အတာရေဖြင့် ဆေးပါ
မကြာခင် မြန်မာနှစ်သစ် ကူးတော့မည် ဖြစ်ပါသည်။ မြန်မာ နှစ်သစ်ကူး မတိုင်ခင် ရက်ပိုင်းအလိုတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးစီး သွား ခဲ့ပါ သည်။ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယှဉ်ပြိုင်ခွင့်ရသော နေရာ ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိ ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား အများစု မျှော်လင့်တောင့်တသော 'အနိုင်' အဖြေဟုလည်း ဆိုရမည် ဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ်က လူကြီးလူကောင်း မဆန်သော ကြိုတင်မဲများကြောင့် နိုင်ငံတကာ အလယ် အရှက်ရဖွယ် အခြေအနေ ကြုံခဲ့ရသော်ငြား ယခု ကြားဖြတ် ရွေးကောက်ပွဲ သည်ကား ကမ္ဘာကြီး၏ အခြေအနေမှန်ကို နားမလည်သည့် အောက်ခြေလူ အချို့၏ သေးနုပ်သော အခုအခံအချို့ ကြုံရသည်မှ တစ်ပါး တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ တစ်ရပ်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ ကြားဖြတ် ရွေးကောက်ပွဲသည် စင်စစ်အားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းကာလ၏ တစ်ဆစ်ချိုး အပြောင်းအလဲ တစ်ခုလည်း ဖြစ်နေပါသည်။
အကြောင်းက ၂၀၁ဝပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း၊ နှစ်ပေါင်း၂ဝ ကာလအတွင်း ' ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲအကြို စည်းရုံးရေးများ လုံးဝနီးပါး လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုခြင်း၊ မီဒီယာများတွင် ရွေးကောက်ပွဲ အကြို စည်းရုံး လှုပ်ရှားမှုများကိုလည်း လုံးဝနီးပါး လွတ်လပ် စွာ ရေးသား ဖော်ပြ ခွင့် ပြုခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနှင့် နိုင်ငံတကာ သတင်းမီဒီယာ အားလုံးကို လွတ်လပ်စွာ လာရောက် သတင်း ယူခွင့် ပြုခြင်း၊ နိုင်ငံတကာ နှင့် အာဆီယံမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ ဝင်ရောက်ခွင့် ပြုခြင်း စသော အချက်များကြောင့် ဖြစ်ပါသည်။
ထို့အပြင် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရရှိခဲ့ သောကြောင့် အသက်ဝင်စ ပြုနေသည့် လွှတ်တော်များလည်း ပို၍ အသက်ဝင် လှုပ်ရှားလာတော့မည် ဖြစ်ပါသည်။ များစွာ အရေးကြီးသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် ထမ်းဆောင်ရမည့် တာဝန်များ ဥပဒေနှင့်အညီ ဖြစ်စေရေး၊ အာဏာသုံးရပ် အကြား ပွတ်တိုက်မှု နည်းနည်းဖြင့် ဥပဒေနှင့်အညီ အပြန်အလှန် ထိန်းညှိနိုင်ရေး တနည်းအားဖြင့် ဆိုရပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပေးထားချက်များ အတိုင်း နိုင်ငံသားတိုင်း ခံစားခွင့် ရရှိစေရေး (ဝါ) အခြေခံဥပဒေ အသက်ဝင်ရေးကို ဗွေဆော်ဦး ဆောင်ရွက်ရမည်ကို နားလည် သဘောပေါက်ရေး ဖြစ်ပါသည်။ လက်တွေ့ကျ၍ ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို ရွေးချယ်ရတော့မည့် မြန်မာ့နိုင်ငံရေး အနာဂတ် ကိုလည်း ယခု ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် နိုင်ငံရေးပါတီများ အားလုံး ကောင်းစွာ သဘောပေါက် ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ရွေးကောက်ပွဲ ဖြတ်သန်းသော နည်းလမ်းသည်သာ အလုပ်ဖြစ် အဖြေထွက်မည့် လက်တွေ့ကျသော မြန်မာ့နိုင်ငံရေး လမ်းကြောင်းအဖြစ် The Voice Weekly က ကုန်ခဲ့သည့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ အတည်ပြုပြီး နောက်ပိုင်း ကာလမှ စတင်ကာ ပြင်းထန်သော ပုဂ္ဂိုလ်ရေး စွပ်စွဲတိုက်ခိုက်မှုများနှင့် ဆဲဆိုမှုများကို ကြံ့ကြံ့ခံကာ အစဉ်တစ်စိုက် ထောက်ပြ အကြံပြုခဲ့သည်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများ လက်ခံနားလည် သွားသည့်အတွက် ထိုကဲ့သို့ ခံခဲ့ရကျိုး နပ်သည်ဟု The Voice Weekly က ခံယူပါသည်။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း အတန်ကြာ အာဏာပိုင်စနစ် အောက်တွင် ရှိလာခဲ့သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နယ်ပယ်အတွင်း ရှိသူများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူထုလူတန်းစား အသီးသီး အပါအဝင် မြန်မာပြည်သူလူထု တစ်ရပ်လုံး အနေနှင့် ထိုစနစ်၏ အားနည်းချက် ဖြစ်သည့် တစ်နေရာရာတွင် 'ခံ'ခဲ့ရသည်များကို တစ်နေရာရာတွင် ပြန်'နှံ' လိုသော အဆိုးကျော့ သံသရာမှ လွတ်ကင်းကာ ဒီမိုကရေစီ စနစ်နှင့် ထိုက်တန်သူ၊ သူတစ်ပါး အခွင့်အရေးကို မထိပါးသည့် ကိုယ်ပိုင် လွတ်လပ်ခွင့်ကို နားလည် သဘောပေါက်သူ၊ စည်းကမ်းရှိသော နိုင်ငံကြီးသားများ အဖြစ် မိမိတို့ကိုယ်ကိုယ် တည်ဆောက်ကြရင်း ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်ကြပါမည့် အကြောင်းနှင့် မြန်မာနိုင်ငံ၏ ခါးသီးသော အတိတ်သမိုင်းများလည်း နှစ်သစ်ကူး အတာရေနှင့်အတူ ဆေးကြော သန့်စင်နိုင်ကြ ပါစေကြောင်း။
(၅-၄-၂၀၁၂)
By The Voice Journal
0 comments:
Post a Comment