ဥစ္စာရင်းမှန်က ရမြဲ
မမြင့်မြင့်သိန်း
ရှေးတုန်းက သူအိုတစ်ယောက်ဟာ တစ်ရွာတစ်ကျေးသွားပြီး ပစ္စည်းဥစ္စာရှာတဲ့အခါ သုးံနှစ်လောက်ကြာပေမယ့် ဘာတစ်ခုမှ မစုမိဘဲ လက်ချည်းသက်သက်အိမ်ကို ပြန်ခဲရတယ်။
အိမ်အပြန်လမ်းခရီးမှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်အောက်နားနေတု န်း ညောင်ပင်ရဲ့ အမြစ်ကြားမှာ ငွေအိုးတစ်လုံးကိုတွေ့တယ်။ ဒီတော့ ပင်ပင်ပန်းပန်း သုံးနှစ်လောက်ရှာတာတောင် ပစ္စည်းဆိုလို့ ဘာမှမရဘဲ အခုကံထတဲ့အတွက် သွားရင်းလာရင်း ငွေအိုးကိုခလုတ်တိုက်လို့ ရပြီလို့ ဝမ်းသာပြီး ညောင်မြစ်ကြားက ငွေအိုးကို ဆွဲထုတ်ယူလိုက်တယ်။ အဲဒီအခါ ညောင်ပင်ပေါ်က အသံတစ်ခုက “ ဒီငွေအိုးကို မယူနဲ့၊ ဒါ နင့်အတွက်မဟုတ်ဘူး ငတိုအတွက်ထားတာ” လို့ ပြောလိုက်တဲ့အသံကို ကြားလိုက်တယ်။ ဒါပေမယ့် သူအိုဟာ ညောင်ပင်ပေါ်က အသံက ဒီလိုပြောတာကို ဂရုမစိုက်ပဲ ငွေအိုးကို ဆွဲထုတ်ထမ်းပြီး အိမ်ကို ပြန်ခဲ့တယ်။ လမ်းတစ်ဝက်လောက်ရောက်တဲ့ အခါ မိုးချုပ်သွားတာနဲ့ နီးတဲ့ရွာတစ်ရွာက အိမ်တစ်အိမ်ကို ဝင်ပြီး “ အဝေးကြီးကလာရတဲ့ခရီးသည် ဖြစ်ပါတယ်၊ တစ်ညလောက်တော့ တည်းခိုခွင့်ပြုပါ ” လို့ အိမ့်ရှင်ကိုခွင့်တောင်းတော့ သဘောကောင်းတဲ့ အိမ့်ရှင်ကလည်း သူအိုကို တည်းခိုခွင့် ပေးလိုက်တယ်။
အိပ်ယာဝင်ခါနီးမှာ သူအိုဟာ သူ့ငွေအိုးကို စိတ်မချတာနဲ့ အိမ့်ရှင်ကို ဒီမှာ ကျုပ်ဆီအိုးကို ထားပါတယ်၊ ကြောင်ကလေး ကြွက်ကလေးများရှိရင် ခြောက်လှန့်ပေးပါ ” လို့ သူ့ငွေအိုးကို အဖိုးမတန်တဲ့ ဆီအိုးလို့ လိမ်ပြောပြီး ထားလိုက်တယ်။
သူအိုဟာ ခရီးပန်းလာတာကြောင့် အိပ်ယာပေါ်မှာလှဲလိုက်တာနဲ့ တစ်ခါတည်း အိပ်မောကျပြီး တစ်ရေးမှ မနိုးတော့ဘူး။ ညသန်းခေါင်ကျော် အချိန်လောက်မှာ အိမ့်ရှင်ရဲ့ဇနီးက သူ့လင်ကို မီးဖွားချင်နေပြီလို့နှိုးပြီြးေ ပာတယ်။ ဒါကြောင့် သူအိုဧည့်သည်ကလွဲလို့ တစ်အိမ်လုံးနိုးကြပြီး မီးနေရေကိစ္စကို စီစဉ်ကြတယ်။
