယ်တိုင် ထိုကဲ့သို့ အထင်ရှိသည့် လက္ခဏာ စကားများပြောဆိုသံကို တစ်ခါတရံ တစွန်းတစ ကြားရ လေသည်။ ထို့ကြောင့်ပင် ချစ်ကြိုက်ပါသည်ဟူသော စကားကို မပြောလေသလားမသိရပေ။
နောက်ဆုံး၌ ခရစ်ယာန်ဘာသာထာဝရဘုရား၏ အယူဝါဒနှင့် ပတ်သက်၍ ကျွန်ုပ်၏ တွေးတောချက်တွင် ပိုင်နိုင် စွာ သဘောပေါက်လာခဲ့လေသည်။ ငါ့ကို ထာဝရဘုရားသခင် ဖန်ဆင်းသည်မဟုတ်ဟူသော အသိသည် ခိုင်လုံ ၍ လာလေသည်။
ထိုအခါမဟန်နှင့် အဆက်အသွယ်ဖြစ်သော မသိန်းခေါ် မိန်းမကြီးတစ်ယောက်အား ကျွန်ုပ်ရှင်ပြုလိုကြောင်း ပြောပြလေသည်။ မသိန်းက မဟန်အား ထိုအကြောင်းကို ပြော၍ပြလေရာ မဟန်ကိုယ်တိုင်ပင် ကျွန်ုပ်အား ဘုန်းတော်ကြီးဦးအာလောက ကျောင်းတွင် သင်္ကန်းစီးဖို့ကို စီစဉ်၍ပေးလေသည်။ များမကြာခင် ကျွန်ုပ်ကား သင်္ကန်းစီးပြီးလေပြီ။
သို့သင်္ကန်းစီးပြီးသည်နောက် တစ်လလောက်အကြာတွင် ဖါသာ-အန်ဒရူးခေါ် သူဘုရင်ဂျီဘုန်းကြီးတစ်ပါးက မိုးနှင်းလုပ်လိုက်တာ ငါ့မှာ အသဲနှလုံးများတောင် တုန်လို့ဟု ပြောသောစကားကို ကျွန်ုပ်ကြားသောအခါ ကျွန်ုပ် ကိုယ်တိုင်လည်းများစွာ တုန်လှုပ်၍ လာလေသည်။ အကြောင်းမူကား ခရစ်ယာန်ဘာသာအရ ထိုအပြစ်သည် အကြီးဆုံးသော အပြစ်ဖြစ်လေရာ သင်္ကန်းပင်စီးရသော်လည်း ယခုမှ ဗုဒ္ဓဘာသာဘက်သို့ ရူတ်ခြင်း ကူးခဲ့ရ သော ကျွန်ုပ်အဖို့တွင် ဗုဒ္ဓတရားတော်မြတ်ကို အလျဉ်းနားမလည်သေးရာ ထိုသို့ နားမလည်သေးသော ကျွန်ုပ် သည် ဖါသာအန်ဒရူး၏ စကားကို ကြားရခြင်းဖြင့် အဘယ်မှာ စိတ်နှလုံးမတုန်လှုပ်ပဲ ရှိနိုင်ပါမည်နည်း။ တုန်လှုပ် ခြင်းရှိ၍လည်း များမကြာမီ လိင်ပြန်ပြီး ထွက်လာခဲ့လေသည်။
သင်္ကန်းချွတ်ခဲ့ပြီးနောက် သာယာဝတီမြို့ ရုံးများ၌ အလုပ်အကိုင်စုံစမ်းရှာဖွေခဲ့ရာ ပီဒဗလျူဒီခေါ် လမ်းဘက် ဆိုင်ရာရုံးတွင် စာရေးအလုပ်တစ်ခုကို ကံအားလျှော်စွာ လွယ်လင့်တကူ ရခဲ့လေသည်။ တစ်သက်လုံးက လွတ်လပ်စွာနှင့် ကိုယ်ထင်ရာ ကိုယ်သွားလာပျော်ပိုက်၍ နေခဲ့သော ကျွန်ုပ်အဖို့ဝယ် အချိန်မုန် ရုံးသွားရခြင်း၊ ရုံး၌လည်း အထက်လူကြီးများ၏ မျက်မှောက်ဖြစ်၍ ထိုင်ရာမှ မထ၊ တကုန်းကုန်းလုပ်ရခြင်းတို့သည်ကား ကျွန်ုပ် လို လွတ်လပ်စွာ နေခဲ့သော သူတစ်ဦးအတွက် များစွာ စိတ်ဆင်းရဲ စိတ်ကိုကြပ်တည်းစေလေသည်။ သို့ကြောင့် လည်း ထိုရုံး၌တစ်လမျှသာ လုပ်ခဲ့လေသည်။
