Wednesday, April 11, 2012

အိမ်အကြောင်း


by Eingyin Ta Khaine on Wednesday, April 11, 2012 at 4:21pm


ခုတလောဘာမှဟုတ်တဲ့ အရှုပ်ကလေးတွေနဲ့ ကျမစာမရေးဖြစ်တာအတော်ကြာနေပါပြီ။ အလုပ်ရှုပ်တာကော စိတ်မပါတာကောနဲ့ ဘာမှကို မရေးဖြစ်သလို စဉ်းစားမိတဲ့ ကဗျာလေးတွေ၊ စိတ်ကူးနဲ့စာတိုလေးတွေသာချရေးမိခဲ့တယ်။ ဒီကြားထဲ အိမ်ပြောင်းဖို့လုပ်တော့ ပိုစိတ်ရှုပ်အလုပ်ရှုပ်ရတယ်လေ။ ဘာတွေပဲရှုပ်ရှုပ် ရန်ကုန်ကမေမေ့အိမ်ကိုတော့ သိပ်သတိရမိတယ်။ ကျမက အိမ်လွမ်းတတ်သူဆိုတော့ နိုင်ငံခြားရောက်ကာစကမျက်ရည်ခဏခဏကျမိခဲ့တယ်။


သည်ရက်ပိုင်းမှာလည်း သင်္ကြန်နားနီးပြီဆိုတော့ Facebook ၀င်ကြည့်ရင် အိမ်တွေမှာ မုန့်လုပ်စားကြတာတွေ၊ ဘုရားရေသပ်ပယ်တာတွေ တွေ့တော့ မိသားစုကိုပိုလို့သတိရမိတာအမှန်ပါ။ အဲဒီလို မိသားစုနဲ့အတူ နွေးထွေးမူမျိုးကို အိမ်မှာသာရနိုင်တာမှလား။ ဒါနဲ့ကျမလည်း အိမ်အကြောင်းရေးချင်မိတော့တယ်။ တကယ်တော့ အိမ်အကြောင်းဆိုတာပြောမကုန်ဘူးလေ။ အိမ်အကြောင်းရေးသူတွေရှိကြမှာပါ။ ကျမအတွက်တော့ ရေးဖို့တော့စောနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျမကိုယ်တိုင်လည်း ခုဆိုမိသားစုအသစ်လေးနဲ့ကိုး။ ရေးချင်စိတ်ရှိနေတော့ ချရေးမိလိုက်တယ်။ အိမ်အသစ်ပြောင်းကာစဆိုတော့ ဘာလိုမလဲ ဘယ်လိုပြင်ဆင်မလဲဆိုတာတွေးရင်း စိတ်ချမ်းသာသလိုဖြစ်မိတယ်။ အိမ်ဆိုတာ ဘယ်နေရာဘယ်အရပ်မှာနေရနေရ နေပူမိုးရွာဒဏ်ကို ကာကွယ်ပေးတဲ့ ကိုယ့်အတွက် နွေးထွေးတဲ့ခိုနားရာလေးလေ။

လူတိုင်းအတွက် ဘ၀မှာမရှိမဖြစ်က နေ့စဉ်ဝမ်းဖြည့်ရမယ့် စားစရာရယ် Shelter လို့ခေါ်တဲ့ခိုနားစရာ အိမ်ရှိမှဖြစ်မယ်လေ။ အိမ်ဆိုတာ ကြီးလို့ရတယ်၊ ငယ်လို့ရတယ်။ မိုးလုံလေလုံ ခိုလှုံနိုင်ဖို့ပဲလိုတယ်၊ ဆင်းရဲလို့ရတယ်၊ ချမ်းသာလို့ရတယ်။ မိသားစုတတွေ စည်းလုံးနွေးထွေးဖို့ပဲလိုတယ်.. တဲ့။ ဟုတ်တာပေါ့။