မကြာခင်မှာပဲ အိမ့်ရှင်ဇနီးလည်း သားယောက်ျားလေးတစ်ယောက်ကို မွေးတယ်။ မွေးလာတဲ့အခါ ကလေးမှာ လက်ချောင်းလေးတွေပါမလာတဲ့အတွက် အဖွားဖြစ်သူက “ ဟေ့ ငတိုလေးပါလား၊ ဒင်းကလေးကို ကျန်းမာအောင် ငတို လို့ပဲ ခေါ်ကြဟေ့” လို့ ကလေးရဲ့ နာမည်ကိုပါပေးလိုက်တယ်။
အဲဒီအခါ မီးနေခန်းအတွက် ဆီလိုနေလို့ အဖွားဖြစ်သူက “ အိမ့်အောက် ပုတ်ထဲက အိုးမှာတော့ ဆီအပြည့် ရှိပါရဲ့၊ ညကြီး မင်းကြီး ယူရခက်ပါတယ်၊ ဧည့်သည်အဖိုးအိုရဲ့ အိုးထဲကဆီပဲ နည်းနည်း ယူသုးံပါ၊ မိုးလင်းတော့ပြန်ဖြည့်ပေးတာပေါ့ ” လို့ဆိုပြီး သူ့သားကို ဧည့်သည်သူအိုရဲ့အိုးထဲ ဆီအခပ်ခိုင်းလိုက်တယ်။ အိမ့်ရှင်လည်း သူအိုရဲ့အိုးကိုဖွင့်လိုက်တဲ့ အခါ အိုးထဲမှာ ဆီကို မတွေ့ရဘဲ ငွေအပြည့်ရှိနေတာကို တွေ့ရတယ်။ ဒီတော့ သူအိုရဲ့ငွေတွေကို နှိုက်ယူပြီး အိမ်အောက် ပုတ်ထဲမှာရှိတဲ့ ဆီအိုးကဆီကို သူအိုရဲ့ငွေအိုးမှာ လောင်းထည့်ထားလိုက်တယ်။ သူဟာတော်တော်ဝမ်းသာပြီး “ ဒီငွေဟာ ငါ့သားငတိုအတွက်ပဲ ” လို့ဆိုကာသူ့ဇနီးနဲ့ မိခင်ကို အပ်လိုက်တယ်။ ဒီနောက် သူတို့ဟာ အဲဒီကိစ္စကို ဘယ်သူ့မှ မပြောဖို့ ကတိပြုကြတယ်။
မနက်လင်းတော့ သူအိုလည်းခရီးဆက်ဖို့အတွက်ပြင် ဆင်ပြီး သူ့ငွေအိုးကို အမှတ်တမဲ့ဖွင့်ကြည့်လိုက်တယ်။
အိုးထဲမှာ ငွေတွေကို မတွေ့တော့ဘဲ ဆီတွေဖြစ်နေတာကို တွေ့ရလို့အံ့သြသွားတယ်။ သူအိုဟာဒီအဖြစ်အိမ်ရှင်တွေပြော ဖို့ကလည်း တော်တော်ခက်နေတယ်။ သူက အစကတည်းက အဲဒီ အိုးဟာဆီအိုးဖြစ်တယ်လို့ ပြောထားမိလို့ပဲ။
ဒါကြောင့်သူဟာ စိတ်ပျက်ပျက်နဲ့ဆီအိုးကိုထမ်ပြီး အဲဒီအိမ်ကဆင်းခဲ့တယ်။
အိမ်ကိုပြန်ရောက်တဲ့အခါ ဆီိအိုးကို ထောင့်တစ်ထောင့်မှာ ထိုးထားလိုက်ပြီး ဝမ်းနည်းပက်လက်နဲ့ မှိုင်ထိုင်နေတယ်။ အဲဒီည တော်တော်မိုးချုပ်တဲ့အချိန်မှာ သူအိုရဲ့ဇနီးဟာ တောင်ယာကပြန်လာတယ်။ အိမ်ပေါ်ကိုရောက်တာနဲ့ သူအိုရဲ့ဇနီးသည်ဟာ သူအိုရဲ့လုပ်ငန်းအကြောင်းဘာမှ မမေးဘဲ “ကျွန်မ အရေးကြီးလာတယ်၊ တောင်ယာကညောင်ပင်ကြီးလဲသွားတော့ ညောင်ခေါင်းထဲက ငွေအိုးကြီးတစ်လုံး ထွက်ကျလာတယ်။ အဲဒါ ကျွန်မမရွက်နိုင်လို့ မသယ်ခဲ့ရဘူး၊ အခုလိုက်ပြီး ထမ်းပေးပါ ” လို့ အရေးတကြီးပြောလိုက်တယ်။
