မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၂)
by cherrymyodaw on Saturday, January 7, 2012 at 6:39am
မြန်မာ့နိုင်ငံရေးအတွေးအခေါ် အပိုင်း(၂)မှာ အစိုးရမင်းနဲ့ပက်သက်တဲ့
မြန်မာ့ရိုးရာအယူအဆကိုတင်ပြပါမယ်။ မြန်မာပြည်ကို အင်္ဂလိပ်အုပ်ချုပ်တဲ့
ရည်ရွယ်ချက်က စီးပွားရေးအမြတ်ထုတ်ဖို့သာဖြစ်တဲ့အတွက် အင်္ဂလိပ်ကိုလိုနီ
အစိုးရဟာ ပြည်သူပြည်သားနဲ့ ရင်းရင်းနှီးနှီးဆက်ဆံဖို့ စိတ်မကူးပါဘူး။
မြန်မာပြည်ထဲမှာ အခွင့်ထူးခ့သီးခြားကမ္ဘာလေးတည်ဆောက်ပြီး
အုပ်ချုပ်သူလူတန်းစားအဖြစ် တသီးတခြားနေထိုင်ကြပါတယ်။
ဒါကြောင့်မို့ အောက်မြန်မာပြည်မှာ အနှစ်တစ်ရာကျော်၊ အထက်မြန်မာပြည်မှာ
အနှစ် (၆၀)ကျော်အင်္ဂလိပ်က အုပ်ချုပ်ခဲ့ပေမယ့် မင်းနဲ့ပတ်သက်လာရင်
အင်္ဂလိပ်အယူအဆ အမြစ်မတွယ်ဘဲ မြန်မာ့ရှေးဟောင်း အယူအဆကသာ
ဆက်လက်ရှင်သန်နေတာ တွေ့ရပါတယ်။ ပုဂံခေတ်ကစပြီး ကုန်းဘောင်မင်းဆက်
နိဂုံးချုပ်တဲ့အထိ နှစ်ပေါင်း ၈၀၀ ကျော်အတွင်း ပုံသွင်းခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးအတွေး
အခေါ်ကသာ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးခေတ်မှာ ဆက်လက်ရှင်
သန်နေတယ်လို့ ဆိုပါတယ်။
မြန်မာဘုရင်စနစ်ရဲ့ အသွင်လက္ခဏာသုံးရပ်ကို ဆရာမောင်မောင်ကြီးက ဖော်ပြပါတယ်။
ဘုရင်ကို အထွတ်အထိပ် အမွန်အမြတ်ထားပြီး ကိုးကွယ်စောင့်ရှောက်တာဟာ
ပထမအသွင်လက္ခဏာပါ။ ဒုတိယက ဘုရင့်အာဏာမှာ အကန့်အသတ်မရှိဘူးလို့ ယုံကြည်တာ
ဖြစ်ပါတယ်။ တတိယကတော့ ဘုရင့်တာဝန်ကို ခွဲခြားသတ်မှတ်တာမျိုး
မရှိဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမှာ ဘုရင်ဟာ
အမြင့်ဆုံးအာဏာပိုင် ဖြစ်နေတာပဲ ဖြစ်ပါတယ်တဲ့။ မြန်မာမင်းအုပ်ချုပ်
ရေးယန္တရားဟာ ဘုရင်ကိုဗဟိုပြုပြီးလည်ပတ်နေတာမို့ ဘုရင်မရှိရင်
အုပ်ချုပ်လို့ မရတဲ့စနစ်ဖြစ်နေပါတယ်။ ဘုရင်အဓိက အုပ်ချုပ်ရေးပါပဲ။
ဘုရင်ဟာ မဟာသမ္မတမင်းက ဆင်းသက်လာတာဖြစ်လို့
အလွန်တရာ မြင့်မြတ်တဲ့မျိုးနွယ်အဖြစ် ယုံကြည်ထားကြပါတယ်။
ဒါကြောင့်လည်း ဘုရင့်မျိုးနွယ်နဲ့ မင်းမှုထမ်းတွေရဲ့ ၀တ်စားဆင်ယင်မှုဟာ
သာမန်ပြည်သူနဲ့မတူ တစ်မူထူးခြားနေတာဖြစ်ပါတယ်။ ဘုရင်မင်းမြတ်
ကြီးကျယ်ခမ်းနားပုံနဲ့ တန်ဖိုးသြဇာကြီးမားပုံတွေကို ဘုန်းကြီးကျောင်းပညာရေး
သင်ရိုးစာအုပ်တွေဖြစ်တဲ့ လောကနီတိဆယ်စောင်တွဲ၊ လောကသာရဆုံးမစာ
စတာတွေမှာတွေ့နိုင်ပါတယ်။ ဥပမာလောကသာရဆုံးမစာမှာဆိုရင်
