Wednesday, April 11, 2012

“ ပြည်သူ့ ခေတ်သစ်စပြီ ”


by Seaman Nayminthu on Wednesday, April 11, 2012 at 12:57pm ·

--ဦးဖိုးသာအောင်
၁၁,၄ , ၂၀၁၂

၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်နေ့ မြန်မာ့သက္ကရာဇ် ၁၃၇၃ တန်ခူးလ္ဆန်း ၁၀ ရက်(တနင်္ဂနွေ)နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄၅ ခုအနက် ၄၃ ခုမှာအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အင်အယ်ဒီ)က အနိုင်ရဗိုလ်စွဲသွားခဲ့ပါပြီ၊ ဤကဲ့သို ရာနှုန်းပြည့်ခမန်း အနိုင်ရခြင်းကို မြန်မာပြည်သာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ အံသြကြရပါတော့သည်၊ နေရာပေါင်း သုံးဆယ်ကျော်လောက်တော့ ရနိုင်ပါသည်ဟု ခန့်မှန်းတွက်ချက်ထားကြပါသည်၊ နေပြည်တော်သီရိ လေးမြို့နယ်နှင့် တပ်နယ်မြေဒေသများကို ထည့်သွင်းတွက်ချက်ရန် မ၀ံ့ကြပါ၊သို့သော် အဖြေရလဒ် ကား အားရအံသြလောက်အောင် ဖြစ်ရပါတော့သည်

၊ဒေါ်စုကို ချစ်ကြတဲ့ သူတွေထဲမှာ စစ်တပ်မိသားစုတွေပါလား၊ ကြံဖွံ့ လွှမ်းမိုးနယ်မြေထဲမှ မိသားစုတွေပါလား၊

ရွေးကောက်ပွဲအပြီး ဒေါ်စု၏ ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် `“ရွေးကောက်ပွဲ၏ အောင်နိုင်မှုဟာ ပြည်သူလူထုကို ဦးစားပေးတဲ့ ခေတ်သစ်တခုကို စတင်လိုက်တာပါပဲ” ဆိုသည့် စကားရပ်သည် လွန်စွာနက်ရှိုင်းပြီး အဓိပ္ပာယ်ပြည့်ဝသည့် တန်ဖိုးကြီးလှသော စကားရပ်ပင်ဖြစ်ပါသည်။


`“ပြည်သူလူထုကို ဦးစားပေးတဲ့ခေတ်“ မျိုးကို မြန်မာပြည်သူတွေကံမကောင်းအကြောင်း မလှစွာဖြင့် မတွေ့မကြုံကြရသေးပါ၊ ပဒေသရာဇ်ခေတ်မှ ကိုလိုနီကျွန်ခေတ်၊ လွတ်လပ်ရေးရစ ရောင်စုံ သူပုန်ခေတ်နှင့် စစ်အာဏာရှင်ခေတ်တွေကိုပဲ ဖြတ်သန်းနေခဲ့ကြရပါသည်၊ ဤခေတ်အားလုံးသည် လူထုကိုဦးစားမပေးသည့် အပြင် မတရားဖိနှိပ်ချုပ်ချယ် လွှမ်းမိုးမှုများသာ ရှိခဲ့ပါသည်။

လက်ရှိအခြေအနေကရော လူထုကို ဦးစားပေးနေပြီလား၊ မပေးသေးပါ၊ ဖိနှိပ်ဆဲပင်ဖြစ်ပါသည်။ ဒါကြောင့် ဒေါ်စုကလည်း ခေတ်သစ်တခုကို စတင်လိုက်တာပါဟု မှန်ကန်ရဲရင့်စွာ သုံးသပ် ပြောဆိုလိုက်ခြင်းပင်ဖြစ်ပါသည်၊ လူထုကို ဦးစားပေးတဲ့ ခေတ်သစ်ကို ယခုမှ စရမှာပါ၊ ဘယ်သူက စမှာလဲဆိုလျှင် ဒေါ်စုက စမည်ဟုပင်ပြောရပါလိမ့်မည်၊