ကျမအိမ်အကြောင်းရေးမယ်ဆိုတော့ အရင်ဆုံး မိသားစုမောင်နှမတွေရှိတဲ့ မြန်မာပြည်က အိမ်ကို သိပ်သတိရမိပါတယ်။ ကျမဘယ်သွားသွား အိမ်ပြန်ရောက်လို့ အခန်းထဲမှာ လှဲလိုက်ရင်အမောပြေသွားတာပဲလေ။ နေပူထဲက ပင်ပင်ပန်းပန်းနဲ့ပြန်လာလည်း အိမ်ရောက်ခါနီးဆို စိတ်ကလောပြီး ပိုမြန်မြန်ရောက်ချင်မိတယ်။ အမေအဖေက ဘယ်လောက်ဆူဆူ အပြင်ကနဲ့မတူတဲ့ အမောပြေရာနေရာလေးပေါ့။ သင်္ကြန်နီးလို့ဖြစ်ဖြစ် ပိတ်ရက်မှာဖြစ်ဖြစ် တခုခုလုပ်စားရရင် မောင်နှမတတွေစုရုံးစုရုံးနဲ့ ပျော်စရာသိပ်ကောင်းတယ်။
ဒါဟာ အိမ်ရဲ့နွေးထွေးမူတခုပါပဲ။

တကယ်တော့အပြင်မှာ ဘယ်လောက်ပျော်တဲ့သူဖြစ်ဖြစ် အချိန်တန်တော့လည်း အိမ်ပြန်ရစမြဲပါ။ ကျမဆို မေမေတို့နဲ့အတူ အိမ်ထဲမှာနေရတာနှစ်ချိုက်ပေမယ့် အလုပ်ဝင်တော့ ရုံးအပြန်သူငယ်ချင်းတွေနဲ့ လျှောက်သွားလျှောက်စားတော့ မိုးချုပ်မှ အိမ်ပြန်ဖြစ်တယ်။ ဘာပဲပြောပြော အိမ်ရောက်တော့လည်း တကယ်ကို စိတ်လုံခြုံနွေးထွေးမူကိုခံစားရတာပါပဲ။ အပြင်မှာ ပျော်သည်ဖြစ်စေ စိတ်ညစ်လာသည်ဖြစ်စေ ကိုယ့်အိမ်လေးရောက်မှ အမောပြေတော့တာဟာ အမှန်ပါ။ တယောက်ထဲနေသည်ဖြစ်စေ၊ မိသားစုနဲ့နေသည်ဖြစ်စေ မောပန်းလာပြီဆို ဘယ်သူမှဆို အိမ်ကို တမ်းတကြစမြဲပါ။ အကိုအမတွေကျန်မောင်နှမအားလုံး အိမ်ထောင်ကျပြီး အိမ်ခွဲသွားတော့ ဖေဖေရယ် မေမေရယ် ကျမရယ် သည်မိသားစုသုံးရောက်ပဲ ကျန်ခဲ့တော့လည်း အိမ်လေးက ကျမအတွက်နွေးထွေးစမြဲပါပဲ။ ပိတ်ရက်မနက်စောစောဆို ၀ရံတာကနေ အပြင်ကို ဟိုငေးဒီငေးနဲ့ အိမ်ထဲကကြည့်ရတာ အလွန်အရသာရှိတယ်။ အိမ်ထဲက ဖေဖေမေမေတို့ရဲ့ ဘုရားရှစ်ခိုးကန်တော့သံ၊ ရေဒီယို တီဗွီသံကြားရတာလည်း စိတ်ချမ်းသာစရာတမျိုးပါပဲ။ အိမ်သန့်ရှင်းရေးလုပ် ပန်းအိုးထိုးအလှဆင် အခန်းဆီးလိုက်ကာလဲတာလည်း အိမ်အတွက် ပျော်ရွှင်မူ့တမျိုးပေါ့။ ကျမကတော့ ငယ်ငယ်ကထဲက အိမ်လှလှ အခန်းလှလှလေးတွေကို ချစ်တယ်။ သဘောကျတတ်တယ်။ အိမ်မှာ ပန်းပင်လေးတွေစိုက်ထားတာရှိတာလည်း သိပ်သဘောကျတယ်။ မေမေကတော့ ပန်းပင်စိုက်ဝါသနာပါသူတယောက်ပေါ့။ အိမ်မှာ မေမေ့ပန်းပင်လေးတွေပန်းပွင့်တာမြင်တော့ ကိုယ်လည်းစိတ်ချမ်းသာတယ်။ ကိုရီးယားမှာတော့ အိမ်တိုင်းလိုလိုမှာ ပန်းပင်လေးတွေနဲ့လေ။ ခုဆိုနွေဦးဝင်လာပြီဆိုတော့ ပန်းလေးတွေအစီအရီပွင့်လာတော့မယ်။ ကျမတောင် ပန်းပင်လေးတွေဝယ်ထားသေးတယ်။

