ဒေါ်စု၏ ဒဿန
by Wai Maw on Wednesday, March 21, 2012 at 11:19pm
ဤဒဿနဆန်သည့် မိန့်ခွန်းကို ဒေါ်စုက ဘာကြောင့် ပြောကြားပါသနည်း၊ အချို့ကနားလည်ပြီးသားဖြစ်ပါသည်၊ အချို့က ပညာရှိသတိဖြစ်ခဲဆိုသလို မေ့တတ်ကြသည်၊ အချို့ကတော့ မလေးနက်ဘဲ အများနည်းတူ ရောယိမ်း ဘသားယိမ်းများဖြစ်နေတတ်ကြပါသည်၊ ဒါကြောင့် သတိပေးသည့် ဥပမာ ဒဿန စကားကို ဆိုလိုက်ခြင်းဖြစ်ပါသည်။
ပန်းသီးကား ကြွေခဲ့ပြီ၊ ကျောင်းသားလေး ကိုဖုန်းမော်လည်းသေခဲ့ရပြီ၊ ဤအတိုင်းပင် သဘာဝတရားပေမို့ ရပ်နေလို့မဖြစ်ပါ၊ ဘာကြောင့် ပန်းသီးကြွေရသနည်း၊ ဘာကြောင့် ကိုဖုန်းမော်သေခဲ့ရသနည်း၊ ပန်းသီးသည် မြေပေါ်သို့ ကြွေကျရသည်မှာ မြေကြီးတွင် ဆွဲအားရှိသောကြောင့်ဟု သိပ္ပံပညာရှင်ကြီး နျူတန်က ဖေါ်ထုတ်လိုက်သည်၊
ကိုဖုန်းမော် ကျဆုံးရသည်မှာလည်း လုံထိမ်းရဲ၏ သေနတ်နှင့် ပစ်ခတ်မှု့ကြောင့်လို့ဆိုတဲ့ အပေါ်ယံအမြင် အချက်လောက်နှင့် ရပ်တန့်မနေဘဲ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုးကြီး ကြီးစိုးနေ၍သာ အပြစ်မဲ့ ကျောင်းသားလေး ကိုဖုန်းမော် သေဆုံးခဲ့ရခြင်းဖြစ်သည်၊
ကိုဖုန်းမော်၏ ဈာပနကိုပင် ထိုက်ထိုက်တန်တန် မသင်္ဂြိုလ် လိုက်ရပါ၊ အရင်းစစ်လျှင် အမြစ်မြေကဆိုသလို စစ်အာဏာရှင်စနစ်ဆိုးရှိနေသောကြောင့်သာဖြစ်ရပါသည်၊ စစ်အာဏာရှင် စနစ်ဆိုးကြောင့် အပြစ်မဲ့ပြည်သူတွေ မည်၍ မည်မျှသေနေကြရသနည်းဆိုတာ ဒီမိုကရေစီမဲ့ မြန်မာပြည်လိုနေရာမျိုးမှာ မည်သူမျှ သိနိုင်ကြမည်မဟုတ်ပါ၊ စစ်အာဏာရှင် စနစ်ဆိုးရှိနေသမျှ ကာလပတ်လုံး ကိုဖုန်းမော်ကဲ့သို့ အပြစ်မဲ့ ပြည်သူတွေ သေနေကြအုံးမည်လို့ မှန်ကန်သည့် ကောက်ချက်တခု ဆွဲနိုင်ပါလိမ့်မည်။
ပန်းသီးကြွေကျသည်ကို ကြည့်မြင်လိုက်ရသည့် နျူတန်သည် အများနည်းတူ အပေါ်မှ အောက်သို့ ကျလာခြင်းပါပဲဟု သဘောထားပြီး ပစ်ပယ်ထားလိုက်သည်မဟုတ်ပါ၊ အကြောင်းတရား တိုက်ဆိုင်မှု့ကို အကျိုးတရားဖြစ်အောင် ဆင့်ကဲတွေးခေါ်မှု့ဖြင့် လူသားတို့၏ အကျိုးကို ကြီးမားစွာ စွမ်းဆောင်နိုင်ခဲ့သလို၊ ဂျိမ်းဝပ်ကလည်း ရေနွေးအိုးအဖုံးလေး လှုပ်ခါနေသည်မှ ရေနွေးငွေ့အင်ဂျင်စက်ကြီးများဖြင့် လူသားကောင်းကျိုးကို သယ်ပိုးနေခဲ့ပါပြီ၊ ယနေ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးသည်မှ လူ့အခွင့်အရေးနေ့ဖြစ်ပေါ်လာစေပြီး ဆင့်ကဲတွေးခေါ်မှု့များဖြင့် လူသားကောင်းကျိုးများ ရရှိစေဖို့၊ ကမ္ဘာပေါ်ရှိလူသားများအားလုံး၏ လူ့အခွင့်အရေးကို အပြည့်အဝရရှိစေဖို့ကို သယ်ပိုးရွက်ဆောင်ရန်မှာ လူကြီး လူငယ်အားလုံး တာဝန်တွေရှိလာနေပြီလို့ ခံယူရန် ဒေါ်စုက သတိပေးစကားပြောကြားလိုက်သည်ဟု ယူဆပါသည်။