ဘာကြောင့်လဲဆိုတော့ ဒေါ်စုက ရဲရင့်တည်ကြည်စွာဖြင့် ပြတ်သားတဲ့ ကြွေးကြော်သံအဖြစ် ပြောဆိုလိုက်သောကြောင့် ဖြစ်သည်၊ ဒေါ်စုသည် သူ့ကိုယ်သူ ယုံကြည်သလို သူ့ပြည်သူတွေကိုလည်း သူယုံသည်၊ ဒေါ်စု၏အသဲနှလုံးထဲမှာ ပြည်သူတွေရှိနေသည် ထိုနည်းတူ ပြည်သူတွေရဲ့အသဲနှလုံးထဲမှာလည်း ဒေါ်စု(အမေစု) ရှိနေသည်၊

ဒေါ်စု၏ စိတ်ဝိဥာဉ်နှင့် ပြည်သူလူထု၏ စိတ်ဝိဥာဉ်သည် တဆက်တည်း တသားတည်း ရှိနေပြီ၊ ဒါကြောင့် ဒေါ်စုက စတော့မည့်လူထုဦးစားပေး ခေတ်သစ်ကို ပြည်သူလူထုကလည်း တခဲနက် လိုက်ပါဆောင်ရွက်ကြတော့မည်သာဖြစ်သည်။

ကမ္ဘာကျဉ်းနေပြီ၊ ဒါကြောင့် အိမ်တွင်းရေး ပြည်တွင်းရေးဆိုသည့် အယူအဆအဟောင်းသည် လုံးဝ မမှန်နိုင်တော့ပါ၊ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းအားလုံးနှင့် လူ့သမဂ္ဂအားလုံး၏ အရေးသည် ကမ္ဘာ့အရေးပင် ဖြစ်သည့် ခေတ်ဖြစ်နေပါသည်၊ ယနေ့မြန်မာ့အရေးသည် ကမ္ဘာ့အရေး၏ တစိတ်တဒေသ ဖြစ်နေသဖြင့် အလိုအလျောက် ကမ္ဘာက အာရုံစိုက်မှု အပြည့်အ၀ ရရှိနေပါသည် အာရုံစိုက်မှုအပြင် ၀င်ရောက်ကူညီဆောင်ရွက်မှုလည်း ရှိလာပါသည်၊ အညှီရှိလို့ ယင်အုံ မြေနိမ့်ရာလှံစိုက် ဆိုသလို အမြတ်ထုတ်ရန် သက်သက်ဖြင့် ၀င်ရောက်ကူညီမှု့မျိုးလား၊ ဒါမှ မဟုတ် အကျိုးတူ ပူးပေါင်းမှု့မျိုးလားဆိုတာကို ဆန်းစစ်ရွေးချယ် လက္ခံရမှာက မြန်မာ့ခေါင်းဆောင်များ၏ အမျှော်အမြင်နှင့် တာဝန်သာဖြစ်ပါသည်၊ ဒေါ်စု၏ အမျှော်အမြင်ကို သံသယမရှိသလို ဒီတာဝန်ကိုလည်း ဒေါ်စုက မုချထမ်းဆောင်နိုင်မည်ဟု ယုံကြည်နေပါသည်၊ ဒါကြောင့် ဒေါ်စု၊ လူထု နှင့် နိုင်ငံတကာ၏အားပေးမှု့တို့ကြောင့် မြန်မာနိုင်ငံတွင် လူထုကို ဦးစားပေးတဲ့ခေတ်ကို ဖေါ်ဆောင်နိုင်မည်မှာ သေချာသလောက်ပင် ဖြစ်နေပါသည်၊ ဒါသည်ပင် ဒီမိုကရေစီခေတ်ဦးဟု ဆိုရပါတော့မည်။

