Saturday, April 21, 2012

မဇ္ဈိမပဋိပဒါ (သို့) လောကရဲ့ အလင်းရောင်


by Moenge Aung on Saturday, April 21, 2012 at 10:24 am 

ဘုရားရှင်က ၀ါဆိုလပြည့်နေ့တွင် ဗာရာဏသီပြည် မိဂဒါဝုန်တောအတွင်းအ၀ယ် ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့ခြင်းကို အကြောင်းပြုပြီး ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ် ကျင်းပကြပါ တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များအဖို့ ဓမ္မစကြာအခါတော်နေ့ရဲ့ နောက်ခံသမိုင်းကြောင်းရယ်၊ ဓမ္မစကြာ တရားတော်အကြောင်းရယ်ကို သိကြပြီး ဖြစ်ပါတယ်။ ဟိုတစ်နေ့ကလည်း ကိုထွန်းဇော်ဦးက လမြတ်ဝါဆို ခေါင်းစဉ်နဲ့ ပို့စ်တင်ထားတာ တွေ့လိုက်ပါတယ်။ အခု အဲဒီဓမ္မစကြာသုတ်ထဲက မဇ္ဈိမပဋိပဒါ (အလယ်အလတ် လမ်းစဉ်) အကြောင်းကို တင်ပြသွားပါ့မယ်။
ဒီဓမ္မစကြာသုတ်ဟာ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိဆိုတဲ့ ပဉ္စ၀ဂ္ဂီငါးဦးကို အဓိကထား ဟောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငါးဦးစလုံးဟာ ဒီသုတ်တော်ကို နာကြားပြီးမှ ရဟန္တာဖြစ်သွားကြတာပါ။ ဒီသုတ်တော်ကြီးကို အနှစ်ချုပ်ကြည့်မယ်ဆိုရင်လည်း…..

၁။ အစွန်းထွက်နေတဲ့ အကျင့်တွေကို မကျင့်ဘဲ အလယ်အလတ်(သမာသမတ်) ကျတဲ့ မဇ္ဈိမပဋိပဒါ ဆိုတဲ့ လမ်းစဉ်ကို ကျင့်သုံးနိုင်မှ နိဗ္ဗာန်ရောက်နိုင်ခြင်း၊
၂။ သစ္စာလေးပါးကို ဟောကြားခြင်း၊
၃။ ပဉ္စ၀ဂ္ဂီငါးဦးလုံး အစဉ်အတိုင်း ရဟန္တာဖြစ်ကြပြီး သာသနာတော်မှာ သံဃာရတနာ အစဦးဆုံး ပေါ်လာကာ ရတနာသုံးပါးရယ်လို့ ဖြစ်ပေါ်လာခြင်း ဆိုပြီး တွေ့ရပါမယ်။

မဇ္ဈိမပဋိပဒါကို အလယ်အလတ်လမ်းစဉ် ဆိုလို့… ဘေးနှစ်ဖက်ရဲ့ အလယ်တည့်တည့်ကျတဲ့ လမ်းစဉ်ဆိုပြီး နားလည်ထားကြပါတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဘေးနှစ်ဖက်ကျတဲ့လမ်းစဉ်တွေရှိလာမှ အလယ်လမ်းစဉ် ဆိုတာ ပေါ်လာတာလား၊ ဒါမှမဟုတ် နဂိုကတည်းက ရှိနေတာလားဆိုတာပါ။ ဒီသုတ်မှာ ဆိုလိုချင်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာ အဲလိုသဘောတော့ မဟုတ်ပါဘူး။ ပင်ကိုယ်ကနေ ရှိနေတဲ့ လမ်းစဉ်တစ်ခုပါ။ ဒါပေမယ့် ဒီလို သမာသမတ်ကျတဲ့လမ်းစဉ်ကို တော်ရုံနဲ့ သိရှိဖို့ မလွယ်ဘူးပေါ့။ ဘုရားအလောင်းသော်မှ ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီးမှ အခုလို သိရှိလာတာလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသုတ်မှာ ပြောထားတဲ့ အစွန်းထွက်နေတဲ့ လမ်းစဉ်ဆိုတာ ကာမဂုဏ်အာရုံတွေကို ခံစားနေမှ ချမ်းသာသုခကို ရနိုင်မယ်ဆိုတဲ့ အစွန်းရယ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲပြီးကျင့်ကြံမှသာ ချမ်းသာကို ရနိုင်မယ်ဆိုတဲ့ အစွန်း ရယ်ဆိုပြီး တွေ့ရတယ်လေ။