ဤသို့ဆိုသော် လူ့အခွင့်အရေးကို ပိတ်ပင်နိုင်ကြသည့် အာဏာရှင်တို့၏ အားကို ပြန်လည်ချေဖျက်ပြီး အနိုင်ယူနိုင်မည့် လူ့အခွင့်အရေးလိုလားသူတို့၏အားသည် ဘယ်အရာဖြစ်မည်နည်း၊ ယ္ခုခေတ်တွင် လူအား ငွေအား လက်နက်အား အတက်ပညာအား နှင့် အပေါင်းအသင်းအားတို့သည် အဓိကအားများပင် ဖြစ်ကြပါသည်။ အားလုံးကို ခြုံငုံ သုံးသပ်နိုင်သည့် ဥာဏ်အားကတော့ အချုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အရာရာကို ဦးဏှောက်ဖြင့်ဆုံးဖြတ်ပါဆိုသည့် စကားသည် ထင်ရှား၍ တန်ဖိုးရှိလှပါသည်။
ဤသို့ စစ်အာဏာရှင် စနစ်မှသည် လက်ဝါးကြီးအုပ် စီးပွါးရေးစနစ်သို့ အလွယ်တကူ ကူးပြောင်းရန်အတွက် စစ်အာဏာရှင်ဟောင်းတို့ ကြိုးစားသမှု့ ပြုနေချိန်လည်း ဖြစ်သည်၊ ဈေးကွက် စီးပွါးရေးဆိုသည်မှာလည်း အဲဒီ အာဏာရှင်ဟောင်းနှင့် စီးပွါးရေး ပါတနာတွေအတွက်သာ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်နေကြသည်၊
သို့သော်လည်း တိုင်းပြည်နှင့် လူထု ဆင်းရဲမွဲတေလာမှု၊ ကမ္ဘာမှာ အနိမ့်ဆုံး အဆင့်သို့ရောက်ရှိနေမှု့တို့အပေါ် ခံစားနားလည်လာပြီး ပြုပြင်ပြောင်းလဲချင်စိတ် ရှိလာသည့် စစ်ဗိုလ် စစ်သားများ ရှိလာကြသလို အစိုးရအဖွဲ့ဝင်များထဲတွင်လည်း ရပြီးစည်းစိမ်နှင့် ရပ်တန်းက ရပ်ကာ ဒီမိုကရေစီကို လိုလားသည့် သူများရှိနေနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းတရားကို တွေ့ရှိသိမြင်ယုံမျှဖြင့် ရပ်မနေဘဲ အကျိုးတရား ဖြစ်ထွန်းပေါ်ပေါက်သည် အထိ အဆင့်ဆင့် တွေးခေါ်ကာ အကောင်အထည်ဖေါ်ဆောင်ရွက်ကြပါမှ အောင်မြင်၍ လိုရာခရီးကို ပေါက်ရောက်မည်ဖြစ်သည် ဆိုသည့် ဒဿန ဆန်သည့် မိန့်ဆိုချက်သည် လွန်စွာ တန်ဖိုးရှိပြီး လိုက်နာကြပါရန် တိုက်တွန်းပါကြောင်း။။
---ဦးဖိုးသာအောင်
၂၂။၃။၂၀၁၂
၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ကို လူ့အခွင့်အရေးနေ့ (သို့) ဖုန်းမော်နေ့ဟု ခေါ်ဆိုသမုတ်လိုက်ကြပြီး ပထမ အကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို တော်ဝင်နှင်းဆီခန်းမမှာ စည်းကားသိုက်မြိုက်ပြီး အဓိပ္ပါယ်ပြည့်ဝစွာ ကျင်းပခဲ့ကြပါသည်။
ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင်များနှင့် လူထုလူတန်းစားအသီးသီးမှ ပုဂ္ဂိုလ်အချို့တို့က လူ့အခွင့်အရေးနေ့ (သို့) ဖုန်းမော်နေ့နှင့် ပါတ်သက်ပြီး မိန့်ခွန်းများ တက်ရောက် ပြောဆိုကြသည်မှာ လွန်စွာအားရဖွယ်ကောင်းလှပါသည်။
မြန်မာနိုင်ငံ၏ရှေ့ရေးအတွက် အားတက်ဖွယ် အခွင့်အလမ်းများ အဖြစ် ကြားရတွေ့ကြရပါသည်၊ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်း၏ ရောင်နီပျိုးချိန်ဟုပင် ဆိုရပါတော့မည်၊ တရားမှု့ကို မြတ်နိုးသူများ၏ တရားအတိုင်း တရားနည်းလမ်းကျကျ ကျင်းပသည့် လူ့အခွင့်အရေးနေ့ အခန်းအနားတွင် တရားသည့် အဆိုအမိန့်နှင့်သြဝါဒ စကားများကို ကြားလိုက်ရပါတော့သည်၊ ကမ္ဘာသို့လည်း ပြန့်နှံ့သွားပါပြီ။
ထူးခြားသည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အလွန်အလုပ်များပြီး ပင်ပန်းနေသည့်ကြားမှ ဒီပွဲကို မဖြစ်မနေတက်ရောက်ပြီး သူ၏ သြဝါဒစကားပဲဆိုဆို မိန့်ခွန်းပဲပြောပြော အမှာစကားဟုပင်ရှိပါစေ၊ အားကြိုးမာန်တက် တက်ရောက်ပြောဆိုခဲ့ပါသည်။ အဲဒီ့အထဲမှာ သတိထားမိလိုက်တာက ဒေါ်စု၏ ဒဿန ပင်ဖြစ်ပါသည်။
ကမ္ဘာကျော် ကျေးဇူးရှင်ကြီးများလည်းဖြစ်၊ တွေးခေါ်ပညာရှင်၊ သိပ္ပံပညာရှင်ကြီးများလည်း ဖြစ်ကြတဲ့ နျူတန်၊ ဂျိမ်းဝပ် နှင့် အိုင်စတိုင်းတို့ကို နမူနာထား မိန့်ကြားသွားသည်မှာ လေးနက်ပြီး တန်ဖိုးကြီးလှပါသည်၊ ကမ္ဘာ့မြေဆွဲအားကို ဖေါ်ထုတ်ခဲ့သည့် နျူတန်၏ တွေးပုံမှာ၊ အခြားဘက်များသို့ အဘယ်ကြောင့် ရောက်မသွားကြတာလည်းဆိုသည်ကို အခြေခံ စဉ်းစားတွေးခေါ်ပြီး ရရှိလာသည့် မှန်ကန်သည့် အဖြေသဘောတရားကို သီအိုရီထုတ်သည်၊
ပြီးလျှင် ဤအဆင့်မှာသာ ရပ်တန့်မနေဘဲ ထိုသီအိုရီကို လက်တွေ့နှင့် ပေါင်းစပ်သည်၊ ရရှိလာသည့် အတွေ့အကြုံမှ သင်္ခန်းစာများထုတ်ယူပြီး လူသားများအတွက် မည်သို့ မည်ပုံ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်မည် စသော အဆင့်ဆင့် တွေးခေါ်မှုများမှ လူသားများ၊ လူအဖွဲ့အစည်းများအတွက် မည်သို့ကောင်းကျိုးရလာဘ်ဖြစ်စေရမည်ဆိုသည်အထိ တွေးခေါ်မျှော်မြင်ဆောင်ရွက်နိုင်ကြရမည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ကြားခဲ့ပါသည်။