ဒီမိုကရေစီရရှိရေး တိုက်ပွဲဆိုသည်မှာ ဓမ္မနှင့် အဓမ္မတို့၏ ပြိုင်ပွဲပင် ဖြစ်နေသည်မို့ လွယ်ကူ မည်တော့မဟုတ်ပါ၊ ဇွဲနပဲနှင့် ဆောင်ရွက်ပါမှ အောင်မြင်ပါလိမ့်မည်၊ အဓမ္မတို့ဘက်ကလည်း အစွမ်း ကုန်ကြိုးစားမည်သာဖြစ်သည်၊ ဤသို့ဆိုသော် အဓမ္မဘက်သားများကား မည်သူများနည်း ဟုဆိုသော် လူထုကိုဦးစားမပေးလိုသော(သို့)ဒီမိုကရေစီကို မလိုလားသော သူများ အားလုံးသည် အဓမ္မဘတ်တော်သားများပင် ဖြစ်ပါသည်။


- အဓမ္မဘက်တော်သားများသည် အစိုးရထဲ၌လည်းကောင်း ၀န်ထမ်းထဲ၌လည်းကောင်း အတိုက်အခံနိုင်ငံရေး အင်အားစုများဘတ်၌လည်းကောင်း ပြည်သူတွင်း၌လည်းကောင်း ရှိနေသကဲသို့ ဓမ္မဘတ်တော်သားများသည်လည်း အစိုးရ၊ ၀န်ထမ်း၊ အတိုက်အခံများနှင့် ပြည်သူတို့ဘက်တွင်လည်းရှိနေကြပါသည်၊ အရေအတွက်အားဖြင့်တော့ ဓမ္မဘက်က ပြည်လုံးကျွတ်မျှပင်ဟုဆိုရပါမည်၊ သို့သော် အဓမ္မဘက် မှ အာဏာပါဝါ ရှိနေသ၍ တိုက်ပွဲကား ရှိနေဦးမည်ဖြစ်ပါသည်။

ဦးသိန်စိန် အစိုးရထဲမှ ထိပ်တန်းပုဂ္ဂိုလ်များက မြန်မာ့နိုင်ငံရေးသည် နောက်ကြောင်းမပြန်ပါ ဟု ပြောနေပါသည်။
ကမ္ဘာ့အခြေအနေကလည်း မြန်မာ့နိုင်ငံရေးသည် နောက်ကြောင်းပြန်၍ မရတော့သည့် အနေအထားမှာ ရှိနေပါပြီ၊

ဒါပေမယ့် နောက်ကြောင်းမပြန်တော့ဘဲ ရှေ့မှာဆက်ပြီး စီးပွားရေးလက်ဝါးကြီးအုပ်ရန်နှင့် စစ်အာဏာရှင် တဖြစ်လဲ လက်ဝါးကြီးအုပ် အရှင်းရှင်များ၏ စီးပွားရေးနှင့်လုံခြုံရေးကို အာမခံချက်ရရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပါသည်၊ သူတို့ကြိုးပမ်းချက် အောင်မြင်ခဲ့လျှင်လည်း ဒေါ်စုပြောသည့် လူထုဦးစားပေးခေတ်ကို ရောက်မည်မဟုတ်တော့ပါ၊

လူထုသည် စစ်ကျွန်ဘ၀မှ လက်ဝါးကြီးအုပ် ငွေရှင်၏ ကျွန်ဘ၀သို့ ရောက်ရမည်သာဖြစ်သည်၊ ဒါကြောင့် အစိုးနှင့် သူတို့၏အသိုင်းအ၀ိုင်းမှ လက်ဝါးကြီးအုပ်ငွေရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်လိုသူများသည်လည်း အဓမ္မ၀ါဒီများသာ ဖြစ်ကြပါလိမ့်မည်၊

ဝန်ထမ်းများထဲတွင်လည်း အာဏာရှင်ကို အလုပ်အကျွေးပြုပြီး အထက်ဖါးအောက်ဖိဖြင့် အကျင့်ပျက်လာဘ်စားကာ ကြီးပွားချမ်းသာမှုကို မိန်ရေယှက်ရေ စားသောက်နေရခြင်းကို နှစ်သက်နေသူများသည်လည်း အဓမ္မ၀ါဒီများပင် ဖြစ်ပါသည်။