ရှင်ဘုရင်ရဲ့ ဂုဏ်ကျက်သရေကြီးမားပုံကို အမြင့်ဆုံးနာမ၀ိသေသနအမျိုးပေါင်း
၂၀ နဲ့ ဖော်ပြထားပါတယ်တဲ့။ ရှင်ဘုရင်ကြီးစိုးတဲ့ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံသားတွေပါဝင်ဖို့
နေရာမရှိသလောက်ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံသမိုင်းဆိုတာ ဘုရင်
နဲ့ ဘုရင့်လုပ်ဆောင်ချက်ကို မှတ်တမ်းတင်တဲ့ ရာဇ၀င်သာဖြစ်နေပါတယ်။
မြန်မာဘုရင်ရဲ့ ဘုန်းတော်ဘွဲ့ကို အမျိုးမျိုးချီးမွမ်း ဂုဏ်ပြုမြှောက်ပင့်ရေးသားထားတွေကို
ခေတ်သစ်အမြင်နဲ့ ကြည့်မယ်ဆိုရင်ကလေးကလားဖြစ်နေပေမယ့်
ရှေးမြန်မာတွေကတော့ မြှောက်ပင့်တင်စား ရေးသားထားတဲ့
ဘုန်းတော်ဘွဲ့တွေကို အမှန်တကယ်အဖြစ် ယုံကြည်ကြပါတယ်။
ဘုရင့်စကားကို လေလုံးထွားတာလို့ ရှေးမြန်မာတွေက မယူဆကြပါဘူး။
ရှေးဟောင်းဒဏ္ဍာရီလာ ဘုရင့်ဘုန်းတော်ဘွဲ့ဟာ အမှန်တကယ်မဟုတ်ကြောင်း
ဘယ်သူမှ မပြောရဲပါဘူး။ ဒီလိုနဲ့ မြန်မာမင်းနဲ့ မြန်မာပြည်သားတွေဟာ
ဝါးလုံးခေါင်းထဲလသာပြီး အပြင်လောကမှာ ဘာဖြစ်နေမှန်း မသိကြတာများပါတယ်။
အပြင်လောကနဲ့ အဆက်အသွယ်နည်းတာကြောင့် ပြည်သူလူထုကို အစိုးရမင်းက
အယုံသွင်းနိုင်တာဖြစ်ပုံရပါတယ်။ ရှင်ဘုရင်ရဲ့ ကြီးကျယ်မြင့်မြတ်ပုံကိုသာ
အဓိကဦးစားပေးပြီး ပြည်သူလူထုရဲ့ အခန်းကဏ္ဍကို မှေးမှိန်
သေးသိမ်အောင် လုပ်ထားတဲ့အတွက် တိုင်းသူပြည်သားဟာ
ကျေးတော်မျိုးကျွန်တော်မျိုးအဆင့်ကို ရောက်သွားပါတော့တယ်။ ရွာသူကြီး-
ဦးအောင်ဇေယျ ဘုရင်အဖြစ်ခံယူတဲ့အခါမှာ “အလောင်းဘုရား” ဆိုတဲ့
အမည်ကို ယူလိုက်တဲ့အတွက် ဘုရားအလောင်းသဘောမျိုး ဖြစ်သွား
ပါတယ်။ ဒါဟာမင်းနဲ့ မင်းမှုထမ်းကို အများက ရိုသေလေးစားအောင်
တမင်လုပ်ယူထားတာဖြစ်ပါတယ်။
မြန်မာဘုရင်ဟာ “အောတားခရက်” Autocrat (ခေါ်) သက်ဦးဆံပိုင်အာဏာရှင်မင်းပါ။
အကြွင်းမဲ့ အာဏာရှင်ဖြစ်ပြီး ကျေးတော်မျိုး ကျွန်တော်မျိုးအားလုံးရဲ့
အသက်အိုးအိမ်စည်းစိမ်ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။
ဘုရင့်စိတ်ဆန္ဒ တရားဥပဒေဖြစ်နေတဲ့အတွက်တိုင်းပြည်နဲ့ လူထုဟာ
ဘုရင်လုပ်သမျှ ခံကြရပါတယ်။ ရာထူးနဲ့ဘွဲ့အပ်နှင်းမှု၊ ရာထူးဖြုတ်မှု၊
ဘွဲ့ရုပ်သိမ်းမှု၊ ဂုဏ်ပြုချီးကျူးမှုစတာတွေကို ဘုရင်ကသာလုပ်နိုင်ပါတယ်။
ဒါကြောင့် မိမိအသိတရားကြောင့် ချင့်ချိန်ရတာမျိုးနဲ့ တော်လှန်ပုန်ကန်မှာစိုးရိမ်လို့
ဆင်ခြင်ရတာမျိုးကလွဲပြီး ဘုရင့်အာဏာမှာ အကန့်အသတ် အထိန်းအချုပ်မရှိ
ပါဘူး။
မင်းကျင့်တရား ၁၀ ပါးနဲ့ အခြားစည်းမျဉ်းဥပဒေတွေရှိပေမယ့် ဘုရင်က