ပန်းသီးသည် အပင်ပေါ်မှ မြေကြီးပေါ်သို့ကျလာသည်၊ ရေနွေးအိုးအဖုံးသည် ရေဆူသဖြင့် မြောက်ကြွမြောက်ကြွဖြစ်သည်၊ ရွေ့လျားနေသည့် ရထားပေါ်မှမြင်ရသည့် အဝေးမှမြင်ကွင်းတို့သည် ရွေ့လျားနေသကဲ့သို့ထင်ကြရသည်၊ ဤမျှလောက် အထင်အမြင်ဖြင့်ရပ်မနေကြဘဲ ဘာကြောင့်ဖြစ်သည်၊ အဲဒီ့ဖြစ်သည့် အကြောင်းတရားကို အကျိုးတရားဖြစ်စေအောင်မည်သို့ဆက်လက်ပြုလုပ်ကြရမည် ဆိုသည်ကို တွေးတောစဉ်းစားပြီး လက်တွေ့ဆောင်ရွက်လုပ်ကိုင်ကြမှ အကျိုးကျေးဇူးရှိလာမည်ဖြစ်သည်ကို သဘောပေါက်စေချင်သည့် ဆန္ဒဖြင့် ဒေါ်စုက မိန့်ကြားခဲ့ခြင်းပင်ဖြစ်ပါသည်။
၂၀၁၂ ခု မတ်လ ၁၃ရက်၊ လူ့အခွင့်ရေးနေ့ (သို့) ဖုန်းမော်နေ့ကို ပထမဆုံးအကြိမ် တရားဝင်ကျင်းပခြင်းသည် မြန်မာနိုင်ငံ၌ ဆိတ်သုန်းပျောက်ကွယ်နေသည့် လူ့အခွင့်အရေးကို ပြန်လည်ရရှိခံစားကြစေရန် ပြည်သူလူထု တရပ်လုံးက ကြိုးပမ်းကြရမည့် တာလွှတ်အချက်ပေး ဥသြသံဖြစ်သည်ဟုဆိုလျှင် မမှားနိုင်တော့ပါ၊ နွေဦးမှာ တွန်သံကြူးသည့် ဥသြသံနှင့် အတူ ဒေါင်းတွန်သံတို့ ပေါင်းစပ်လိုက်သည့် လက္ခဏာတရပ်လည်းဖြစ်နေပါတော့သည်။
မြေပြင်ပေါ်သို့ ပန်းသီးကြွေကျရသည်မှာ မြေပြင်၏ ဆွဲအား (တနည်း) ကမ္ဘာ့ ဆွဲအားကြောင့်ဖြစ်သလို ရေနွေးအိုး အဖုံး ခုန်ဆွ ဖြစ်ရခြင်းမှာလည်း ရေနွေးငွေ့တွန်းကန်အားကြောင့်ဖြစ်ရပါသည်၊ ဤနေရာတွင် အား (သို့) စွမ်းအင် (သို့) ပါဝါ ကြောင့်ဖြစ်ရသည်ကို တဆင့်တက်၍ တွေးခေါ်သိမြင်လာရပါသည်၊ ဆက်လက်၍ အား၊ စွမ်းအင်၊ ပါဝါတို့ကို မည်ကဲ့သို့ အကျိုးရှိအောင် အသုံးပြုမည်လဲဟု တွေးခေါ်ကြပြန်ပါသည်။
ကိုဖုန်းမော် ကျဆုံးမှု့ကြောင့် လူ့အခွင့်အရေးနေ့ဟု ဖြစ်ပေါ်ခဲ့ပါပြီ၊ ဆက်လက်ပြီး လူ့အခွင့်အရေးနေ့ကို မည်ကဲ့သို့ အကျိုးရှိအောင် အသုံးပြုကြမည်နည်း၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ရှေ့ဆက်ပြီး မည်သို့ လုပ်ကိုင်ဆောင်ရွက်ကြမည်ကို စဉ်းစားတွေးခေါ်မှု့ ပြုကြရပါလိမ့်မည်၊ သို့မှသာ ကျိုးကြောင်းတရားကို နားလည်မှု့ဖြင့် အဆိုးမှ အကောင်းကို ဖေါ်ဆောင်နိုင်မည်ဖြစ်ပါသည်။