ဒီမိုကရေစီရရှိရေး ကြွေးကြော်သည့် အတိုက်အခံနိုင်ငံရေးဘက်တွင်လည်း အဓမ္မ၀ါဒီများ ရှိနေကြပါသည်၊
ထိုသူများသည် ဒီမိုကရေစီဆိုတာကို ပုံပျက်ပန်းပျက်ဖြစ်အောင် အမျိုးအမျိုးခွဲခြမ်းပြီး ပစ္စည်းမဲ့ ဒီမိုကရေစီဆိုတာကို ရည်ရွယ်သူများဖြစ်သည်၊

အမှန်မှာတော့ ဒီမိုကရေစီသည် ဒီမိုကရေစီပါပဲ အများဆန္ဒပါ၊ ပစ္စည်းမဲ့ဒီမိုကရေစီတို့ ဘာတို့ညာတို့ မရှိပါ၊ အဲဒီပစ္စည်းမဲ့ ဒီမိုကရေစီသမားများက သူတို့လိုလားသည့် ပစ္စည်းမဲ့ဒီမိုကရေစီဆိုတာကိုလည်း ထုတ်၍မပြောဝံ့ကြဘဲ အတိုက်အခံ ရေးစီးကြောင်းမှာ မျှောလိုက်နေကြသူတွေဖြစ်သည်၊
သူတို့သည် အမေရိကန် အင်္ဂလန် ဒီမိုကရေစီမျိုးကိုလည်း မကြိုက်ကြပါ၊

အမေရိကန်နှင့် အနောက်အင်အားစုတို့နှင့်လည်း မပါတ်သက်လိုကြပါ၊
အိမ်တွင်းရေးသမားများ သက်သက်သာဖြစ်ပြီး မြန်မာပြည်မှာ ဒီမိုကရေစီ အစစ်ရရှိရေးကို မနှစ်သက် မလိုလားကြပါ၊
ဒါကြောင့် ဒေါ်စုပြောသည့် လူထုကို ဦးစားပေးတဲ့ ခေတ်သစ်ဆိုတာကိုလည်း လက္ခံရန် ခက်ခဲနေကြသူများပင် ဖြစ်နေပါသည်။


ဒါကြောင့် ပြည်တွင်းမှာရော ပြည်ပမှာပါ ဒေါ်စု၏ အင်အယ်ဒီကို ပြုပြင်ဖွဲ့စည်းခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းတို့ကို မကြိုဆို မလိုလားကြပဲ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဝေဖန်နေကြတာတွေကို တွေ့နေရပါသည်၊ ဆရာကြီး ဦးဝင်းတင်ကတော့ အများဆန္ဒမို့သာ လက္ခံရသည်၊ သူ့သဘောကတော့ ဒေါ်စုရွေးကောက်ပွဲဝင်ခြင်းကို မကြိုက်ကြောင်း ဗြောင်ပင်ပြော ခဲ့ပါသည်၊ ဒါသည် ချီးကျုးထိုက်သည့် သူ့သမိုင်း သူရေးခြင်းပင်ဖြစ်သည်၊ ဗ.က.ပတို့ကလည်း ဒီတခါ ထမီလုပွဲတွင် အမေရိကန်တို့ရသွားပြီဟုဆိုကာ သူတို့ယုံကြည်ချက်အတိုင်း ပြည်ချစ်စစ်ပွဲအတွက် ပြင်ဆင်နေမည်သာဖြစ်သည်၊ ဗ.က.ပ ၏ လောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်ကြသည့် အဖွဲ့များနှင့် ပုဂ္ဂိုလ်လေးများကတော့ ဟိုတုံးက ဒေါ်စုကို ၀ိုင်းရံကြဆိုပြီး ယ္ခုတော့ ဒေါ်စုကို ၀ိုင်းကန်ကြ ဆိုတာမျိုးတွေ ဖြစ်နေပါပြီ။