ဘုရားမပွင့်ခင် အိန္ဒိယပြည်မှာ ဗြဟ္မဏ၀ါဒ ဆိုတာ ပေါ်နေပြီး ဖြစ်ပါတယ်။ အဲဒီမှာ အချို့က ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲစွာ ညှင်းဆဲပြီး ကျင့်ကြံမှသာ ကိလေသာတွေ ငြိမ်းချမ်းမယ်၊ ချမ်းသာကိုရမယ်လို့ အယူရှိခဲ့ ကြတယ်။ အတ္တကိလမထာနုယောဂ အကျင့်လို့ဆိုပါတယ်။ ကာမဂုဏ်အာရုံတွေကို ခံစားနေရမှ ချမ်းသာတယ် ဆိုတာကတော့ ပုထုဇဉ်လူသားတိုင်း ထင်တတ်ကြတဲ့ အယူအဆတွေပဲလေ။ ဒါပေမယ့် အဲဒီအချိန်က ဒီဝါဒကို သီးသန့်ယူဆခဲ့ကြတဲ့သူတွေလည်း ပေါ်နေပြီလေ။ ဒါကိုတော့ ကာမသုခလ္လိကာနုယောဂ အကျင့်လို့ ခေါ်ပါ တယ်။ ဘုရားရှင်ဟာ ဒီကာမဂုဏ်ချမ်းသာတွေကို နန်းတော်မှာနေစဉ် ခံစားခဲ့ပြီးပြီ။ ဒါပေမယ့် သူလိုချင်ခဲ့တဲ့ သဗ္ဗညုတဥာဏ်ကို မရနိုင်ဘူးဆိုတာကို နားလည်ခဲ့တယ်။ ဒါကြောင့် တောထွက်တယ်။ နောက်ဆုံး တောထဲ တောင်ထဲမှာ တစ်နေ့မှ ပဲပြုတ်ရည်လေး လက်တစ်ခုပ်လောက်သောက်လို့ ကျင့်ခဲ့ဖူးတယ်။ ဇီးဖြူသီးလေး တစ်လုံးလောက် စားပြီူးတော့လည်း ကျင့်ခဲ့ဖူးတာပဲ။ အဲဒီ အယူအဆတွေ အဲဒီ အစွန်းရောက်မှုတွေနဲ့ တကယ့် ချမ်းသာမှုကို မရနိုင်ဘူးဆိုတာကို ဘုရားအလောင်းတော်ဟာ ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာ အကျင့်ကို ကျင့်ပြီးမှ သိရှိလာပါတယ်။
ဒီနေရာမှာ ကာမဂုဏ်ဆိုတာကို အမျိုးသား အမျိုးသမီးနှစ်ဦးသား ဆက်ဆံပေါင်းသင်းမှု တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ သတ္တ၀ါတို့မှာတို့မှာ မျက်လုံးတွေ ရှိနေတာမို့ အဆင်းအာရုံတွေကို ကြည့်ချင်ကြတယ်။ ကြည့်ချင်ကြတာမှ အကောင်းဆုံး လှပဆုံးဆိုတာတွေချည်းပဲ ကြည့်ချင်နေမိတာလေ။ ဒါကြောင့် ကြည့်လို့ရ အောင် နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်မို့လား။ အဲဒါဟာလည်း ကာမဂုဏ် ခံစားခြင်းတစ်မျိုးပါပဲ။ အကောင်းဆုံး တွေကို ကြည့်ချင်ပေမယ့် မကောင်းတာတွေ မြင်နေရတော့ စိတ်မကျေနပ်မှုတွေ၊ ဒေါသတွေ ဖြစ်လာရတယ်။ ဒါလည်း ကိလေသာတစ်မျိုး ဖြစ်တာလေ။ ဒီလိုပါပဲ.. တခြားတခြား နားတို့ လျှာတို့ နှာခေါင်းတို့ ကိုယ်ခန္ဓာတို့