တွေးခေါ်မှု့၏ အနှစ်သာရမှာ သိပ္ပံပညာရှင်ကြီးများသည် *အား* ကို မှန်ကန်စွာ ရှာဖွေတွေ့ရှိခဲ့ကြသကဲ့သို့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးသုခမိန်များနှင့် လေ့လာလိုက်စားသူများသည်လည်း *အား* ကို ရှာဖွေတွေ့ရှိရန် လိုအပ်လှပါသည်၊ ရှေးပညာရှင်ကြီးများ၏ အဆိုအမိန့်များလည်း ရှိခဲ့ပြီးဖြစ်ပါသည်။ တရုတ်နိုင်ငံကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းက အာဏာသည် အမြှောက်ပြောင်းဝမှ လာသည်ဆိုသည့် အဆိုအမိန့်မှာ ကမ္ဘာ့ ဂန္တဝင်စကားဖြစ်ခဲ့ပါသည်။ ယနေ့တိုင်လည်း မှန်နေဆဲဖြစ်သည်၊ လူလူချင်း လွှမ်းမိုးချယ်လှယ်နိုင်သည့် *အား* သည် လက်နက်မှာတည်သည်ဆိုတာပါပဲ။
လူအရည်အတွက် အင်အားချင်းယှဉ်ပြိုင်သည့်ခေတ်မှ လက်နက်အရည်အချင်း အင်အားချင်း ယှဉ်ပြိုင်ကြသည့် ခေတ်ကို ရောက်ခဲ့ပြန်ပါသည်၊ လူအားဖြင့်လည်းကောင်း၊ လက်နက်အားဖြင့် လည်းကောင်း ကမ္ဘာကြီးကို အဆိုးပြုနိုင်သလို အကျိုးလည်းပြုနိုင်ခဲ့ကြပါသည်၊ လက်နက်ကို အစွမ်းထက်စေသည့် ယမ်းဖြင့်လည်းကောင်း နျူကလီးယားဖြင့်လည်းကောင်း ကမ္ဘာကြီးကို ကောင်းကျိုး ဆိုးကျိုးဖြစ်စေအောင် ဖန်တည်းနိုင်ကြပါသည်၊ ကမ္ဘာကြီးကို ကောင်းစေလိုသော၊ လူ့လောကကြီးကို တိုးတက်သာယာစေလိုသော လူသားတို့သည် *အား* ကို မှန်ကန်စွာ အသုံးချကြဖို့ မိမိတို့၏ အားကို အသုံးချတတ်ဖို့မှာ လွန်စွာ အရေးကြီးလှပါသည်။
လူ့အခွင့်အရေးကို ပိတ်ပင်တားဆီး နိုင်သည့် အာဏာရှင်တို့တွင် ပိတ်ပင်နိုင်သည့် *အား* ရှိ၍သာ ဖြစ်သည်၊ ထို့အတူ လူ့အခွင့်အရေးကို အပြည့်အဝ ရယူလိုသော ပြည်သူလူထုနှင့် နိုင်ငံချစ်သူအပေါင်းတို့တွင်လည်း ရယူနိုင်စွမ်းသည့် *အား* ရှိကြသည်သာဖြစ်သည်၊ ဂျိမ်းဝပ်သည် ရေနွေးငွေ့၏ အားကို မြင်နိုင်စွမ်းရှိပြီး အသုံးချက်တတ်ခြင်းဖြင့် လောကကို တိုးတက်နိုင်သကဲ့သို့ လူ့အခွင့်အရေး ရရှိရေး တိုက်ပွဲဝင်သူ အပေါင်းတို့ကလည်း မိမိတို့၏ *အား* ကို တွေ့မြင်နိုင်စွမ်းရှိအောင် ရှာဖွေတတ်ပြီး အဲဒီ *အား* ကို အသုံးချနိုင်စွမ်း ရှိကြရမည်ဖြစ်ပါသည်။
လူ့အခွင့်အရေးကို ပိတ်ပင်သည့် အာဏာရှင်မှာ အားရှိသည်၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်းခံနေရသည့် လူထုတွင်လည်း အားရှိသည်၊ သို့သော် အာဏာရှင်၏ အားက ပို၍ကြီးနေသဖြင့် လူထုက နှစ်ပေါင်းများစွာ ခံနေခဲ့ကြရသည်။ ဒါကို ပထမဦးစွာ နားလည်လက္ခံဖို့ လိုပါသည်၊ ဆိုလိုသည်မှာ လူထုအားထက် အာဏာရှင်၏ လက်နက်အားက ပိုနေသည် သာ၍နေသည်ပင်ဖြစ်သည်၊ တချိန်က လူနည်းစု အင်္ဂလိပ်အစိုးရက နိုင်ငံပေါင်းများစွာကို သိမ်းပိုက် ကျွန်ပြုနိုင်ခဲ့သည်မှာ အင်္ဂလိပ်၏ အားက ပိုမိုနေ၍ဖြစ်သည်မှာ ထင်ရှားပါသည်။