ရေဒီယို၊ အင်တာနက် ၀ဘ်ဆိုဒ်၊ ဖေ့စ်ဘွတ်တို့မှနေပြီး အသံစုံထွက်ကြပါသည်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပြားပြားမှောက်ရောက်သွားပြီ၊ စစ်ဦးစီးအစိုးရ၏ သက်ဆိုးရှည်ရေးကို ၀င်ရောက် အသုံးတော်ခံနေပြီ၊ ၂၅ရာခိုင်နှုန်း စစ်ဗိုလ်များနှင့် ကြံဖွံ့အမတ် အများစုကြီးထဲတွင် ဒေါ်စု တို့ လူနည်းစုလေးက ဘာများလုပ်နိုင်မှာလဲဆိုသည့် အရေအတွက်ပေါ်တွင်သာ မြင်တတ်သည့် တွေးခေါ်မှုကို အခြေခံဝေဖန်နေကြပါတော့သည်၊ ပြည်တွင်းမှ လက်နတ်ကိုင်တော်လှန်ရေး အင်အားစုများထဲမှလည်း ဒေါ်စု၏ရွေးကောက်ပွဲဝင်မှုအပေါ် မကြည်လင်သည့် အသံများ ကြားနေရဆဲပါ၊

ပြည်ပရောက်အသံများကတော့ ပိုမိုကြယ်လောင်များပြားလှပါသည်၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပကို ထွက်လာကြသည့် အဖွဲ့အစည်းများ၊ နယ်စပ်တွင် အထိုင်ချ လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများသည်လည်း ဒေါ်စု၏ရွေးကောက်ပွဲဝင်လမ်းစဉ်ကို လေးလေးနက်နက် ထောက်ခံ အားပေးသည်ကို မတွေ့ရပါ၊

ချော်လဲရောထိုင် ရပ်ကြည့်သည့် အဆင့်များကိုသာ တွေ့နေရပါသည်၊ နာမည်ကျော် စင်ပြိုင်အစိုးရကြီးကလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ပြည်ပမှာ ဘာမှမယ်မယ်ရရ မလုပ်နိုင်ပေမယ့် ၀န်ကြီးချုပ်တို့၊ ဘာဝန်ကြီး ညာဝန်ကြီးတို့ ဆိုကြပြီး ယနေ့တိုင်မရှက်နိုင် မကြောက်နိုင် ရပ်တည်နေကြဆဲပါပဲ၊

သူတို့ကလည်း ဒေါ်စု၏ ရွေးကောက်ပွဲဝင်လမ်းစဉ်သစ်အပေါ် ပြတ်ပြတ်သားသား မထောက်ခံကြသလို ယ္ခုကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိသည့် အင်အယ်ဒီ၏ ရလာဘ်ဖြင့် လွတ်တော်မှာ အရာမရောက်နိုင်ပါဆိုသည့် အယူအဆကိုပင် ဆက်လက်ဆုပ်ကိုင် ထားကြောင်း ၀န်ကြီးချုပ်ဆိုသူ ဦးစိန်ဝင်း၏ စကားအရ ခန့်မှန်းလို့ရပါသည်။


- ပရီပိုဇယ်စား ထာဝရတော်လှန်ရေးသမားများနှင့် လိပ်ကန် ဆန့်ကျင်ရေး အုပ်စုများသည် ပြည်ပတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် သတင်းလုပ် နိုင်ငံရေးကို ဆောင်ရွက်နေကြစဉ် ဒေါ်စု၏ဦးနှောက်နှင့်ဆုံးဖြတ်သည့်နိုင်ငံရေး လမ်းစဉ်သစ်ကို စတင်ချိန်မှာပင် ဂမူးရူးထိုး ဂယိမ်း ဂယိုင်ဖြစ်ကုန်ကြပြီး တောင်ပြော မြောက်ပြော ဖြစ်ကုန်ပါတော့သည်၊

