တစ်ကြိမ် တစ်ခါမျှ ဖြစ်ဦးတော့ ~
စိတ် အတွေးအကြံ ဟာ အတွင်းကို ပြန်ငုံ့ဝင်တဲ့ ဘာဝနာရဲ့ အမြင်ကို ကြောက်တယ်။ လွှတ်ချထားခဲ့ရမယ့် အရာရာ အတွက် ကြောက် တယ်။ လျော့တိလျော့ရဲ ဘာဝနာ ပြုသူ ဟာ ဒီအကြောင်းကြောင့် ဘာဝနာ ရှေ့ဆက် ထုံမွှမ်းဖို့ နောက်တွန့် နေတတ် တယ်။ ခရစ်၊ ဗုဒ္ဓ၊ ဇရသုဇရာ ဒီ ပုဂ္ဂိုလ် အားလုံးက ခင်ဗျား အတွင်းသန္တာန်ကို ရှုမြင်နိုင်ဖို့ တိုက်တွန်း ခဲ့ကြတာ ချည်းပဲ။ ယေရှုခရစ် က "ဘုရားသခင် ရဲ့ ကောင်းကင်နိုင်ငံတော်ဟာ ခင်ဗျား ကိုယ်တွင်းမှာသာ ဖြစ်တယ်" လို့ ပြောတယ်။ ဆော့ခရတ္တိ ကလည်း "ကိုယ့်ကိုယ်ကိုယ် သိပါ (know thyself)" လို့ ပြောတယ်။ ဒါကို လူအများ ကြားနာဖူးကြမှာပဲ။ ဒါပေမယ့် ကျင့်ကြံ မနေနိုင်ကြတာလည်း အများစုပဲ။ ဘာလို့ဆို ~ အတွင်း ပြန်ငုံ့ကြည့်တဲ့ အခါ မိမိ ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ မျှော်လင့်သလို စိတ်တိုင်းကျ မတွေ့ရလို့၊ ကြောက်မက် ဖွယ်ရာ အဖြစ် သာ မြင်နေကြ ရလို့ ဖြစ်ပါတယ်။
စေ့စေ့ ငှငှ ရှုကြည့်မိလာတဲ့ အခါ မိမိ ရဲ့ အတွင်းသန္တာန် မှာ ဘာမှ တွေ့မှာ မဟုတ်ဘူး ။ ဗလာသက်သက်၊ ဖြစ်ပျက် ပြောင်းလဲ ကုန်ဆုံး နေတာ သက်သက် မြင်ရတယ်။ အဲ့အတွက် စိတ်ကူး အတွေး မိမိ အစွဲအလမ်း က ကြောက်လန့်ပါတယ်။ စိတ်ကူး အတွေး အနုမာန တွေက တည်မြဲချင်တယ် ။ တကယ်မြင်နေရတာက ဘာမှ မတည်မြဲ နေဘူးရယ်။ ဘာဝနာနဲ့ ခေတ္တ ငုံ့ကြည့်တဲ့ ခဏ ဘယ်သူ မှ တွေ့ရမှာ မဟုတ်ဘူး။ ခင်ဗျား ကိုယ် ခင်ဗျားလည်း မြင်နေရမှာ မဟုတ်ဘူး။ စိတ်တိုင်းကျ မျှော်လင့် ထားတဲ့ ဘုရား သခင်လည်း မတွေ့၊ ဘုရားသခင်ရဲ့ ကောင်းကင် နိုင်ငံတော်လည်း မတွေ့။
အဲ့ဒီ မတွေ့ရတဲ့ အဖြစ်ကြောင့် မိမိ မျှော်မှန်း သလို ဖြစ်မလာ တဲ့ အခါ၊ မမြင်ရတဲ့ အခါ ~ ဘာဝနာ ဟာ ဒီလူ အတွက် နှစ်သက် စရာ မဟုတ်တော့ဘူး။ မကြိုက် မလိုလား တဲ့ ဆန့်ကျင်ဘက် ပြောင်းသွားပါတယ်။ ဘာဝနာ ပြုဖို့ နောက်တွန့် သွားရတော့တယ်။