အနှစ်ချုပ်ကတော့ ဒီလို ကာမဂုဏ်အာရုံတွေကို ခံစားနေရုံနဲ့ ချမ်းသာတယ်လို့ ထင်နေတာလည်း အစွန်းတစ်ခု၊ အဲဒီလို မခံစားချင်အောင် ခန္ဓာကိုယ်ကြီးကို အမျိုးမျိုး မတရား ညှင်းဆဲနှိပ်စက်နေမှ ကိလေသာတွေ ငြိမ်းတယ်၊ ချမ်းသာတယ်လို့ ယူဆခြင်းဟာလည်း အစွန်းတစ်ခုပဲတဲ့။ အဲလို အစွန်းနှစ်ဖက် မရောက်အောင် သမာသမတ် ကျကျ ကျင့်သုံးခြင်းကို မဇ္ဈိမပဋိပဒါလို့ ဆိုလိုတာပါ။ ဆိုပါစို့… အကောင်းဆုံး အစားစာတွေကို စားသုံးနေရလို့ ကိလေသာစိတ်တွေ ဖြစ်ရတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိမှန်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ကိုယ်ခံအား စနစ်အရ တကယ်လိုအပ်နေတဲ့အချိန်မှာ မစားဘဲ နေကြည့်ပါ။ တရားထူးရမယ့်သူတောင်မှ အစာအာဟာရ ချို့တဲ့လို့ မရဘဲ အချိန်တွေ ကြာခဲ့ရတဲ့ သာဓကတွေ ဘုရားဟော ဇာတ်ဝတ္ထုတွေမှာ ရှိပါတယ်။ စားနေတဲ့အချိန် ထားရှိရမဲ့ စိတ်ထားလေးကသာ ပဓာနပါ။ ရဟန်းတော်တွေ ဆွမ်းစားခါနီး ပစ္စဝေက္ခဏာ ဆင်ခြင်ကြတာကို တွေ့ဖူးကြမှာပါ။ ဘယ်လို အစားကောင်းတွေကိုပဲ စားစား ခန္ဓာကိုယ်ကြီး အရှည်တည်တံ့ဖို့၊ အာဟာရချို့တဲ့တဲ့ ရောဂါတွေ မဖြစ်အောင်၊ တရားဓမ္မတွေ ကျင့်ကြံနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စားကြတယ်ဆိုတဲ့ သဘောပါ။ ဘုရားရှင်က ဒီလို သမာသမတ်ကျကျ ကျင့်သုံးလို့သာ ဥာဏ်အထူးတွေ အသိထူးတွေ အမြင်ထူးတွေကို ရရှိခဲ့ တယ်လို့ ပဉ္စ၀ဂ္ဂီငါးဦးအား ပြန်ပြီး ဟောကြားကြားခဲ့ပါတယ်။
တကယ့်ချမ်းသာစစ် ချမ်းသာမှန်ကို ရရှိစေတဲ့ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဆိုတာ ရှစ်မျိုး ရှိပါတယ်။ အဲဒါတွေကတော့…
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်တဲ့ အမြင်၊ ( မှန်ကန်တဲ့ အမြင်ဆိုတာ ကံ၊ ကံ၏အကျိုးကို မှန်မှန်ကန်ကန် သိမြင်ခြင်းဆို တဲ့ ကမ္မဿတာဥာဏ်ပြဋ္ဌာန်းတဲ့ အမြင်၊ ဒုတိယအချက်က ၀ိပဿနာဥာဏ်ပြဋ္ဌာန်းထားတဲ့ အမြင်၊ တတိယ အချက်က မဂ်ဥာဏ် ဖိုလ်ဥာဏ်ပြဋ္ဌာန်းထားတဲ့ အမြင်မျိုးကို ဆိုလိုပါတယ်။)
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်တဲ့ တွေးတောကြံစည်မှု၊
၃။ သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုမှု၊
၎။ သမ္မာကမ္မ န္တ = မှန်ကန်စွာ ပြုလုပ်ဆောင်ရွက်မှု၊
၅။ သမ္မာအာဇီဝ = မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းမှု၊
၆။ သမ္မာဝါယာမ = မှန်ကန်တဲ့ ကြိုးစား အားထုတ်မှု၊
၇။ သမ္မာသတိ = မှန်ကန်တဲ့ သတိတရားရှိမှု၊
၈။ သမ္မာသမာဓိ = မှန်ကန်ဖြောင့်မတ်သောတည်ကြည်မှု ဆိုပြီး ဖြစ်ပါတယ်။