လူကြီး ဖြစ်သူ ဦးစိန်ဝင်း ကလည်း ၄၊၄၊၂၀၁၂နေ့မှာ ပြောတာက ပြည်တွင်းမှ ပြောလို့မရသည့် စကားများကို ပြည်ပမှနေပြီး ပြောပေးရန် ပြည်ပမှာပင် နေအုံးမှာဖြစ်ကြောင်းပါတဲ့၊ အတော် ကြီးကျယ်တဲ့ တာဝန်ကို စင်ပြိုင် အစိုးရအဖွဲ့က ထမ်းဆောင်နေပါသည်ပေါ့၊ အဲဒီနေ့က ဘီဘီစီမှာ ကလေးမလေး ဇိုရာဖန်းရေးတဲ့ ဂါရီယမ်းပါ ဆောင်းပါးကို ဖတ်ပြတာ ကြားလိုက်ပါသေးတယ်၊ မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေဆဲ၊ ကချင်ဒေသမှာ စစ်တွေ တိုက်နေဆဲ၊ စစ်ပြေးဒုက္ခသည်တွေ ခွန်နှစ်သောင်းလောက် ရှိနေဆဲ၊

ဒီလိုအချေအနေမျိုးမှာ ဒေါ်စုနှင့်လူနည်းစု အင်အယ်ဒီအမတ်တို့ အတွက် အများကြီးကြိုးစားကြရအုံးမှာ ဖြစ်ပြီး ဥပဒေရေးရာ အပြောင်းအလဲဖြစ်လာဖို့မှာ မလွယ်ကူဘဲ ခက်ခဲနေအုံးမယ်လို့ ယူဆပါကြောင်း စသည်ဖြင့် ဆောင်းပါးပါစာများကို ဘီဘီစီမှ သေသေခြာခြာ ရွေးချယ်ဖတ်ရှုတာကိုကြည့်ရင် ကလေးမလေးနှင့် သူ့နောက်က လူတွေရဲ့ အယူအဆအပြင် ဘီဘီစီမှ ပုဂ္ဂိုလ်တချို့၏ဆောင်ရွက်ချက်တို့ကို သိနိုင်ပါလိမ့်မယ်၊

အခုတလောမှာ စင်ပြိုင်အစိုးရ အင်စီယူဘီ၊ လူ့ဘောင်သစ်ပါတီ၊ အမ်ပီယူနှင့် အက်ဖ်ဘီအီး တို့ကလည်း အင်အန်ဒီ ၏ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှုကို ကြေငြာချက်စာတွေထုတ်ပြီး အသိအမှတ်ပြု ကြိုဆိုကြောင်း အထက်စီးက လေပေါက်တွေနဲ့ သတိဖြင့် ချီးမွမ်းခန်း ထုတ်ထားတာကို ဖတ်ရပါတယ်၊ ဒေါ်စုရဲ့ ရဲဝံ့တဲ့ ဆုံးဖြတ်ချက်နဲ့အတူ မှန်ကန်တဲ့လမ်းစဉ်အပေါ်မှာ စတင်ရရှိတဲ့ အကျိုးရလဒ်ကို အကြွင်းမဲ့ ထောက်ခံကြတာမျိုးမဟုတ်ပါ၊ လူထု၏ထောက်ခံမှုကို အပြည့်အ၀ရရှိ နေပြီဖြစ်တဲ့ ဒေါ်စုကို မဆန့်ကျင်ရဲတဲ့အတွက် အောင့်ကာနမ်းရတဲ့ အဖြစ်မျိုးကို ပြည်ပတို့ တွေ့နေရပါပြီ။