မလိုက်နာရင် ဘာမှမတတ်နိုင်ပါဘူး။ မိမိအာဏာချုပ်ချယ်ကန့်သတ်ခံရမယ့်ကိစ္စကို
ဗမာဘုရင်က လက်မခံနိုင်ပါဘူး။ ဒါကြောင့် အစိုးရကောင်း၊ မကောင်းဆိုတာ
ဘုရင်လုပ်သူရဲ့ ပညာဥာဏ်အမြော်အမြင်နဲ့ ကိုယ်ကျင့်တရားပေါ်မှာ မူတည်ပါတယ်။
ဘုရင်စိတ်ဆိုးရင် ၀န်ကြီးဝန်ထောက်စတဲ့ အမှုထမ်းတွေ အချိန်မရွေးဒုက္ခရောက်သွားနိုင်ပါတယ်။
ဘုရင်လုပ်သူက မကျေမနပ်ဖြစ်နေတာကို သိတဲ့ပုဂ်္ဂိုလ်ဟာ ထွက်ပြေးရင်ပြေး-မပြေးချင်ရင်
တော်လှန်ပုန်ကန်ဖို့ပဲရှိပါတော့တယ်။ ဒီလိုမှ မလုပ်ရင် ဘုရင်လုပ်သမျှ
လှိမ့်ခံဖို့ပဲ ရှိပါတယ်။ ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ
ဖြစ်ပွားနေချိန်မှာ ညီတော် “မင်းတုန်းမင်းသား”က စစ်ရပ်စဲလိုတဲ့
အတွက် ပုဂံမင်းက မကျေမနပ်ဖြစ်နေပါတယ်။ “မင်းတုန်းမင်းသား”
ဟာ ပုဂံမင်းကို တော်လှန်ရင်လှန်၊ မတော်လှန်ရင် အသတ်ခံရဖွယ်
ရှိပါတယ်။ ဒီလိုအခြေအနေကို ရောက်လာတဲ့အတွက် နောက်ဆုံးမှာ
ရှေးထုံးအတိုင်း ပုဂံမင်းကို တော်လှန်ပုန်ကန်ပြီး ထီးနန်းကိုသိမ်းပိုက်
လိုက်ရပါတယ်။
၁၆ ရာစု အင်းဝမင်း သိုဟန်ဘွားက ဘုရားဌာပနာဖောက်ပြီး
ဘုန်းကြီးတွေကိုသတ်လို့ ဗမာတွေက ပုန်ကန်တာမျိုး ရှိခဲ့ဖူးပေမယ့်
များသောအားဖြင့်ကတော့ ဘုရင်ဟာ ဘုန်းကြီးကို မရိုမသေ မလေးမစားမလုပ်တဲ့အတွက်
ဘုန်းကြီးအနေနဲ့ အထိုက်အလျောက် ပြောရေးဆိုခွင့်ရှိပါတယ်။
ဘုန်းကြီးက ကြားဝင်ဆောင်ရွက်ပေးတဲ့အတွက်အသိမ်းခံရတဲ့
လယ်မြေပြန်ရတာမျိုးရှိသလို သေဒဏ်ကျခံပြီးမှလွတ်မြောက်သွားသူတွေလည်း ရှိပါတယ်။
ဘုန်းကြီးက ပြစ်မှုကျူးလွန်ပြီဆိုရင် ကျူးလွန်တဲ့ဘုန်းကြီးကို ၀ါရင့်သံဃာ့အဖွဲ့က အရင်ဆုံး
စစ်ဆေးရပါတယ်။ အပြစ်ရှိကြောင်းတွေ့ရှိရတဲ့အခါမှာ သင်္ကန်းချွတ်
ပြီး အစိုးရအာဏာပိုင်လက်ကို လွှဲပေးလိုက်ပါတယ်။
ဘုရားတည်၊ ကျောင်းဆောက်၊ ရေကန်တူး၊ တူးမြောင်းဖောက်၊
မြို့သစ်တည်ဆောက် စတဲ့ကိစ္စတွေကို ဘာသာရေးအမြင်နဲ့ လုပ်တာဖြစ်ပါတယ်။
သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဗမာမင်းက ယူဆတဲ့အတွက်
သံဃာတွေကို ဖိနှိပ်တာမျိုး မလုပ်ကြပါဘူး။ ဒါပေမဲ့ “ရာဇတောဝါ” မင်းဆိုးမင်းညစ်
အန္တရာယ်ကာကွယ်ပေးဖို့ ပရိတ်ကြီးပါဠိတော်မှာ သမ္မာဒေ၀-နတ်ကောင်းနတ်မြတ်တွေကို
ဆုတောင်းတာကိုကြည့်ရင် မင်းဆိုးမင်းညစ်ကို သံဃာတော်တွေ
လက်မခံနိုင်တာ ထင်ရှားပါတယ်။ ဗမာမင်းအုပ်ချုပ်ပုံအကြောင်း
ရှေ့အပတ်မှာ ဆက်လက်တင်ပြပါမယ်။
(ဒေါက်တာမောင်မောင်ကြီး)
0 comments:
Post a Comment