Tuesday, April 17, 2012

မြန်မာ့နိုင်ငံရေးနှင့် အင်းစတီကျူရှင်းတို့အကြောင်း


by KyawLinOo on Friday, March 16, 2012 at 5:41pm ·

 လွန်ခဲ့သော သီးတင်းပတ်များက  “လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံ” ဟူသည့်ဆောင်းပါးတစ်ပုဒ် ကို ရေးမိခဲ့ရာ ဆောင်းပါးဖတ်သူ ပြည်ပမှ မိတ်ဆွေတစ်ဦးက အဆိုပါ ဆောင်းပါးမှ အင်စတီကျူရှင်းများ အ ကြောင်းကို ထပ်မံဖြည့်စွက်ရေးသားရန် အကြံပေးသဖြင့် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။
ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်ရေးအတွက် အင်စတီကျူရှင်းအားကောင်းစွာရှင်သန်စွာ အလုပ်လုပ်ရေး သည် များစွာအရေးပါလှသည်။ အင်စတီကျူရှင်းများသည် ၎င်းတို့၏သဘောသဘာဝအရ ကိုယ်ပိုင်ခံယူချက်၊ ရပ်တည်ချက် နှင့် ပြုမူလုပ်ဆောင်ချက်အမျိုးမျိုးရှိရာ အင်စတီကျူရှင်း တစ်ခုနှင့် တစ်ခု၊ ပွတ်တိုက်ခြင်း၊ ထိပ် တိုက်တွေ့ခြင်းနှင့်  အပေးအယူလုပ် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်တတ်ကြလေသည်။ နိုင်ငံရေးစနစ် အတွင်းရှိ အင်စတီကျူရှင်များ ထိုကဲ့သို့ အပြန်အလှန်သဘောမျိုးလုပ်ဆောင်ကြခြင်းဖြင့် နိုင်ငံရေးစနစ်သည် လည်းလှုပ်ရှားသက်ဝင်လာကြလေသည်။ ထို့ကြောင့် နိုင်ငံရေးစနစ်သစ်တစ်ရပ်အတွင်း အင်စတီကျူရှင်းများ ကို တည်ဆောက်ခြင်းသည် စနစ်ပြောင်း၊ ခေတ်ပြောင်းခြင်း၏ နိဒါန်းဖြစ်လေသည်။


အင်စတီကျူရှင်းသစ်များ

မြန်မာ့နိုင်ငံရေးစနစ်သစ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မပေါ်ပေါက်ခဲ့ဘူးသော အင်စတီကျူရှင်း သစ်များပေါ်ပေါက်လျှက်ရှိလေသည်။ သိသာသည့် အင်စတီကျူရှင်းများမှာ နိုင်ငံရေးပါတီများ၊ လွှတ်တော်များ၊ လွှတ်တော်များမှ ရွေးချယ်တာဝန်ပေးလိုက်သည် ပြည်ထောင်စုအဆင့် အစိုးအရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေ သ ကြီးများဆိုင်ရာ အစိုးရအဖွဲ့များ၊ ရွေးကောက်ပွဲများကိုကြီးကြပ်စီမံခန့်ခွဲသည့် ရွေးကောက်ပွဲကော်မရှင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအပါအ၀င် တရားရုံးများ စသည့် အင်စတီကျူရှင်းများပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် ယခင်ကရှိခဲ့သော်လည်း သေးငယ်ကျုံလှီလှသည့် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်အသိုင်းအ၀ိုင်းများ၊ မီဒီယာများသည်လည်း ပိုမိုအားကောင်းလာပြီး သိသိသာသာ အရေးပါလာသည့် အင်စတီကျူရှင်းများဖြစ် သည်။
အဆိုပါအင်စတီကျူရှင်းများသည် တည်ရှိနေယုံတင်မက ပိုမိုအာကောင်းစွာအလုပ်လုပ်နိုင်ရန်လိုအပ်လှသည်။ ထို့အပြင် လိုအပ်သော အင်စတီကျုရှင်းများပေါ်ပေါက်လာစေရန်လည်း လိုအပ်လှသည်။ ထိုသို့ အင်စတီကျူ ရှင်းများပေါ်ပေါက်လာစေရေးနှင့် အင်စတီကျူရှင်များ အားကောင်းစွာအလုပ်လုပ်နိုင်ရေးကို နိုင်ငံရေးသမားတို့ က ဦးဆောင်ဦးရွက်ပြုလုပ်ဆောင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားတို့သည် အင်စတီကျူရှင်းများ အကြောင်းနှင့် ၎င်းတို့၏ သဘောသဘာဝကို ကောင်းစွာနားလည်ထားရန်လိုအပ်သည်။

