Monday, April 16, 2012

“အတည့်ကြည့်ပေမယ့် မမြင်ရတဲ့အချိန်များလည်းရှိတယ်။” (စိမ်းခက်စိုး)


by Sein Khat Soe on Monday, April 16, 2012 at 2:59am


အခုတလော
စိတ်တိုင်းမကျဘူးကို စိတ်တိုင်းကျနေတယ် မေမေ။
  
လူထွက်လာတဲ့ ကိုယ်က လူသတ်ချင်တဲ့ စိတ်တွေနဲ့ပေါ့ပါးနေသလိုလို…။
ငါးလွှတ်လွှတ်
ငှက်လွှတ်လွှတ်
လူမလွှတ်ရင် ဒီနှစ်လည်း အမှောင်ဘဲလို့
သားမေမေ့ကို ဖုန်းဆက်လိုက်ပါဦးမယ်။

ဇယားကွက်မှာ ကျားဖမ်းလိုက် ဆင်ဖမ်းလိုက်
အမှားကွက်မှာ လက်ညှိုးထိုးလိုက် ဟိန်းဟောက်လိုက်
ပဝါမကူမှတော့ ရေရှုဖို့လည်း မတောင်းတော့ပါဘူး မေမေ။
အကိုက်ခဲပျောက်ဆေးတွေက
စိတ်အကိုက်အခဲကို မဖြေဖျောက်နိုင်တော့တဲ့နောက်
ဘယ်သူ့ဘယ်သူမှ မြှောက်မပေးပါဘဲ
ပုလင်းထဲကို စိတ်လိုလက်ရ သားခုန်ချလိုက်တော့တာပါ မေမေ။
ခါတော်မှီဖွဲ့ဆိုမှုတွေမှာ သာလာယံဇရပ်အချိုးနဲ့
မင်းဆိုးမင်းညစ်မှသည် ထမင်းနပ်မမှန်တဲ့ လမ်းဘေးကလေးအထိ
အားလုံးမှာလိုအပ်ချက်ရှိနေတယ်ဆိုတာမျိုး
သားပြောဖို့ လျှာမတွန့်တက်တော့ဘူး…မေမေ။
အတည့်ကြည့်ပေမယ့် မမြင်ရတဲ့အခြေအနေမို့
သူများလက်ခုပ်တီးတိုင်းလည်း
ကွေးနေအောင်မကရဲဘူး။
ဝမ်းစမိုးပြောတိုင်းလည်း သောသောမညံရဲဘူး။
ကျွန်တော်ဟာ သံသယကြီးကောင်းကြီးမယ်
အမှန်ကနေတစ်လက်မမှမရွေ့မိအောင်တော့
မာနခပ်ကြီးကြီးလင်းထားတဲ့ကောင်လေးပါ မေမေ။
ကျွန်တော် နွေးမနေဘူး….
သူငယ်ချင်းတစ်ယောက်က “ဒီကောင် ပလပ်ကျွတ်နေပြီ။”ဆိုပေမယ့်
(စိတ်ချပါ မေမေ) ဒီအခြေအနေမှာ ဖိနပ်သာကျွတ်ရင် ကျွတ်ကျန်ခဲ့မယ်
စာရိတ္တဘယ်နားကျွတ်ကျခဲ့မှန်းမသိတာတော့
လုံးဝ လုံးဝမဖြစ်စေရပါဘူး မေမေ။
မေမေ ဆုံးမတိုင်း နှုတ်ခမ်းဆူခဲပေမယ့်
သူများ လျှာပေါ်က “မိမဆုံးမ၊ ဖမဆုံးမ”ဆိုတာ ထွက်မကျလာအောင်တော့
ကျွန်တော် သေသေသပ်သပ်နေတတ်ပါတယ် မေမေ။
သံနှုတ်တဲ့နေ့က လက်မလက်သည်းလေးလန်သွားလို့
သွားများကိုလည်း လက်မမထောင်ပြနိုင်သေးသလို
ယုံကြည်ရာတွေများများရေးဖို့အတွက်
ကျွန်တော့်လက်ညှိုးလေးကွေးထားရလို့
သူများလက်ညှိုးထိုးဖို့လည်း အချိန်တွေ ဖြေးဖြေးချင်းလျော့ကျနေတယ် မေမေ။
ကလေကဝမြစ်ပေါ်မှာ
လင်းချင်ရာအလင်းနဲ့ မှော်အောင်နေပေမယ့်
ကြော်အောင်ကြားအောင်ဆိုရင်
ရေချိုးခန်းထဲမှာတောင် သီးချင်းအော်မဆိုချင်ဘူး မေမေ။


ခုရက်ပိုင်းတွေမှာ
စိတ်တိုင်းမကျဘူးကို စိတ်တိုင်းကျနေတယ် မေမေ။


စိမ်းခက်စိုး
(တနင်္လာနေ့) ဧပြီ ၁၆၊ ၂၀၁၂
နံနက် - ၀၂း ၀၇ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...