ဆိုင်ကယ်နှင့် မြို့ကြီးသား
by Wai Maw on Wednesday, January 11, 2012 at 8:52pm
သန်းထန်း - tgkn--၁၁-၁၀-၂၀၁၂
ကျွန်တော်ကတော့ ရန်ကုန်မြို့ကြီးသား စစ်စစ်ပါ ။ အခြားနိုင်ငံရဲ့ မြို့တော်သားတွေလိုမြို့တော် သား တယောက်ရဲ့ အခွင့်အရေးကို တော့ရချင်ပါတယ်၊
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်မြို့မှာက စည်ပင်သာယာရေး နယ်နမိတ် အတွင်းမှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပိတ်ပင် ထားတဲ့ အတွက် ကျွန်တော် တို့အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင်ကို taxi သို့မဟုတ် bus စီးပြီးသွား နေရပြီး အိမ်နဲ့ အနီးနားကို သွားလာဖို့ကျ တော့ စက်ဘီးကို အားကိုး နေရ ပါတယ်၊
ကျွန်တော်မန္တလေး၊ နေပြည်တော် အပါအ၀င်မြိုအတော်များများကို ရောက်သွားတိုင်း ဆိုင်ကယ်ကို အရူးအမူး စီးဖြစ်ပါတယ်။
နယ်ခံတွေကတော့ သနားစရာ မြို့ကြီးသားတယောက် အဖြစ်ကျွန်တော့ကိုရှုမြင်ကြပါတယ်၊
အခုလည်းလာပြန်ပြီ လျှပ်စစ်စက်ဘီးတဲ့ တစ်နာရီကို မိုင်၂၀ နှုံးလောက် သွားပြီး ၄နာရီ BATTERY CHARGING လုပ်ရင် မိုင်၅၀ လောက် သွားတယ်။
၂နှစ်အာမခံပေး တယ် ။ ရန်ကုန်စီးဖို့ ခြေနင်းပါရင် လိုင်စင် လုပ်စရာမလိုဘူး။
အဲဒီဘီးကတော့ နှစ်သိန်းခွဲကနေ ငါးသိန်းဝန်း ကျင်ထိရှိပြီး၊ ခြေနင်းမပါတဲ့ ဘီးကတော့ ရန်ကုန်မှာ စီးလို့ရအောင် လိုင်စင်လုပ်ပေးမယ် ။
အဲဒီဘီးတွေက တော့ ခြောက်သိန်းကနေ ကိုးသိန်းအထိ အစားစားရှိပါတယ်။
ငွေမပါရင်လဲယူသွားပါ ။ကျွန်တော်တို့အိမ် လိုက်ပြီးတော့ ငွေသိမ်းပေးပါ့မယ်၊ ဆိုတဲ့ စော်ဘွားကြီး ကုန်းက အရောင်း ၀န်ထမ်းလေးရဲ့ စကားဟာနား ထောင်လို့ ကောင်းပေမဲ့ ၀ယ်လဲဝယ်ချင်၊ စီးလဲစီးချင်ပေါ့၊
သူများတွေလဲလမ်းတွေပေါ်မှာဗြောင်စီးနေကြ တာပဲလေ၊
နေ့တိုင်ထွက်သမျှ ဂျာနယ်တွေမှာ ဒီကိစ္စကို နိုင်ငံတော်က ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲလို့ လေ့လာနေခဲ့ရာက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထွက်ရှိတဲ့ popular news ဂျာနယ်မှာ လျှပ်စစ် စက်ဘီးများအား က-ည- နမှ တရားဝင်ခွင့် ပြုထားခြင်း မရှိဟုဆို ဆိုတဲ့ခေါင်းစဉ်နဲ့ - လျှပ်စစ်စက်ဘီး များသည် က-ည-န ၏မှတ်ပုံတင် ဥပဒေအရ တရားဝင်ခွင့်ပြု ထားခြင်း မရှိကြောင်း
ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး မှပြောသည်လို့ သတင်း ရေးထားတာ တွေ့ရပြီး၊ ဒီဇင်ဘာ ၈ရက်နေ့ ထုတ် 7 day ဂျာနယ်မှာက လျှပ်စစ်စက် ဘီးများကို စက်တပ်ယာဉ် အဖြစ် မှတ်ပုံတင်စေမည် ဆိုတဲ့ခေါင်းစဉ်နဲ့ ကြိုးမဲ့ ကြေနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတဦးက ရန်ကုန်နယ်နမိတ်အတွင်း စီးနင်းနေသော လျှပ်စစ် စက်ဘီးများကို စက်တပ်ယာဉ် အဖြစ် မှတ်ပုံတင်ရန် စီစဉ်နေကြောင်း
ဆိုပြီး သတင်းရေး လာတော့ ကျွန်တော်တို့ ရန်ကုန်သားတွေ အတွက် မျှော်လင့်ရောင် ခြည်လေးသန်း လာတာပေါ့၊