နိုင်ငံရေးစနစ် နှင့် အင်စတီကျူရှင်းတို့ အဆက်အစပ်

နိုင်ငံရေးစနစ်အတွင်းရှိ အင်စတီကျူရှင်းတို့ တစ်ခုနှင့် တစ်ခု အချိုးညီစွာ ချိတ်ဆက်လုပ်ဆောင်သွားခြင်းကြောင့် နိုင်ငံရေးစနစ်သည်လည်း သက်ဝင်လှုပ်ရှားလာရခြင်းဖြစ်သည်။ ထို့ကြောင့် အင်စတီကျူရှင်းတို့အကြောင်းကို နားလည်သိမြင်ခြင်းသည် နိုင်ငံရေးစနစ်ကို နားလည်ခြင်းလည်းဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် နိုင်ငံရေး စနစ်ကိုနားလည်ရန်အတွက် အင်စတီကျူရှင်တို့အကြောင်းကိုနားလည်ရန်လိုအပ်သည်။ အဆိုပါ အင်စတီကျူ ရှင်း တို့သည် အပြန်အလှန်တွန်းကန်ခြင်း၊ စွဲဆောင်စည်းရုံးကြခြင်းသည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။ ထို့ကြောင့် အင်းစတီကျူရှင်းတို့တွင် ပါဝင်နေသူတို့သည် အင်စတီကျူရှင်း၏ သဘောအတိုင်း အခြား အင်စတီကျူရှင်းမှ ပုဂ္ဂိုလ်များနှင့် တွန်းကန်ခြင်း၊ စွဲဆောင်စည်းရုံးခြင်းတို့ကိုလုပ်ဆောင်ခြင်းဖြင့် နိုင်ငံရေးစနစ် တစ်ရပ်ကိုဖေါ် ဆောင်နေကြခြင်းဖြစ်သည်။
ယခင် စနစ်ဟောင်းအတွင်းကလို တစ်သွေးတစ်သံတစ်မိန့် ပုံ သဏ္ဍန်မျိုးမဟုတ်တော့သည့်အတွက် အင်စတီ ကျူရှင်းများတွင်ပါဝင်နေသူတို့သည် အင်စတီကျူရှင်းတို့၏ ထီး ရိပ်အောက်တွင် လွတ်လပ်စွာ၊ပြောဆို ဆန္ဒဖေါ် ထုတ်နိုင်သည်။ ယင်းသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ် သည်။ ထိုသို့ပြောဆိုခြင်းဖြင့် အဆိုပါပုဂ္ဂိုလ် အတွက် မည်သည့်အန္တရာယ်မျိုးမှ မကျရောက်စေရန် အင်စတီကျူ ရှင်းများမှ အကာအကွယ်ပေးထားသည်။ သို့သော်လည်း အင်စတီကျူရှင်းတွင် ပါဝင်နေသူတို့အား အင်စတီကျူ ရှင်းများ၏ မူဘောင်အပြင်ဘက်သို့ မ ရောက်စေရန်လည်း နည်းဥပဒေများ၊ ညွှန်ကြားချက်များဖြင့် ထိန်းကျောင်း သည့်အလုပ်ကိုလည်း အင်စတီကျူ ရှင်း များက လုပ်ဆောင်လေသည်။ ဤသို့ဖြင့်  နိုင်ငံရေးစနစ်အတွင်းမှ အင်စတီကျူရှင်းတို့ သက်ဝင်လှုပ်ရှား နေခြင်းဖြစ်သည်။
ထိုသို့ အင်စတီကျူရှင်းတွင်ပါဝင်နေသူတို့အား အကာအကွယ်ပေးသလို ထိန်း ကြောင်း ကြပ်မတ်ခြင်းအလုပ်ကို လည်း လုပ်ဆောင်ခြင်းဖြင့် နိုင်ငံရေးတွင်ပါဝင်နေသူတို့၏ ဆန္ဒကိုရုပ်လုံးပေါ်လာအောင် တဖြည်းဖြည်းလုပ် ဆောင်လာနိုင်သည်ကိုတွေ့ရမည်ဖြစ်သည်။ သို့သော် မိမိတို့ဖြစ်စေချင်သည် များကို ချက်ချင်းလက်ငင်း အကောင်အထည်ပေါ်လာခြင်းမျိုးတော့ရှိချင်မှရှိလိမ့်မည်။ ထို့ကြောင့် အင်စတီကျူရှင်းတွင် ပါဝင်နေသူများမှ မိမိတို့ဖြစ်စေချင်သည့် နိုင်ငံရေးစနစ်မျိုးရုပ်လုံးပေါ်လာစေရန် စိတ်ရှည်ရှည်ဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင် ရွက်နေရန်လိုအပ်သည်။