၂၀၀၈ အခြေခံဥပဒေသည် စစ်ဦးစီး ဥပဒေဖြစ်တယ်၊ လွတ်တော်ထဲမှာ ကြံ့ဖွံ့ အမတ်က အများစုကြီးဖြစ်တယ်၊ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါသေးတယ်ဆိုတာ အားလုံးသိတယ်၊ အဲဒါတွေ ကြောင့် ဒေါ်စုက လွတ်တော်ထဲကိုဝင်လိုက်တာပဲ၊

အမေရိကန် ကြားဝင်မှုနဲ့အတူ ဦးသိန်းစိန် အစိုးရသစ်၏ အကျပ်အတည်းမှ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ဒေါ်စုက အမိအရဆုပ်ကိုင် လိုက်တာဖြစ်တယ်၊

နည်းဗျူဟာဆိုတာ သိကြရမယ်၊ စစ်ဦးစီး အစိုးရသစ်က သူတို့အပေါ်မှာ ချမှတ်ထားတဲ့ ဆန်ရှင်ကို ရုတ်သိမ်းရန်နှင့် လက်ဝါးကြီးအုပ် စီးပွားရေး ဓနရှင်ဝါဒကြီး အောင်မြင် ရန်အတွက် ဒေါ်စုကို အသုံးချလိုက်တဲ့ အကွက်ပဲလို့ မြင်တာဆိုရင် ခပ်ချာချာ ကမ္ဘာလုံးသမား တွေပဲ ဖြစ်လိမ့်မယ်။

လွတ်တော်ထဲမှာရော အစိုးရထဲမှာပါ ၀ိသမလောဘနှင့် ခေါင်းမာဂိုဏ်းသားတွေ ရှိနေသေး တယ်ဆိုတဲ့အချက်ကို ဒေါ်စုက လျှော့မတွက်ဘူး၊ သည့်အတွက် လူထုကိုလည်း အားကိုးတယ် ယုံကြည်တယ်၊ လွတ်တော်တွင်း လွတ်တော်ပမှာ ဒေါ်စုလမ်းစဉ်သစ်ကို နှစ်နှစ်ကာကာ ယုံကြည် ပံ့ပိုးမည့် အင်အားစုများကိုလည်း ကြိုဆိုတဲ့အပြင့် အတူလက်တွဲ လုပ်ဆောင်ရန်ကို တိုက်တွန်းနေ ဆဲဖြစ်တယ်၊

ဒါကြောင့် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို အမှန်တကယ် လိုချင်နေကြတဲ့ တပ်မတော်သားများ ကြံ့ဖွံ့ပါတီဝင်များ အစိုးသစ်ထဲမှ ပုဂ္ဂိုလ်များ တခြားပါတီများအပြင် တိုင်းရင်းသားပြည်သူလူထုကြီးနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် မုချပင် အောင်မြင်ပြီး လူထုဦးစားပေးခေတ်သစ်ကို စနိုင်ပြီဟု ယုံကြည်ချက်ခိုင်မာလျှက်ရှိနေပါသည်။

ဒါကြောင့် ယနေ့ဖြစ်ပေါ်နေသည့် ပြသနာသည် ယုံကြည်ချက် ပြသနာ ဖြစ်နေပါသည်၊ ဒေါ်စု၏ ရွေးကောက်ပွဲဝင် လမ်းစဉ် နည်းဗျူဟာကို လူထုကြီးတရပ်လုံးက အကြွင်းမဲ့ယုံကြည်သည် ဆိုတာကိုတော့ ကြားဖြတ်ရွေးကောက်ပွဲက သက်သေပြလိုက်ပါသည်၊ အကယ်၍ တနိုင်ငံလုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ဖြစ်မည်ဆိုပါက တနိုင်ငံလုံးမှာပင် အောင်မြင်အနိုင်ရရှိမှာ သေခြာလွန်းလှပါသည်၊ ဒေါ်စုနှင့်လူထု၏ ယုံကြည်ချက်ကတော့ တထပ်တည်းကျနေကြောင်းကို သံသယဖြစ်စရာ လိုမည်မဟုတ် တော့ပါ။