ထိုရုံးတွင် အလုပ်လုပ်၍ တစ်လလောက်မျှကြာသော မိုးဦးကျနေ့တစ်နေ့တွင် အိမ်မှ ထွက်လာခဲ့ရာ လမ်းတွင် အပွင့်များဖြင့် စည်းကားနေသော ပိတောက်ပင်တစ်ပင်ပေါ်သို့ တက်သူတက်၊ အောက်မှ တံချူနှင့်ချူသူချူ၊ ပန်းပွင့်များကို ဆွတ်ခူးနေသော လူတသိုက်ကို တွေ့ရလေသည်။ သူတို့တတွေကို ကြည့်ရသည်မှာ တေးသီ ချင်း တကျော်ကျော်နှင့် ပျော်စရာကြီးပင်ဖြစ်လေရာ ထိုသို့ကြည့်နေသော အခိုက်အတန့်၌ ကျွန်ုပ်၏ စိတ်တွင် ဖြစ်ပေါ်လာသည်ကား အင်း ငါ့မှာတော့ သူတစ်ပါးရဲ့ လခစားအစေခံဖြစ်နေရလို ခိုင်းသည့်ကျွန် စေသည့်နွား ဆိုတာလို ရုံးမှာသာ တစ်နေကုန်ထိုင်ပြီး လုပ်နေရတာဘဲ။ သူတို့တတွေကတော့ အပျော်ကြီး ပျော်လို့ပါကလား။ ငါလည်း လခစား စာရေးမဖြစ်ခင်က လွတ်လပ်သူတစ်ဦးပီပီ သူတို့တတွေလို ပျော်ခဲ့ရတယ်မဟုတ်ပါလား။ အခု လဲ လွတ်လပ်ရင် သူတို့လိုပဲ ပျော်နေရာမှာပါကလားဟု အောက်မေ့ပြီး ရုံးသို့မသွားတော့ဘဲ တေးသီချင်း တကျော်ကျော်နှင့် ပန်းခူးနေကြသော လူစုထဲသို့ သွားရောက်ခါ သူတို့ နည်းတူတေးတကျော်ကျော် အော်ဟစ် သီဆိုရင်း အချိန် ကုန်စေလေသည်။ ထိုနေ့မှစ၍ ရုံးသို့လည်း မသွားတော့ပေ။ ရပ်ရွာထဲတွင် လည်ပတ်သွားလာ နေခြင်းဖြင့် အချိန်ကို ကုန် စေခဲ့လေသည်။ သို့ကြောင့်ပင်လည်း ကျွန်ုပ်အား ရုံးမှ ထုတ် ပစ်လိုက်ပေပြီ..... အံ့သြစရာမရှိ.....။
+ လွန်ခဲ့သည့် သုံးနှစ်ခန့်က မြန်မာ့အကျိုးဆောင်အဖွဲ့မှ ထုတ်ဝေသည့် လွတ်လပ်မှုခေါ် စာအုပ်တွင်လည်း စာမျက်နှာ ၃၁၌ (ထာဝရဘုရားသည် သတ္တဝါတွေကို မိမိတို့ သဘောမတူဘဲ ဖန်ဆင်းပြီး မောင်မင်းတို့ ငါ့ကို ကိုးကွယ်ကြ။ ငါ့ကို မကိုးကွယ်လျှင် ငရဲချမည်ဆိုက တရားပါ၏လော။ ။ ဘုရားမဖန်ဆင်းမီက ကျွန်ုပ်တို့ အဘယ်မှာမျှမရှိ။ ကျွန်ုပ်တို့သည် မရှိမုန့်မျိုးဖြစ်၏။ ထိုမရှိသော ကျွန်ုပ်တို့သည် ထာဝရဘုရားထံ ကပ်ရောက်ခါ ကျွန်ုပ်တို့ကို ရှိအောင် ဖန်ဆင်းတော်မူပါ။ ခင်ဗျားကို ကျွန်တော်တို့ ကိုးကွယ်ပါမည်ဟူသော ဂတိနှင့် တောင်းပန် ကြသည်မဟုတ်။ အကောင်အထည်မျှ မရှိသော မရှိကောင်များသည် အသို့လျှင် တောင်းပန်နိုင်ပါမည်နည်း။ သို့ပါလျက် ထာဝရသည် မိမိ၏ သဘောအတိုင်း ကျွန်ုပ်တို့လား ဖန်ဆင်းလိုက်ရုံမက ဖန်ဆင်းပြီး သောအခါ နင်တို့မရှိရာမှ ရှိအောင် ငါဖန်ဆင်းလိုက်သည် ငါ့ကို ကျေးဇူးတင်ရမည် ငါ့ကို ရှိခိုးကိုးကွယ်ရမည် ရှိခိုးကိုးကွယ် ခြင်းမပြုလျှင် ငရဲသို့ သွားဟုဆို၏။ တရားပါ၏လော။ မရှိလျှင်အေး၏။ ရှိသောကြောင့်ပူ၏။ ဤရှိခြင်းတည်းဟူ သော အပူနှင့် ညှင်းပန်း၍ အားမရသဖြင့် ငရဲကို ချချေက နည်းလမ်း ကျပါမည်လား။ ကျွန်ုပ်တို့ကိုယ်တိုင် ဗုဒ္ဓ ဘာသာသို့ ကူးပြောင်း ခဲ့ခြင်း၏ အကြောင်းဖြစ်ခါ ချေလွှာစကားဖြစ်၏။ ထိုစကားဖြင့် ထာဝရကို ချေခဲ့၏။ သို့ ချေသည့်အတိုင်း ကြေပြီ။ ထာဝရ ဘုရားမရှိတော့ပြီဟု ကျွန်ုပ်ယုံကြည်၏)ဟူ၍ ရေးသားခဲ့ခြင်းကို ဤနေရာ တွင်ပြန်လည်သတိရ သင့်ကြပေသည်။ ။ တည်းဖြတ်သူ
ပီမိုးနင်း ရဲ့ ပီမိုးနင်း စာအုပ်တွင်းမှကူးယူပါသည်။
0 comments:
Post a Comment