အင်စတီကျူရှင်းများအား တည်ဆောက်ခြင်း

မြန်မာနိုင်ငံရေးစနစ်သည် အသစ်ဖြစ်သဖြင့် ရှိထားသည့် အင်စတီကျူရှင်းများ အသက်ဝင်ရန်အရေးကြီး သကဲ့ သို့ အင်စတီကျူရှင်းသစ်များကိုလည်း လိုအပ်လျှင် လိုအပ်သလို ထပ်မံတည်ဆောက်ရန်လိုသည်။ ထို့ကြောင့် နိုင်ငံရေးသမားတို့၏ တာဝန်သည် အင်စတီကျူရှင်းများတည်ဆောက်ခြင်း နှင့် အသက်ဝင်စေရန် အားထုတ်ခြင်း သာဖြစ်၏။ ထိုသို့ အင်စတီကျူရှင်းများ သက်ဝင်လှုပ်ရှားလာရေးသည် ခက်ခဲသကဲ့သို့ အင်စတီကျူရှင်းသစ်များ ကို တည်ဆောက်ရခြင်းမှာလည်း လွယ်ကူလှသည့်ကိစ္စမဟုတ်ပေ။  မြန်မာ့နိုင်ငံရေးသမားတို့အဖို့ အရေးကြီးလှ သည့် တာဝန်ကြီး ၂ ရပ်ကို တစ်ပြိုင်နက်တည်း ထမ်းဆောင်နေရခြင်းဖြစ်သည်။
လူ့အဖွဲ့အစည်းတွင် မိသားစုဆိုသည်မှာ အသေးငယ်ဆုံးသော အင်စတီကျူရှင်းများဖြစ်သည်။ မိသားစုဆိုသည့် အင်စတီကျူရှင်း တစ်ခု မပြိုကွဲ မပျက်ဆီးပဲ ရေရှည်တည်တံစေရန် မိသားစုဝင်များ၏ အချင်းချင်း နားလည်မှု၊ ယုံကြည်မှု နှင့် အပြုအမှု ဆန္ဒများက ရုပ်လုံဖေါ်သွားခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ အသေးငယ်ဆုံး နှင့် အရိုးရှင်းဆုံး အင်စတီကျူရှင်းများဖြစ်သည့် မိသာစုဘ၀ကိုတောင်မှ မတည်ဆောက်နိုင်လျှင် လူ့အဖွဲ့အစည်း အတွင်း ပိုမိုရှုပ်ထွေးပွေလီလှသည်၊ လူပေါင်းစုံ၏ ဆန္ဒပေါင်းစုံတို့ ရောယှက်ပါဝင်နေသည့် အခြား အင်စတီကျူ ရှင်းမျာကို တည်တံ့အောင်၊ သက်ဝင်လှုပ်ရှားလာအောင် တည်ဆောက်ရန်မှာ လွယ်ကူသည့် ကိစ္စရပ်မဟုတ်ပေ။
မိသာစုဝင်အချင်းချင်းအကြားရှိနေသည့် ဆက်ဆံရေးကိုအခြေခံသည့် အတွေ့အကြုံများအပေါ်သင်္ခန်းစာယူ ယင်း ပိုမိုကောင်းမွန်ပြည့်စုံသည့် မိသာစုဘ၀ကို ဖြည်းဖြည်းချင်းတည်ဆောက်သွားကြရမည်ဖြစ်သည်။ နိုင်ငံ အတွက် အရေးကြီးသည့် အင်စတီကျူရှင်းများကို တည်ဆောက်ရာတွင်လည်း ထိုနည်းနှင်နှင့် တစ်ဆင့်ချင်း အတွေ့အကြုံ တည်ဆောက်သွားနိုင်ရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအတွင်းက အင်စတီကျူရှင်းတို့အချင်း ချင်း နားလည်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှု၊ အင်စတီကျူရှင်း တစ်ခုချင်းစီတွင် ပါဝင်နေသူတို့ အချင်းချင်း နားလည်မှု၊ ယုံကြည်မှု နှင့် အပြန် အလှန်လေးစားတတ်မှုများဖြင့် မြန်မာ့နိုင်ငံရေးကို ရုပ်လုံးဖေါ် သွားနိုင်ခဲ့လျှင် ရေရှည်တွင် တည်ငြိမ်အေးချမ်းပြီး တိုးတက်သည့် နိုင်ငံရေးစနစ်သစ်တစ်ရပ်ကို တည်ဆောက် နိုင် လိမ့်မည်ဖြစ်သည်။

ကျော်လင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...