ဟော နောက်ဆုံးတော့ ဒီဇင်ဘာ ၁၅ရက်နေ့ထုတ် ရန်ကုန်တိုင်း ဂျာနယ်မှာက လျှပ်စစ်စက်ဘီး များလည်း လိုင်စင် လုပ်ရမည် ဆိုတဲ့ ခေါင်းစဉ်နဲ့ က-ည-န ညွှန်မှုး ဦးတင်မောင်ဆွေက လျှပ်စစ် ဘီးများကို နေပြည်တော်နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နမိတ်မှ အပကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူလိုင်စင် ယာဉ်လိုင်စင်ပြုလုပ်ပြီး စီးနင်းခွင့် ပေးလိုက်တော့ ကျွန်တော်တို့ ရန်ကုန်မြို့ကြီး သားတွေ အတွက် မျှော်လင့်ချက် တွေက အိပ်မက်သဖွယ် ပျောက်ကွယ် သွားခဲ့ ရတယ်၊
အရောင်းဆိုင် တွေက စီးခွင့်ရှိတယ် ဆိုလို့ ၀ယ်စီးခဲ့ကြတဲ့ မြို့ကြီးသားတွေလည်း လင်သူခိုးကို ရပ်ကွက်က ၀ိုင်းရိုက်လို့ သေရတဲ့အဖြစ်ကို ကြည့်ပြီး အော်မငိုရဲတဲ့ မယား တယောက်လို၊ ၀ယ်ခဲ့တဲ့ ဘီးလေးကို အိမ်ထဲမှာ သိမ်းပြီး အလှကြည့်ရုံ သက်သက်ဘဲ နေရတော့တယ်။
အမှန်ကတော့ ဆိုင်ကယ်ကို စီးမဲ့ကမ်းမဲ့ စီးရင် အန္တရာယ်များမှန်း သိကြပါတယ်၊
လူဆိုရင်လဲ သက်ဆိုင် ရာကထုတ်ပြန်ထားတဲ့ ယာဉ်စီးကမ်း လမ်းစီး ကမ်းတွေကို လေ့လာသင်ယူပြီး သူတွေကို ယာဉ်မောင်းလိုင်စင် ထုတ် ပေးပြီး စီးနင်းသည့် ယာဉ်ကိုလဲ နိုင်ငံတော်အတွက် ကျသင့်တဲ့ အခွန်အခ ကျေလည်အောင် ပေးဆောင်ပြီးတဲ့ ယာဉ် ကိုနံပါတ်ပြား ထုတ်ပေးပြီး လိုင်စင်ပြုလုပ်စေတာဟာ သဘာကျလှပါတယ်၊
ဒါပေမဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကြီး သားတွေကျမှ ဒီအခွင့်အရေးကို ဆုံးရှုံးရတာဟာ မြို့ကြီးသားဖြစ်ရကျိုး မနပ်လွန်းလို့ ယူကြုံးမရ ခံစားရပါတယ်။
ကျွန်တော်ဆိုရင် လုပ်ငန်းခွင်ရှိတဲ့ နေရာကို နေ့စဉ်သွားဖို့က လိုင်းကား စီးမယ်ဆိုရင် အသွား တစ်နာရီခွဲ အပြန် တစ်နာရီခွဲ အချိန်ပေးရပါတယ်၊
တနေ့ကို ၃နာရီကလိုင်း ကားပေါ်မှာဘဲအချိန်ကုန်ရတယ် ။
အလုပ်အရေးကြီးရင် Taxi ငှားစီးရတယ် အသွား ၆၀၀၀ အပြန် ၆၀၀၀ ကုန်ကျတယ်။
အဲဒီတော့ ကျွန်တော့ မိသားစုဝင်ငွေကို Taxi ဆရာရဲ့ မိသားစုဝင်ငွေ အဖြစ် တစ်လကို ၁၅ ရက်လောက် လွှဲပြောင်း ပေးနေရတယ်၊
အဲဒီတော့ကျွန်တော်တို့လို ကားဝယ် မစီးနိုင်တဲ့ မြို့ကြီးသား အသေးစား လုပ်ငန်းရှင်တွေ အတွက် အချိန်ကုန်၊ ငွေကုန်သက် သာစေဘို့ ဆိုင်ကယ် သို့မဟုတ် လျှပ်စစ်စက်ဘီး ကို ရန်ကုန်စည်ပင် သာယာရေး နယ်နမိတ် အတွင်းမှာ စည်းမျဉ်းစည်းကမ်း တွေနဲ့ အညီ စီးနင်း ခွင့်ပေးဖို့ နိုင်ငံတော်အစိုးရ အနေနဲ့ပြည်သူ့ အသံကြားရအောင် စတုတ္ထ မန္တိုင်မှတဆင့် အသံသေးသေး လေးဖြင့် ရေးသားဖေါ်ပြ လိုက်ရပါသည်။
သန်းထန်း-tgkn-
ကျွန်တော်ဒီဆောင်းပါးကို ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်ကို ပို့ထားတာ ၅ ပါတ်ကြာ သွားပါပြီ။ ဖေါ်ပြခွင့်မရလို့ ဟစ်တိုင်မှဆင့် ဖေါ်ပြနိုင်ပါရန် ပေးပို့ လိုက်ရခြင်းပါတယ်။
-၁၁-၁၀ -၂၀၁၂
-------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:
Post a Comment