ဒီလမ်းစဉ် ရှစ်မျိုးနဲ့ သွားမှသာ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ ချမ်းသာအစစ်အမှန်ကို ရရှိနိုင်မယ်လို့ ဆိုလိုတာပါ။ တခြား တခြား နည်းလမ်းတွေနဲ့ မရနိုင်ဘူးဆိုတဲ့ သဘောပါ။ ဒါကိုပဲ… မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျတဲ့ လမ်းစဉ်၊ သို့တည်းမဟုတ် သမာသမတ်ကျတဲ့ လမ်းစဉ်လို့ ဆိုပါတယ်။ ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ မျှမျှတတ ကျင့်သုံးရမယ့် လမ်းစဉ်များလို့ ဆိုနိုင်ပါတယ်။ ဒါက ဒီသုတ်တော်မှာ တိုက်ရိုက်ညွှန်ပြတဲ့ အလယ်အလတ် လမ်းစဉ်များ ဖြစ်ပါတယ်။ ဒီလမ်းစဉ်တွေဟာ လောကုတ္တရာနယ်ပယ်မှာ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ဖို့ ညွှန်ပြတော်မူခဲ့တဲ့ လမ်းစဉ်များဖြစ်ပါတယ်။ တကယ်တော့ လမ်းစဉ်တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်ကို ရှင်းပြပြီး ပြောမှ ပေါ်လွင်မှာပါ။ ပို့စ် တစ်ပုဒ်အနေနဲ့ သီးသန့် တင်ပြနိုင်မှ ပို အဆင်ပြေမှာပါ။
ဒီလမ်းစဉ်တွေဟာ လောကုတ္တရာနယ်ပယ်ထဲမှာပဲ ကျင့်သုံးလို့ ရမှာလား၊ လောကုတ္တရာနယ်ပယ်နဲ့ပဲ တိုက်ရိုက် ပတ်သက်နေတာလား။ လောကီနယ်ပယ်ထဲမှာ ကျင့်သုံးကြမယ်ဆိုရင်ရော… ဆိုတဲ့ အတွေးတွေ ၀င်နေတာ တော့ ကြာပါပြီ။ သင်တန်းတွေ တက်နေစဉ်က ဆရာတစ်ယောက်က ပြောဖူးခဲ့တာကို အမှတ်ရမိရဲ့။ မဇ္ဈိမ ပဋိပဒါ အလယ်အလတ် လမ်းစဉ်ဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျင့်သုံးနိုင်မယ်ဆိုရင်… မျှတတဲ့လူ့ဝန်း ကျင်ကြီး ဖြစ်လာမှာမလွဲပါဘူးတဲ့။ အဓိကတော့ လောကနဲ့ ဓမ္မဟာ ဆက်စပ်ပက်သက်မှု ရှိနေတယ်ဆိုတာပါပဲ။ ဓမ္မဟာ လောကနဲ့မကင်းကွာသလို လောကဟာလည်း ဓမ္မရဲ့အပြင်ဘက်မှာရှိနေတာ မဟုတ်ဘူးပေါ့။ သမ္မာသင်္ကပ္ပဆိုတဲ့ လမ်းစဉ်တစ်ခုကိုပဲ ဆိုပါစို့။ သူ့ဖို့ ကိုယ့်ဖို့ သူ့အတွက် ကိုယ့်အတွက် မျှမျှတတ တွေးတော ကြံဆပေးနိုင်မှု ရှိတဲ့သူဟာ လူ့ဝန်းကျင်မှာ အမှန်တကယ် ၀င်ဆံ့ပြီး အများသူငါရဲ့ လေးစားယုံ ကြည်မှု၊ အားထားမှုကို ခံရသူအဖြစ် မြင်တွေ့ကြရမှာပါ။ ဘာပဲဖြစ်ဖြစ် ငါ့အတွက်ချည်းပဲ ဆိုတာကို ရှေ့တန်းတင်ကြံစည် နေသူကိုတော့ ရှောင်ကြပါလိမ့်မယ်။ သူ့ရဲ့ ကြံစည်မှုကို သူ့ရဲ့ ပြောဆိုမှုတွေ လုပ်ဆောင်ချက်တွေမှ တဆင့် သိနေရလို့ပါ။
ဘာပဲဖြစ်ဖြစ် ဓမ္မနဲ့ ဘ၀တစ်ထပ်တည်း ကျအောင် ကျင့်ကြံနေနိုင်ဖို့ ကြိုးစားရဦးမယ်။ သိပြီး မကျင့်နိုင် သေးသရွေ့တော့ ကျနော်တို့ဘ၀တွေဟာ ဓမ္မရဲ့ အပြင်ကို ရောက်မှန်းမသိ ရောက်နေကြရဦးမယ်ပေါ့။ အဲဒီ အတွက် ရည်ရွယ်ရင်း ဓမ္မစကြာအခါတော်နေ့ကိုလည်း ပူဇော်ရင်း တင်ပြလိုက်ရပါတယ်။
Tags: ဓမ္မအရေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...