ခုဆို အိမ်ခန်းအသစ်လေးမှာ ဘာတွေဘယ်လိုလေးထားမယ်ပြင်မယ်နဲ့ စိတ်ကူးမိရင်း လိုတာလေးတွေလိုက်ဝယ်မိတယ်။ ကျမတို့ယူကာစတော့ အခန်းကျဉ်းလေးထဲမှာ နှစ်ယောက်သားဖြစ်သလိုနေခဲ့ကြတာပါ။ အိမ်ထောင်ဦးဆိုတော့ လိုတာတွေများပေမယ့် ကိုယ်ပိုင်အိမ်မဟုတ်တော့ ၀ယ်ထားဖို့သိပ်အဆင်မပြေဘူးပေါ့။ သူများနိုင်ငံမှာကတော့ အဆင်ပြေသလိုနေကြရတာပါပဲ။ အခန်းလေးကဘယ်လောက်ကျဉ်းကျဉ်း ကျမတို့နှစ်ယောက်လုံး အပြင်ကနေအိမ်ကိုပြန်ရောက်မှ အမောပြေပါတော့တယ်။ ကိုယ့်အိမ်လေးမှာ ထမင်းလက်ဆုံအတူစားရင်း ကျေနပ်ရတာအမှန်ပါ။ နောက်တခုက ကိုယ့်အိမ်လေးမှာပဲ ကိုယ်စားချင်တာချက်ပြုတ်စားရတာအဆင်ပြေတာလေ။ အပေါင်းအသင်းနဲ့ ဘယ်လောက်ပဲအပြင်မှာပျော်နေနေ အိမ်ပြန်ဖို့မေ့တဲ့သူတော့ရှိမယ်မထင်ပါဘူး။ ကိုယ်အိပ်စက်အနားယူဖို့ကတော့ စိတ်လုံခြုံမူရှိတဲ့ ကိုယ့်အိမ်လောက်ဘယ်မှာကောင်းပါ့မလဲရှင်။ ယောက်ကျားလေးတွေဟာ အပေါင်းအသင်းနဲ့ သောက်စားပျော်ပါးတတ်တာသဘာဝပေမယ့် ကိုယ့်အိမ်က အခန်းထဲမှာ စာအုပ်လေးဖတ်နေရတဲ့အရသာကတော့မတူဘူးဆိုတာ သူတို့လည်းသိကြမှာပါ။ အပြင်မှာ မိုးရွာလို့ နှင်းကျလို့ နေပူလို့စတဲ့အချိန်တွေမှာ ပိုလို့သိသာစမြဲပဲပေါ့။ ဘယ်လိုအိမ်နဲ့နေရနေရ အချိန်တန်တော့ မိမိအိမ်လို့ခေါ်တဲ့ ခိုနားရာလေးကို ပြန်ရောက်ရင် အမောမပြေတဲ့သူ ရှိမယ်မထင်ပါဘူး။ တချို့ကတော့ အိမ်ကို လစ်လျူရှုထားတတ်ကြတယ်လေ။ အိမ်က အမေမျှော်နေမယ်ဆိုတာ ဇနီးမယားကစောင့်နေမယ်ဆိုတာကို သိပ်မတွေးကြဘူး။ ဘယ်လိုလူဖြစ်ဖြစ် မျှော်နေတဲ့သူဆီပြန်သွားရင် အပြင်ကထက် နွေးထွေးတယ်ဆိုတာ တနေ့တော့ ခံစားရမှာပါ။ အပြင်မှာ ဘယ်နှစ်နာရီ ဘယ်နှစ်ရက်နေနိုင်မှာမို့လို့လဲလေ။

နိုင်ငံရပ်ခြားမှာ နေနေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေတောင် ကိုယ်နေထိုင်ရာအခန်းလေးကို သံယောဇဉ်ရှိကြသေးတာဆိုတော့ ကိုယ့်မိသားစုရှိတဲ့အိမ်ကို သတိမေ့နေတဲ့သူရှိပါ့မလားလို့တွေးမိဖူးတယ်။ ကိုယ်နေထိုင်ရာနေရာလေးဟာ ဘယ်လောက်စုတ်စုတ်ကျဉ်းကျဉ်း ဒါဟာ နွေးထွေးတဲ့ခိုနားရာအိမ်ကလေးမို့ ၀မ်းနည်းချိန် မောပန်းချိန်မှာ လိုအပ်တဲ့နေရာလေးပါ။