မ.ဆ.လ၊ န.ဝ.တ၊ န.အ.ဖ စစ်အာဏာရှင်တို့တွင် လက်နက်အား၊ ငွေအား အပေါင်းအသင်းအားရှိသည်၊ လူထုတွင် လူထုအားပဲရှိသည်၊ စစ်အာဏာရှင်ဘက်က အားက ပိုနေ၍ လူထုဘက်က ခံနေရသည်သာဖြစ်ပါသည်။
ယနေ့ခေတ်တွင် စစ်အာဏာရှင်အစိုးရမဟုတ်တော့ပေမယ့်၊ လွတ်လပ်ပြီး တရားမျှတမှု မရှိသေးသည့် ဖွဲ့စည်းပုံနှင့်အတူ ရွေးကောက်ပွဲမှ အသွင်ပြောင်းလာသည့် စစ်ဦးစီး အစိုးရဖြစ်လာပေပြီ၊ ခေတ်နှင့်အညီ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ကို ထည့်သွင်းပြောဆိုရေးသားလာကြပြီလည်းဖြစ်သည်၊ တိုင်းပြည်၏ အရင်းအမြစ်နှင့် စီးပွါးရေးများကို အာဏာရှင်စနစ်ဖြင့် ရယူသိမ်းပိုက်ထားသော အရင်းအနှီးများဖြင့် ပုဂ္ဂလိကပိုင် စီးပွါးရေးလုပ်ငန်းများ အဖြစ်ပြောင်းလဲလုပ်ကိုင်ကြမည်၊
မည်သို့ဆိုစေ အဲဒီအစိုးရသစ်တွင်လည်း အား ရှိနေပါသည်၊ ငွေအား၊ လက်နက်အား၊ အတတ်ပညာအားအပြင် အပေါင်းအသင်း ဆက်ဆံရေးအားတို့ ရှိနေပါသည်၊ ဤအားတို့ဖြင့် လူ့အခွင့်အရေးကို အဟန့်အတား အနှောက်အယှက်ပြုနိုင်ပါသည်၊ ထိုနည်းတူ ယနေ့ပြည်သူလူထုဘက်တွင်လည်း လူထုအင်အား၊ အတတ်ပညာ အားအပြင် နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံရေး အားတို့ကိုလည်း ရရှိစပြုလာနေပါပြီ၊
လူ့အခွင့်အရေးအပြည့်အဝရရှိရေးကို လိုလားသည့် လူထုတွင် နဂိုလ်ရှိရင်းစွဲ လူထုအား၊ အတတ်ပညာအားဖြင့် လုံလောက်မှုမရှိကြောင်းကိုလည်း သမိုင်းမှ သင်္ခန်းစာများ ရရှိနိုင်ခဲ့ပါပြီ၊ ဒါကြောင့် နိုင်ငံတကာနှင့် ဆက်ဆံရေး အင်အားကို ခိုင်မာတောင့်တင်းရန် အရေးပါကြောင်း သတိပြုရမည့် အချိန်လည်း ဖြစ်နေပါတော့သည်။
နျူတန်သည် ကမ္ဘာ့ဆွဲအားကို ကောင်းစွာ အသုံးပြုနိုင်သကဲ့သို့၊ ဂျိမ်းဝပ်သည်လည်း ရေနွေးငွေ့အားကို အသုံးပြုနိုင်ခဲ့ပြီး ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲစေသကဲ့သို့ ယနေ့ ကာယ၊ ဥာဏ၊ ဝီရိယအားများနှင့် လူ့အခွင့်အရေးကို ဦးဆောင်သူများသည် လူထုအား အတတ်ပညာအားအပြင် ပေါင်းသင်းဆက်ဆံရေးအားကို ကောင်းမွန်စွာ အသုံးပြုရန်သာ ဖြစ်ပါသည်။
--ဦးဖိုးသာအောင် -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
0 comments:
Post a Comment