- သံသယဖြစ်ရမည့်လူများကတော့ (ကြိမ်တို့လည်းမခံ သန်သန်လည်းမရုန်း) ဆိုသူများ ဖြစ်ကြပါသည်၊ ထိုသူများကတော့ ယနေ့ ဒေါ်စုနှင့်လူထုတို့သွားနေသည့် လမ်းစဉ်ကို အယုံအကြည် မရှိသူများသာ ဖြစ်ကြပါသည်၊ ပြည်တွင်းရော ပြည်ပမှာပါ အဖွဲ့နှင့် အစည်းနှင့် ရှိနေကြပြီး ပြည်ပမဖက် ပြည်တွင်းသက်သက် မူဖြင့် လူထုတိုက်ပွဲအပြင် လက်နတ်ကိုင်တိုက်ပွဲနှင့်ပါ စစ်အစိုးရကို အနိုင်တိုက်မည့် အယူအဆရှိသူများ ဖြစ်ကြပါသည်၊ သို့သော် ထိုသူတို့သည် လက်ရှိနိုင်ငံရေး အခြေအနေအရ စစ်အာဏာရှင်စနစ်ဆိုးထက် အနောက်အရင်းရှင်စနစ်ကို ပို၍ ကြောက်လန့်နေကြသူများ ဖြစ်ကြပါသည်၊

ဒါကြောင့် ဒေါ်စုတို့သွားနေသည့် အနောက်ဒီမိုကရေစီ ပုံစံကို ဦးစားပေး တိုက်ဖျက်ရန်အတွက် စစ်ဦးစီးအစိုးရထဲမှ ခေါင်းမာသူများနှင့် ပလဲနံပါတ်သင့်ရန် အပေါ်လမ်းရော အောက်လမ်းပါ ချဉ်းကပ်သမှု ပြုကြလိမ့်အုံးမည်၊ အမေရိကန် ကိုလိုနီဖြစ်မဲ့အစား တရုတ်၏ကိုလိုနီ ဖြစ်တာကမှ ကောင်းသေးသည်ဟူုသော အယူအဆရှိသူများပင်ဖြစ်သည်။


ပရီပိုဇယ်စား တော်လှန်ရေး အဓွန့်ရှည်ရေး ငတေများနှင့်စာလျှင် အရှေ့မျှော် အနောက်မုန်း လူငတုံးတို့၏ အန္တရာယ်က ပို၍များနေပါသည်၊ သို့သော် ထိုသူတို့ကိုလည်း သိသာ မြင်သာလှပါသည်၊ ဒေါ်စုနှင့် လူထုတို့၏ ရှေ့သို့လျှောက်နေသည့် (လူထုဦးစားပေးခေတ်သစ်)ကို ရောက်ရန်လမ်းမကြီးကို ခြုံခိုတိုက်ခိုက်နေသည့် အသံများကို သတိထားရတော့မည် ဖြစ်သည်။

ဒါကြောင့် ဒေါ်စုနှင့် အင်အန်ဒီတို့အပြင် ဒေါ်စု၏လမ်းစဉ်သစ်ကို ထောက်ခံအားပေးကြသူများက တဖက် အစိုးရသစ်အတွင်းမှ ခေါင်းမာသူ အချို့နှင့် အတိုက်အခံဆိုသူများထဲမှ အရှေ့မျှော် အနောက်မုန်း အနီကြောင်များ၊ တော်လှန်ရေး အကျိုးပေးကောင်းသူ အတ္တရှေ့ထား ပရီပိုဇယ်စားများကတဖက် ၎င်းဘက်နှစ်ဘက်တို့၏ တိုက်ပွဲကို တွေ့မြင်နေရပြီး မကြာခင်မှာပင် (လူထုဦးစားပေးခေတ်သစ်)ကြီးကို မုချ တွေ့မြင်ကြရမှာပင်ဖြစ်ကြောင်း။ ။

ဦးဖိုးသာအောင်
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။ (ဟစ်တိုင်) -------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...