ကျမကတော့ အိမ်ကို ချစ်သလို အိမ်ထဲမှာ နေရတာကိုပဲသဘောကျပါတယ်။ ပိတ်ရက်မှာတောင် အိမ်ထဲမှာ စိတ်ရောလူပါ နားနားနေနေ နေရတာကိုနှစ်ခြိုက်တတ်တယ်။ ကိုယ့်အိမ်ထဲမှာ ပန်းအိုးလေးတွေ အရုပ်လေးတွေ ဓါတ်ပုံလေးတွေနဲ့ နေရောင်ခြည်လေးကိုကြည့်ရင်း စိတ်ချမ်းသာမိတယ်။ အိမ်အလှဆင်ရတာကိုလည်း ကြိုက်တယ်လေ။ ပိုက်ဆံတွေအများကြီးရှိဖို့ထက် မိသားစုနွေးထွေးဖို့က ပိုလိုသလိုပါပဲ။ အိမ်မှာလည်း စိတ်ကူးနဲ့ပြင်ဆင်ကြည့်၊ ရှိတာလေးနဲ့ လှအောင်လုပ်ရတာ အကောင်းစားတွေရှိပြီး ပစ်ထားလို့ ရှုပ်ထွေးနေတာထက်စာတော့ ပိုကောင်းတာပေါ့နော်။ သည်နေရာမှာပြောရရင် မိသားစု စိတ်တူကိုယ်တူ စည်းလုံးတာဟာ ပိုကောင်းပါတယ်။ အိမ်ပြင်တော့မယ်ဆိုရင် တက်ညီလက်ညီ ၀ိုင်းဝိုင်းဝန်းဝန်းနဲ့ အတူလုပ်။ ဆေးရောင်ကအစဘာခြယ်မယ်ဆိုတာကို တိုင်ပင် သဘောတူတော့ အိမ်လေးကနေချင်စရာဖြစ်တာပေါ့။ ခုဆိုကျမလုပ်ချင်တာပြင်ဆင်ချင်တာလေးတွေကို အမျိုးသားကိုပြောပြီး အတူလုပ်ကြတော့ စိတ်ပျော်ရွှင်ရပါတယ်။ နောက်ဆို သားလေးရလာရင် အိမ်အတွက်ပို ပျော်စရာကောင်းမယ်လို့ မျှော်လင့်မိပါတယ်။

အိမ်မှာ အလုပ်ကပြန်လာမယ့် ယောက်ကျားကိုအတူမျှော်ရမယ့် အဖော်ကလေး ရှိရင်ဆိုတဲ့ စိတ်ကူးနဲ့ ကျေနပ်မိသေးတယ်။ သည်လိုဆိုတော့ ကျမအလုပ်ကအပြန်ကျောင်းကအပြန်ကို စောင့်နေခဲ့တဲ့ မေမေ့ကို ကိုယ်ချင်းစာမိတော့တယ်။ ကျမလိုပဲ မေမေ့လိုပဲ အမေတိုင်း ဇနီးသည်တိုင်းက အပြင်ကပြန်လာမယ့် သားသမီးနဲ့ ခင်ပွန်းသည်ကို အချိန်တန်လို့ပြန်မလာသေးရင် ဘယ်လောက်များမျှော်နေလိုက်မလဲနော်။ တချို့ဆို မွေးထားတဲ့ခွေးကလေး ကြောင်ကလေးတွေကတောင် အိမ်ကနေမျှော်နေတတ်တာ သတိတရပြောတတ်ကြတယ်။ အိမ်ဆိုတာ တယောက်ထဲနေနေ မိသားစုနဲ့နေနေ အချိန်တန်တော့ ပြန်ရမှာပဲပေါ့ရှင်။ အိမ်ဆိုတာ မောပန်းပြီဆိုရင် ခိုနားဖို့နွေးထွေးတဲ့ ရင်ခွင်ငယ်ကလေးပဲ မဟုတ်ပါလား။ လူတွေကြားထဲက မနာလိုမုန်းတီးမူတွေ အတင်းအဖျင်းတွေကြားက စိတ်ရှုပ်ထွေးစရာတွေကို ရှောင်ရှားရင်း အပန်းခနတာဖြေဖို့ အိမ်ဟာလိုအပ်ပါတယ်။

အချိန်တန်လို့ မောရင် ကိုယ့်ရဲ့အိမ်ကို ပြန်ဖို့မမေ့ပါနဲ့ လို့သာကျမကပြောချင်ပါတော့တယ်။

အင်ကြင်း

6:20 pm
11 April 2012.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...