သူအိုဟာငွေအိုးဆိုတဲ့စကားကိုကြားတဲ့အခါ “ တော်ပြီရှင်မ၊ ငွေအိုးနဲ့ပါတ်သက်ပြီး ညည်းဘာမှ မပြောနဲ့တော့၊ ငါ့ပစ္စည်းမှန်ရင် ငါ့အိမ်ပေါ် ရောက်လာလိမ့်မယ် ” လို့ စိတ်ပျက်ပြီး ပြောလိုက်တယ်။
အဖိုးအိုနဲ့ အမယ်အိုတို့ ပြောတဲ့စကားကို ပစ္စည်းခိုးဖို့ အိမ်အောက်မှာပုန်းနေတဲ့ သူခိုးကကြားတဲ့အခါ ဟန်ကျပြီလို့တွက်ချက်ပြီး အဖွားအိုရဲ့တောင်ယာကို ငွေအိုးယူဖို့ထွက်သွားတယ်။ တောင်ယာကို ရောက်တဲ့အခါ အဖွားအိုပြောတဲ့အတိုင်းပဲ လဲကျနေတဲ့ညောင်ပင်ကြီးနားမှာ အိုးကြီးတစ်လုံးကိုတွေ့ရတယ်။ ဒီတော့ သူခိုးလဲ အိုးကို အသာဖွင့်ကြည့်လိုက်တယ်။ အိုးထဲမှာ ငွေကိုမတွေ့ရဘဲ အလွန်အဆိပ်ပြင်းမယ့် မြွေတွေကိုသာ တွေ့ရတယ်။ အဲဒီတော့ သူခိုးက အဖိုးအိုနဲ့ အဖွားအိုဟာအိမ်အောက်မှာ ငါပုန်းနေမှန်းသိလို့ ငါ့ကို သေကြောင်းကြံပြီး မြွေအိုးကို ငွေအိုးလို့ လိမ်လွှတ်တယ်၊ ကလဲ့စားပြန်ချေမှ ဖြစ်မယ်လို့ကြံပြီး အဲဒီ မြွေတွေနဲ့ ပြည့်နေတဲ့ အိုးကို လုံအောင်ပြန်ပိတ်ပြီး အဖိုးအိုရဲ့အိမ်ကိုယူခဲ့တယ်။ ပြီးတော့ အိုးကို တံခါးဝမှာ ထားပြီး ပြန်သွားတယ်။
သူ့အကြံက မနက်လင်တဲ့အခါ အဖိုးအိုပဲဖြစ်ဖြစ် အဖွားအိုပဲဖြစ်ဖြစ် တံခါး ဖွင့်ပြီး ထွက်လာခဲ့ရင် အိုးကိုမြင်မယ်၊ ဒီအခါ အိုးကိုဖွင့်ကြည့်ကြလိမ့်မယ်၊ ဒီလိုဖွင့်တာနဲ့ အိုးထဲကမြွေတစ်ကောင်ကောင် က အိုးဖွင့်သူကို ပေါက်သတ်မှာ အမှန်ပဲရယ်လို့ဖြစ်တယ်။
အဖွားအိုဟာ မနက်လင်းတာနဲ့ သူ့လုပ်ငန်းတွေကို လုပ်ဖို့တံခါးဖွင့်ပြီး ထွက်လာတယ်။ အဲဒီအခါ သူမနေ့ကမြင်ခဲ့တဲ့ ညောင်ပင်ခေါင်းထဲက အိုးကို တံခါးဝမှာ မမျှော်လင့်ဘဲတွေ့တယ်။ ဒါကြောင့် အဖိုးအိုကို ဝင်နှိုးပြီး သူမနေ့ကတွေ့ခဲ့တဲ့ ငွေအိုးဟာအိမ်ပေါ်မှာရောက်နေပြီ လို့ဝမ်းသာအားရပြောလိုက်တယ်။
အဲဒီအခါ အဖိုးအိုက “ငါ့ပစ္စည်းမှန်ရင် ငါ့အိမ်ပေါ်ရောက်ရမှာပေါ့ကွာ ” လို့ပြောပြီး ထကြည့်တယ်။ အိုးကိုဖွင့်လိုက်တဲ့အခါ သူခိုးတွေ့သလို အိုးထဲမှာ မြွေတွေမဟုတ်ဘဲ ငွေတွေ အပြည့်နဲ့ ဖြစ်နေတယ်။
(ကရင်ပုံပြင်များ စတုထ္ထတွဲ စာမျက်နှာ ၁၉၅ - ၁၉၉ မှ)
လူထုဦးလှ၏ တိုင်းရင်းသားပုံပြင်များ
0 comments:
Post a Comment