လူအများ အတွက် ဆိုင်ရာ ဘာသာရေး ရဲ့ ဆရာသခင် တွေ အပေါ် ရိုကျိုး ယဉ်ကျေး နိုင်ပါတယ်။ လက်အုပ်ချီ ကန်တော့ နေနိုင်တယ်။ ဒါပေမယ့် ပြင်ပ ကမ္ဘာမှာ သူရို့ လိုချင်ရာ ကို ရှာနေဆဲ ရှိတယ်။ မိမိ အတွင်း အဇ္ဈတ္တကို ပြန်ဝင် ကြည့်ဖို့ နောက်တွန့် တယ်။ စင်စစ် ဂီတ တစ်ခု နားထောင်နိုင်ဖို့ ခံယူနိုင်စွမ်းရှိမယ့် နားအစုံ လိုအပ်သလို၊ မိမိ အတွင်းသန္တာန်ကို ရှုကြည့်နိုင်ဖို့ အမြင် လိုအပ်ပါတယ်။ ရိုးရှင်းတဲ့ အခုခဏ အဖြစ်ကို သိမြင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဘာဝနာ ပြုရခြင်းရဲ့ အနှစ် အရသာကို ကောင်းကောင်း သိမှတ်နိုင်တယ်။ ဘာဝနာရဲ့ အလှကို အဲ့သည် အခါမှ မိမိရရ မြင်သိနိုင်ပါတယ်။
စင်စစ် အနုပညာ အားလုံးထဲမှာ ဘာဝနာ ဟာ အနှစ် အမြုတေ ဖြစ်တယ်။ အတွင်း သန္တာန် ကို ငုံ့ဝင်ရင်း အရာရာကို နားလည် သဘောပေါက် သွား စေတဲ့ တစ်ခုတည်းသော လမ်းလည်း ဖြစ်တယ်။ ပြင်ပ လောကဓာတ်ကို အပြည့်အဝ ပစ်ချ ချန်ရစ်ရင်း ခဏတိုင်း ချုပ်ပျက် ကုန်ဆုံးရာ ပညာတစ်ရပ်လည်း ဖြစ်တယ်။ ဒါ့ကြောင့် ဗုဒ္ဓက "ဘာဝနာ အားဖြင့် ဒုက္ခပြဿနာ အားလုံး ဖြေရှင်းနိုင်တယ်" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျား အခုခဏ ရရှိထားတဲ့ အသိ၊ အမြင်၊ စွမ်းရည် ခွန်အား အားလုံး အတွင်း သန္တာန်ထဲ ထိုးဝင် မွှေနှောက်နိုင် တဲ့ အခါ ~ အဲ့ဒီ အချိန်အခါကို ဘာဝနာ လို့ ကျနော် ညွှန်းဆိုလိုပါတယ်။ ဒီ အခါမှာ ခင်ဗျား - အလင်းကို ရှာတွေ့ပါလိမ့်မယ်။
ဒီ အလင်းဟာ တစ်ကြိမ်တစ်ခါ မြင်ရုံနဲ့လည်း ခင်ဗျား အတွက် ပြည့်စုံ နိုင်တယ်။ အကြောင်းက ခင်ဗျား မြင်သိပြီးရင် ရှေ့ကို ဆက်လက် ဖြစ်တည် သွားမယ်။ ခင်ဗျား သိမြင်လိုတဲ့ ဘုရားသခင် နဲ့ ဘုရားသခင်ရဲ့ ကောင်းကင် နိုင်ငံတော် ဖြစ်ကြောင်းလည်း ဘဝင်တကျ တွေ့ရမယ်။ ဒီ အလင်းကြောင့် ခင်ဗျား လက်ရှိ တခဏ အားလုံးဟာ ခင်ဗျား အတွက် အဖြူစင်ဆုံး ပြောင်းလဲသွား တယ်။ ~ ဘဝမှာ ချမ်းမြေ့မှု စင်စစ် နဲ့ နောက်ဆုံး ခဏ ဆီ မိမိဘာသာ လျောက်လှမ်း သွား တယ်။ ဒါ့ကြောင့် ဒီ အလင်းကို တစ်ကြိမ် တစ်ခါ မြင်ရုံနဲ့ ပြည့်စုံကြောင်း ကျနော် ပြောရတာ ဖြစ်ပါတယ်။
..................
March 10th 2012 at 9:45 PM
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..................
0 comments:
Post a Comment